တရုတ်က ကြွေးမြီများကို လျှော်ပေးလာသောကြောင့် ဇင်ဘာဘွေက ယွမ်ငွေကြေးသုံးစွဲမှုနယ်ပယ်ကို ချဲ့ထွင်

တရုတ်က ကြွေးမြီများကို လျှော်ပေးလာသောကြောင့် ဇင်ဘာဘွေက ယွမ်ငွေကြေးသုံးစွဲမှုနယ်ပယ်ကို ချဲ့ထွင်

ဟားရဲ၊ ဒီဇင်ဘာ - ၂၂ ။     ။ အာဖရိကတောင်ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် ဇင်ဘာဘွေက ၎င်း၏ ငွေကြေးစုံစီးပွားရေးစနစ်အတွင်း ယွမ်ငွေအသုံးပြုမှုကို ချဲ့ထွင်ရန် ကြိုးစားနေသောကြောင့် တရုတ်က ကြွေးမြီ ကန်ဒေါ်လာ သန်း၄၀ကို လျှော်ပေးရန် စီစဉ်နေသည်ဟု ဇင်ဘာဘွေက ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

‘သူတို့ (တရုတ်)က ကျနော်တို့အပေါ် တင်ရှိနေတဲ့ ကြွေးမြီတွေကို လျှော်ပစ်နေတာကြောင့် ကျနော်တို့က ကြွေးတွေကို တွက်စစ်နေရပါတယ်’ဟု ဝန်ကြီး ပက်ထရစ် ချီနာမာဆာက ကြေညာချက် တစ်ခုတွင် ပြောကြားခဲ့သည်။

ဇင်ဘာဘွေက ပေကျင်းနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ကြိုးစားနေသောကြောင့် တရုတ်ယွမ်ကို လည်ပတ်ငွေကြေးအဖြစ် တရားဝင်သတ်မှတ်တော့မည် ဖြစ်ကြောင်းလည်း ချီနာမာဆာက ကြေညာခဲ့သည်။

၂၀၀၉ခုနှစ်တွင် အမြင့်ဆုံး ရာခိုင်နှုန်း ၅၀၀ဘီလျံအထိ အဖောင်းပွလွန်ပြီး သုံးမဖြစ်တော့သောကြောင့် ဇင်ဘာဘွေက ၎င်း၏ ကိုယ်ပိုင်ငွေကြေးကို ကျောခိုင်းခဲ့ရသည်။ ထို့နောက်တွင် အမေရိကန်ဒေါ်လာနှင့် တောင်အာဖရိက ရန်းအပါအဝင် နိုင်ငံတကာ ငွေကြေး အစုံ အသုံးပြုလာနေခဲ့သည်။

ထိုနိုင်ငံခြားငွေကြေးစုံ စီးပွားရေးစနစ်ထဲသို့ ယွမ်က နောက်ပိုင်းတွင် ဝင်ရောက်လာခဲ့သော်လည်း အမေရိကန်ဒေါ်လာက လွှမ်းမိုးထားသည့် ပြည်သူလူထုများ၏ အရောင်းအဝယ်များတွင်မူ ယွမ်ငွေကို တရားဝင် လက်ခံသုံးစွဲခြင်း မရှိသေးပေ။

ယွမ်ငွေကြေး သုံးစွဲမှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ဇင်ဘာဘွေ ဗဟိုဘဏ်အကြီးအကဲ ဂျွန် မန်ဂူဒယာက တရုတ် ပြည်သူ့ဘဏ်နှင့် စေ့စပ်ညှိနှိုင်းလျှက်ရှိသည်ဟု ချီနာမာဆာက ပြောကြားခဲ့သည်။    

ဆိုးရွားညံ့ဖျင်းလှသည့် လူ့အခွင့်အရေး အခြေအနေများကြောင့် အနောက်ကမ္ဘာမှ ကုန်သွယ်ဖက်များက ကျဉ်ပထားခဲ့ပြီးနောက်ပိုင်းတွင် တရုတ်မှာ ဇင်ဘာဘွေ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာခဲ့သည်။

အနောက်နိုင်ငံများ၏ ကျဉ်ထားမှုကို တုန့်ြုပန်သည့်အနေဖြင့် သက်တော်ရှည်သမ္မတကြီး ရောဘတ် မူဂါဘီက အရှေ့အာရှနိုင်ငံများနှင့် မဟာမိတ်ဖွဲ့သည့် အရှေ့မျှော်မူဝါဒကို ချမှတ်ကျင့်သုံးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly