တောင်တရုတ်ပင်လယ် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် စစ်အင်အား အခိုင်အခံ့တည်ဆောက်မည်ဟု ဖိလစ်ပိုင်သမ္မတ သံန္နိဌာန်ချ

တောင်တရုတ်ပင်လယ် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် စစ်အင်အား အခိုင်အခံ့တည်ဆောက်မည်ဟု ဖိလစ်ပိုင်သမ္မတ သံန္နိဌာန်ချ

မနီလာ၊ ဒီဇင်ဘာ ၂၂ ။               ။ တောင်တရုတ်ပင်လယ် ရေပြင်စိန်ခေါ်မှုများအား ထိပ်တိုက်ရင်ဆိုင်နိုင်သည့် ခိုင်မာတောင့်တင်းသော စွမ်းဆောင်ရည်မြင့် စစ်တပ်ကို လာမည့်နှစ် ရာထူးမှ ဆင်းရချိန်တွင် နိုင်ငံအတွက် ချန်ထားရစ်နိုင်အောင် သံန္နိဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတ အကွီနိုက ဒီဇင်ဘာ ၂၁ ရက်က ပြောလိုက်သည်။

တရုတ်၏ ရေပိုင်နက်ပြုမှုများ ရှိနေခြင်းကြောင့် နိုင်ငံ၏ စစ်တပ်အင်အား တောင့်တင်းရေးလ၂၀၁၇ ခုနှစ်အထိ ငါးနှစ်တာစီမံကိန်းဖြင့် ပီဆို ၈၃ ဒသမ ၀၀ ဘီလီယံ(ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံ) သုံးစွဲသွားရန် ဖွဲ့စည်းပုံဥပဒေအရ နောက်ထပ်သက်တမ်း ထပ်ပြိုင်ခွင့်မရှိတော့သည့် သမ္မတ အကွီနိုက ကတိကဝတ်ပြုထားသည်။

စစ်အသုံးစရိတ်အစီအစဉ်ကို ယခုနှစ်အတွင်းက အတည်ပြုခဲ့ပြီး လာမည့်လများတွင် စစ်အင်အားအတွက် ငွေကြေးအမြောက်အမြား သုံးစွဲသွားရတော့မည်ဖြစ်သည်။

"ဖရီးဂိတ်စစ်သင်္ဘောသစ်တွေ၊ ဗျူဟာမြောက်ပင်လယ်ဖျံသင်္ဘောတွေ၊ တာဝေးကင်းလှည့်ရေယာဉ်တွေနဲ့ လေကြောင်းကူလေယာဉ်တွေအပြင် အခြားစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်နေပါတယ်။" ဟု စစ်တပ် နှစ် ၈၀ ပြည့်မြောက်အခမ်းအနား၌ အကွီနိုက ပြောကြားသည်။

အကွီနိုက တောင်တရုတ်ပင်လယ် ရေပြင်ပိုင်ဆိုင်မှုအငြင်းပွားမှုအရေးကို တိတိကျကျ ထုတ်ဖော်ရည်ညွန်းမပြောသော်လည်း ယခုကဲ့သို့ စစ်အင်အား တိုးချဲ့တပ်ဆင်မှုက ဖိလစ်ပိုင်၏ ရေပိုင်နက်ကို ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုပင်ဖြစ်သည်။

"ကျွန်တော့် ကိုယ်ပိုင်အမြင်ကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းထားပြီး စစ်တပ်ကို ပိုပြီးခိုင်မာအားကောင်း စွမ်းဆောင်ရည်မြှင့်တင်သွားနိုင်ရေးပဲဖြစ်ပါတယ်။ ဒါက ဖိလစ်ပိုင်နိုင်ငံအတွက် ယုံကြည်ချက်ခိုင်မာစေမယ့် အဓိကအကြောင်းဖြစ်ပါတယ်။"ဟု အကွီနိုကပြောသည်။

ဗျူဟာမြောက်ပင်လယ်ဖျံသင်္ဘောကို အင်ဒိုနီးရှားသင်္ဘောကျင်းတွင် တည်ဆောက်နေပြီး လာမည့်နှစ်အတွင်း ဖိလစ်ပိုင်သို့ ရောက်ရှိမည်ဖြစ်ကာ အစ္စရေးလုပ် ရေဒါသင်္ဘောလည်း ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများကြောင့် ကာကွယ်ရေးစရိတ် တိုးမြင့်သုံးစွဲလာရသည့် အာရှ နိုင်ငံတစ်ချို့လိုပင် ဖိလစ်ပိုင်၏ စစ်တပ် အင်အားခိုင်မာပြီး စွမ်းရည်မြင့်မားရေးတွင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ကလည်း ကူညီပေးလျက်ရှိသည်ဟု အကွီနိုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly