ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြုအတင်းအဓမ္မစေခိုင်းမှု သတင်းများ ထွက်နေသော်လည်း ထိုင်းပင်လယ်စာ တင်ပို့မှုလုပ်ငန်း မထိခိုက်ဟု ဆို

ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြုအတင်းအဓမ္မစေခိုင်းမှု သတင်းများ ထွက်နေသော်လည်း ထိုင်းပင်လယ်စာ တင်ပို့မှုလုပ်ငန်း မထိခိုက်ဟု ဆို

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ။            ။ ငါးဖမ်းလုပ်ငန်းများတွင် ကျွန်ပြုကာ အတင်းအကျပ်စေခိုင်းခြင်းများရှိနေသည်ဟု တက်ကြွလှုပ်ရှားသူအဖွဲ့များနှင့် မီဒီယာများ၏ ပြောဆိုမှုများရှိနေသော်လည်း ထိုင်းနိုင်ငံ၏ အမေရိကန်၊ ဥရောပနှင့် သြစတြေးလျနိုင်ငံများသို့ ပင်လယ်စာတင်ပို့မှုများက ထိခိုက်ခြင်းမရှိကြောင်း ဆိုသည်။

ကမ္ဘာ့တတိယအကြီးဆုံး ပင်လယ်ထွက်ကုန်တင်ပို့သော ထိုင်းနိုင်ငံသည် တရားမဝင်ငါးဖမ်းခြင်းလုပ်ငန်းများ နှိမ်နှင်းရေးနှင့်ပတ်သက်ပြီး ဖိအားများ တိုးမြှင့် ပေးခံရခြင်း၊ နိုင်ငံ၏ ပင်လယ်စာထုတ်လုပ်မှု လုပ်ငန်း၌ ကျွန်ပြုအတင်းအဓမ္မစေခိုင်းမှုများရှိနေသည် ဆိုသော စွပ်စွဲချက်များကို စုံစမ်းဖော်ထုတ်ရန်နှင့် ပြည်ပသို့ ငါးတင်ပို့မှုတွင် ပိတ်ပင်မှုများ ရှိလာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မီဒီယာနှင့် တက်ကြွလှုပ်ရှားသည့် အဖွဲ့များ၏ စုံစမ်းဖော်ထုတ်မှုအရ ထိုင်းငါးဖမ်းလှေများတွင် လူမှောင်ခိုကူးမှု၊ အလွဲသုံးစားလုပ်မှုနှင့် ခေါင်းပုံဖြတ်မှုများ ရှိနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲခြင်း ကိုခံနေရသည်။

"သြစတြေးလျက ပင်လယ်စာတင်သွင်းသူတွေက ပြောပါတယ်။ ဒီလို ပြဿနာတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံက လူမှောင်ခိုကူးမှုတွေကို အမှန်တကယ်ပဲ ဖြေရှင်းဖို့ လုပ်နေတာမို့ ထိုင်းကနေ ပင်လယ်စာတွေ ဝယ်ယူခြင်း မရပ်ဘဲ ဆက်ပြီးဝယ်ယူသွားမှာပါလို့ သြစတြေးလျတင်သွင်းသူတွေက ပြောကြပါတယ်။"ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်နှင့် တောင်ပစိဖိတ်ရေးရာ အကြီးအကဲ ဆွန်ဆတ် ဆိုင်ချွာက သတင်းထောက်များအား ပြောသည်။

ဧပြီလနောက်ပိုင်း အစိုးရက ပင်လယ်စာလုပ်ငန်းစက်ရုံပေါင်း ၁၀၀ ကျော်ထက်မနည်းကို စစ်ဆေးရေးဝင်ရောက်ခဲ့ပြီး စက်ရုံတစ်ရုံအား ပိတ်သိမ်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

"အမေရိကန်၊ ဥရောပနဲ့ သြစတြေးလျနိုင်ငံတွေက ကျွန်တော်တို့ဆီက အေးခဲပင်လယ်စာတွေ တင်ပို့မှုအပေါ် ယုံကြည်မှုရှိကြတယ်။"ဟု ဆွန်ဆတ်က ပြောသည်။

ယင်းမှတ်ချက်စကားနှင့် ပတ်သက်ပြီး ဘန်ကောက်ရှိ အမေရိကန်နှင့် သြစတြေးလျသံရုံးများသို့ ထင်မြင်ချက်တောင်းခံရာတွင် ဆက်သွယ်၍ မရသေးကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။ ဥရောပကော်မရှင်ကမူ ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။

ပြီးခဲ့သည့်လက ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့ဖြစ်သည့် Enviromental Justice Foundation က ထိုင်းငါးဖမ်းလုပ်ငန်းများမှ အတင်းအဓမ္မ ကျွန်ပြုခိုင်းစေမှုများကို သုံးနှစ်ကြာ ထောက်လှမ်းစုံစမ်းမှုများ ပြုလုပ်ပြီး အစီရင်ခံစာတစ်ရပ်ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ထိုင်းငါးဖမ်းလှေများတွင် လူမှောင်ခိုကူးမှုများ၊ ဆင်းရဲသည့် အိမ်နီးချင်း မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့မှ အများစုဖြစ်သည့် ငါးဖမ်းလုပ်သားများအပေါ် အလွဲသုံးစားခေါင်းပုံဖြတ်ခြင်းများ ရှိနေခြင်းကို ဖော်ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly