တိုက်ခန်းနှင့် မြေကွက်ရရှိရန် ရန်ကုန်တိုင်းအစိုးရရုံးတွင် ပင်စင်စားများ တိုးဝှေ့နေ

တိုက်ခန်းနှင့် မြေကွက်ရရှိရန် ရန်ကုန်တိုင်းအစိုးရရုံးတွင် ပင်စင်စားများ တိုးဝှေ့နေ
photo - Mizzima

ဒီဇင်ဘာ ၂၂ ။          ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဂိတ်အမှတ် (၄) အတွင်းနှင့် အပြင်၌ ယနေ့ နံနက်ပိုင်းမှ စတင် ကာ တိုက်ခန်းနှင့် မြေကွက်ရရှိရန် လာရောက်လျှောက်ထားသူ ပင်စင်စား ငါးရာဦးကျော် တိုးဝှေ့ စီတန်းလျှက်ရှိနေသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးက တိုက်ခန်းနှင့် မြေကွက်လျှောက်ရမည့် လျှောက်လွှာတစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးပြီး၊ လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတင် ရမည့်နေရာတွင် တိုးဝှေ့စီတန်းနေကြခြင်းဖြစ်သည်။

လုပ်သက်ပြည့်ပင်စင်စား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးပြည့်စုံက ''ဦးတို့ဒီနေ့ အင်တာနက်မှာ တွေ့လို့လာလျှောက်တာ၊ ဒီနေ့နောက်ဆုံးလျှောက်လွှာတင်ရမယ်ပြောတယ်။ ဘယ်သူကပေးတာလဲ မသိဘူး။ ဘယ်မှာနေရာချထားပေးမလဲမသိဘူး။ မြေကွက်လိုချင်လို့လာလျှောက်ရတာပါ'' ဟု လျှောက်လွှာပုံစံဖြည့်စွပ်နေရင်းမှ မဇ္ဈိမသို့ ပြောသည်။

အငြိမ်းစားဆရာမတစ်ဦးကလည်း ယခုကဲ့သို့ တိုက်ခန်း၊ မြေကွက်ပေးသည်ကို ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်း၊ မိမိအလုပ်လုပ်ခဲ့သည့်ဌာနမှတဆင့်သော်လည်းကောင်း ပင်စင်ရုံးမှတဆင့်သော်လည်းကောင်း အသိပေးခဲ့လျှင် ယခုလို တိုးဝှေ့နေစရာလိုမည်မဟုတ်ဟု ဆိုသည်။

တိုက်ခန်းလျှောက်လွှာပုံစံတွင် ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာဟု ရေးထားပြီး မြေကွက်လျှောက်လွှာ ပုံစံတွင် မည်သည့်နေရာ၌ ချထားပေးမည်ကို မရေးထားပေ။

တပ်မတော် (ရေ) မှ တပ်ကြပ်ရာထူးဖြင့် ပင်စင်ယူခဲ့သည့် အမျိုးသားကြီးတစ်ဦးက ''မြေကွက်က ဒဂုံ အရှေ့ပိုင်းမှာ ပေးမယ်ကြားတယ်။ ကုမ္ပဏီက ပေးမှာလား၊ နိုင်ငံတော်က ပေးမှာလားတော့မသိဘူး။'' ဟု ပြောကြားသည်။

တိုက်ခန်းနှင့် မြေကွက် လျှောက်ထားသူသည် ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ပင်စင်စာအုပ်( E Card )၊ အငြိမ်းစားခွင့်ပြုမိန့် ရေး ၄၆ (တပ်ထွက်စာအုပ်) တို့ယူဆောင်လာရမည်ဖြစ်သည်။

တိုက်ခန်းနှင့် မြေကွက်ချထားပေးမှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပေးခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၂) ရက်မှာ နောက်ဆုံးရက်ဖြစ်သော်လည်း မည်သည့်နေ့က စတင်ကြေညာခဲ့သည်ကို မသိကြောင်း တန်းစီနေသည့် လူအုပ်ကြီးအား ထိန်းသိမ်းပေးနေသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ဂိတ်အမှတ်(၄) တွင်တာဝန်ကျသည့် ရဲဝန်ထမ်းတစ်ဦးကမှု ''လျှောက်လွှာ ပုံစံ လာတင်နေကြတာတော့ တစ်လလောက်ရှိပြီ၊ လူတွေမသိကြလို့ဖြစ်မယ်။ ဒီနေ့နောက်ဆုံးနေ့ ဆိုတော့ လူအုပ်ကြီးက ဒီလောက်များသွားတာ'' ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly