ဘိုကိုဟာရမ်တို့၏ သောင်းကျန်းမှုကြောင့် ကလေးတစ်သန်းကျော် ကျောင်းမနေကြရဟု ယူနီဆက်ပြောကြား

ဘိုကိုဟာရမ်တို့၏ သောင်းကျန်းမှုကြောင့် ကလေးတစ်သန်းကျော် ကျောင်းမနေကြရဟု ယူနီဆက်ပြောကြား

လာဂို့စ်၊ ဒီဇင်ဘာ ၂၂ ။          ။ ဘိုကိုဟာရမ်စစ်သွေးကြွတို့၏ သောင်းကျန်းမှုကြောင့် ကလေးတစ်သန်းကျော်မှာ ကျောင်းပြင်ပသို့ ရောက်ခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ကလေးများအေဂျင်စီက ဒီဇင်ဘာ ၂၂ က ထုတ်ပြန်လိုက်ရာ ပညာရေးကင်းမဲ့မှုက နိုင်ဂျီးရီးယားနိုင်ငံနှင့် ယင်းနိုင်ငံပတ်ပတ်လည်တွင် အစွန်းရောက်ဝါဒကို နောက်ထပ်မီးထိုးပေးမည်ဆိုသည့် စိုးရိမ်မှုများ မြင့်မားလာခဲ့သည်။

ဘိုကိုဟာရမ်စစ်သွေးကြွများ၏ ဆူပူသောင်းကျန်းမှုကြောင့် နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ ချဒ်နှင့် နိုင်ဂျာနိုင်ငံများတစ်ဝန်း ကျောင်းပေါင်း ၂,၀၀၀ကျော်မှာ ပိတ်ထားရပြီး လွတ်လပ်သော အစ္စလာမ္မစ်နိုင်ငံတစ်ခု ထူထောင်ရန် တောင်းဆိုမှုဖြင့် အခြားကျောင်းရာပေါင်းများစွာလည်း တိုက်ခိုက်လုယက် သို့မဟုတ် မီးရှို့ခံရသည်ဟု ယူနီဆက်က ပြောသည်။ နိုင်ဂျီးရီးယားသမ္မတ မူဟမ္မက်ဘူဟာရီက ယခုလကုန်တွင် ဘိုကိုဟာရမ်တို့ကို အပြုတ်တိုက်ရန် ၎င်း၏ တပ်မှူးများကို အမိန့်ပေးထားသည်။ အကယ်၍ အောင်ပွဲရနိုင်လျင်လည်း ကျောင်းမနေခဲ့ရသည့် ကလေးများ၏ မျိုးဆက်မှစကာ လူမှုရေးကမောက်ကမတစ်ရပ်နှင့် ရင်ဆိုင်ရဦးမည်ဟု ကျွမ်းကျင်သူများက ပြောသည်။

"ကလေးတွေ ကျောင်းမနေရတဲ့ကာလ ကြာလေလေ သူတို့လေးတွေဟာ လက်နက်ကိုင်အုပ်စုတွေရဲ့ အလွဲသုံးစားလုပ်ခံရမှု၊ ပြန်ပေးဆွဲခံရမှုနဲ့ လူသစ်စုဆောင်းခံရမှု အန္တရာယ်တွေက မြင့်မားလေလေဖြစ် မှာပါ"ဟု အနောက်နှင့် ဗဟိုအာဖရိက၏ ဒေသဆိုင်ရာယူနီဆက်ဒါရိုက်တာ မန်နျူယယ်ဖောင်တိန်က ပြောသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁၄က ဘိုကိုဟာရမ်တိုက်ခိုက်ရေးသမားများသည် ဝေးလံခေါင်သီသော နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ချီဘော့မြို့ရှိ စာသင်ကျောင်းတစ်ခုကို ဝင်စီးကာ မိန်းကလေး ၂၇၆ ဦးကို ခေါ်ဆောင်သွားခဲ့ရာ တစ်ကမ္ဘာလုံးကို ထိတ်လန့်စေခဲ့သည်။

၂၀၀၉ ခုနှစ်တွင် နိုင်ဂျီးရီးယားအစိုးရကို စတင်စစ်ဆင်နွှဲခဲ့သော ဘိုကိုဟာရမ်တို့သည် စာသင်ကျောင်းများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာများကို ပစ်မှတ်ထားနေသည်။ ဘိုကိုဟာရမ်၏ အဓိပ္ပါယ်မှာ အနောက်တိုင်းပညာရေးကို တားမြစ်သည်ဟု ဆိုလိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly