အိုင်အက်စ်တို့က အဝေးရောက်ခါလီဖိတ်နိုင်ငံ ထူထောင်ရန်အတွက် အင်ဒိုနီးရှားကို မျက်စိကျနေ

အိုင်အက်စ်တို့က အဝေးရောက်ခါလီဖိတ်နိုင်ငံ ထူထောင်ရန်အတွက် အင်ဒိုနီးရှားကို မျက်စိကျနေ

ဆစ်ဒနီ၊ ဒီဇင်ဘာ - ၂၂ ။              ။ ကမ္ဘာ့ မွတ်စလင်ဦးရေအများဆုံးနိုင်ငံတွင် အဝေးရောက်ခါလီဖိတ်နိုင်ငံ ဖန်တီးထူထောင်ရန် မျှော်လင့်ချက်ဖြင့် အိုင်အက်စ်အကြမ်းဖက်အုပ်စုက အင်ဒိုနီးရှားတွင် ၎င်းတို့၏ ခြေကုပ်ယူမှုကို ကျယ်ပြန့်လာရန် လုပ်ဆောင်နေကြောင်း သြစတြေးလျက ဒီဇင်ဘာ ၂၂ရက်နေ့တွင် သတိပေးခဲ့သည်။

တနင်္လာနေ့ တစ်နေ့လုံးကို အင်ဒိုနီးရှားနှင့် သြစတြေးလျ ဝန်ကြီး၊ ရဲချုပ်နှင့် လုံခြုံရေးအရာရှိများ၏ အစည်းအဝေးတွင် ကုန်ဆုံးခဲ့သည့် ရှေ့နေချုပ် ဂျော့ ဘရန်ဒစ်က အိုင်အက်စ်တို့၏ ဖြန့်ကျက်မှုက သြစတြေးလျနှင့် အနောက်ကမ္ဘာ၏ အကျိုးစီးပွားများအတွက်လည်း ခြိမ်းခြောက်မှုအန္တရာယ်တစ်ခု ဖြစ်လာနေကြောင်း ပြောကြားခဲ့သည်။

‘တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ အိုင်အက်စ်တွေက အင်ဒိုနီးရှားမှာ သူတို့ရဲ့ ခြေကုပ်နဲ့ လှုပ်ရှားမှုအဆင့်ကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်’ဟု ဘရန်ဒစ်က သြစတြေးလျ သတင်းစာကို ပြောကြားခဲ့သည်။

‘အဝေးရောက် ခါလီဖိတ်နိုင်ငံတော်ဆိုတဲ့ စကားလုံးကို ခင်ဗျားတို့ ကြားမိရဲ့လား။ အိုင်အက်စ်တွေက သူတို့ရဲ့ ခါလီဖိတ်နိုင်ငံတော်ကို အရှေ့အလယ်ပိုင်းကိုကျော်ပြီး ဖြန့်ကျက်လိုနေတယ်။ အင်ဒိုနီးရှုားကို သူတို့ ပစ်မှတ်ထားနေတယ်’ဟု ဘရန်ဒစ်က ပြောကြားခဲ့သည်။

ဆွန်နီအစ္စလာမ်ဘာသာ၏ အခြေခံသဘောတရားများကို နာခံကြသည့် အိုင်အက်စ်အကြမ်းဖက်သမားများက ၎င်းတို့ နယ်မြေအများအပြားကို သိမ်းပိုက်ထားရာ ဆီးရီးယားနှင့် အီရတ်ပြင်ပ နေရာအတော် များများကိုလည်း ခါလီဖိတ်နိုင်ငံတော်များအဖြစ် ကြေညာထားသည်။

တနင်္ဂနွေနေ့တွင် အဆုံးသတ်သွားခဲ့သည့် ၃ရက်တာ စီးနင်းမှုတွင်လည်း လူ ၉ဦးကို ပေါက်ကွဲပစ္စည်းများ၊ အိုင်အက်စ်ကို တုပထားသည့် အလံများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ အစွန်းရောက် ကများက ကုန်တိုက်များ၊ ရဲစခန်းများနှင့် နိုင်ငံအဝန်းရှိ လူနည်းစုအုပ်စုများကို ပစ်မှတ်ထားနေသည်ဟုလည်း အင်ဒိုနီးရှား ရဲချုပ်က ပြောကြားခဲ့သည်။

နိုင်ငံအဝန်းတွင် လုံခြုံရေးကို တိုးမြှင့်ထားပြီး ဆစ်ဒနီနှင့် ဂျကာတာတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံဆွေးနွေးပွဲများ၏ ရလဒ်အနေဖြင့် သြစတြေးလျနှင့် အင်ဒိုနီးရှားတို့က အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့မှုအပါအဝင် ထောက်လှမ်းရေး သတင်းအချက်အလက်များကို အပြန်အလှန် ဝေမျှရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

အိုင်အက်စ်တို့အနေဖြင့် အင်ဒိုနီးရှားတွင် ခါလီဖိတ်နိုင်ငံတော်တစ်ခု ဖန်တီးထူထောင်နိုင်သည့် အခွင့်အလမ်းနည်းပါးသည်ဟု သြစတြေးလျအာဏာပိုင်များက ယုံကြည်ထားသော်လည်း အကြမ်းဖက်အုပ်စုက ကျွန်းစုပေါ်တွင် အမြဲတမ်းခြေကုတ်ယူလာမည်ကိုမူ စိုးရိမ်လျှက်ရှိသည်ဟု သြစတြေးလျသတင်းစာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly