ပနားမားတရားရုံးက သမ္မတဟောင်းအား ဖမ်းဝရမ်းထုတ်

ပနားမားတရားရုံးက သမ္မတဟောင်းအား ဖမ်းဝရမ်းထုတ်

ပနားမားစီးတီး၊ ဒီဇင်ဘာ ၂၂ ။       ။ လူ ၁၅၀ ကျော်အား တရားမဝင် စောင့်ကြည့်ထောက်လှမ်းရန် အစိုးရငွေများကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း ရီကာဒိုမာတီနယ်လီအား ဖမ်းဆီးရန် ပနားမားတရားရုံးချုပ်က ဒီဇင်ဘာ ၂၁က အမိန့်ထုတ်ခဲ့သည်။

အမှုနှင့် ပတ်သက်၍ လေးနာရီကြာ စဉ်းစားသုံးသပ်ပြီးနောက် တရားသူကြီးများက နိုင်ငံအား ၂၀၀၉မှ ၂၀၁၄အထိ အုပ်ချုပ်ခဲ့သည့် သန်းပေါင်းများစွာချမ်းသာသည့် စူပါမားကက်သူဋ္ဌေးကြီးအား ယာယီ ထိန်းသိမ်းသည့် အမိန့်ပေးရန် မဲပေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မာတီနယ်လီသည် ဇန်နဝါရီလက ပနားမားမှ ထွက်ခွာခဲ့ပြီး မီယာမီတွင် နေထိုင်လျက်ရှိသည်ဟု ယုံကြည်ရသည်။ ၎င်းသည် ပြည်သူ့ဘဏ္ဍာငွေများ အလွဲသုံးစားလုပ်မှု၊ ဘဏ္ဍာရေးဆိုင်ရာပြစ်မှုများ၊ လာဘ်ယူမှုများနှင့် တရားမဝင်လွတ်ငြိမ်းချမ်းသာခွင့်များအပါအဝင် အမှုပေါင်း ဒါဇင်ဝက်နှင့် ရင်ဆိုင်နေရသည်။

ယခုအမှုတွင် အသက် ၆၃နှစ်အရွယ်ရှိ မာတီနယ်လီသည် ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်ရန်၊ ဖုန်းမက်ဆေ့ဂျ်များကို ဖတ်ရန်နှင့် တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ ရှေ့နေများ၊ ဆရာဝန်များနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများကို စောင့်ကြည့်ထောက်လှမ်းရန် အခွန်ထမ်းပြည်သူများ၏ငွေနှင့် အစိုးရဝန်ထမ်းများကို အသုံးပြုခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။

မာတီနယ်လီ၏ အကြီးအကဲဟောင်းနှစ်ဦးကိုလည်း ဖမ်းဆီးထားပြီး တရားခွင်တွင် စစ်ဆေးရန်ရှိနေသည်။ မာတီနယ်လီအား ထိန်းသိမ်းရေး မည်သို့လုပ်ဆောင်မည်နှင့် ပတ်သက်၍ တရားရုံးနှင့် ရှေ့နေ များက အသေးစိတ်မပြောကြားခဲ့ပေ။ ၎င်းအား ပနားမားတွင် မမြင်ရသည်မှာ လများစွာ ကြာမြင့်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly