အမှိုက်ကောက်တဲ့ ပြဿနာ ပွဲပြီး မီးသေလား၊ အပြသက်သက်လား

အမှိုက်ကောက်တဲ့ ပြဿနာ ပွဲပြီး မီးသေလား၊ အပြသက်သက်လား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံး အမှိုက်ကောက် ရှင်းလင်းရန် ယခုလ ၁၂ ရက်တွင် စတင် ခဲ့ကြသည်။ အလွန်ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် မွန်မြတ်သည့် လုပ်ဆောင် ချက်သင့်မြတ်သည့် အလေ့အထအဖြစ် စတင်ခဲ့ကြသည်။

ယင်းနေ့တွင်ပင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတို့ ပူးပေါင်းပါဝင် ခဲ့ကြသည်ကို တွေ့မြင်ရသည်ဖြစ်ရာ နိုင်ငံ၏ အနာဂတ်အတွက် အလွန် ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ သို့သော် ထိုနေ့အပြီး နောက်တစ်ပတ်တွင် အမှိုက်ကောက်သည့် လှုပ်ရှားမှုအရှိန် လျော့နည်းသွားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ဖြစ်ရလေသနည်း၊ မြန်မာတို့သည့် ပွဲပြီး မီးသေသည့် အလေ့အထကို စွဲမြဲနေကြပြီလား သို့တည်းမဟုတ် တစ်ချက်တည်းသာ ထတောက်တတ်သည့် ကောက်ရိုးမီးကဲ့သို့ အကျင့်များ စွဲမြဲနေကြ၍လား။ ဤမေးခွန်းများ၏အဖြေသည် “မှန်ပါသည်”ဟု အဖြေထွက်ခဲ့ပါက အလွန် မသင့်လျော်သည့် အခြေအနေပင်ဖြစ်သည်။

ဤကိစ္စသည် တစ်နေ့တည်း လုပ်ရမည့် ကိစ္စမဟုတ်၊ တစ်လတည်း လုပ်ရမည့် အလုပ်မဟုတ်မှန်း လူတိုင်းသိနိုင်ကြ ပါလိမ့်မည်။ ဤအလုပ်သည် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တည်းနှင့် လုပ်၍ မရနိုင်မှန်း သိနိုင်ကြပါလိမ့်မည်။ သို့အတွက် အရှိန်မသေသွားကြရန် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါလိမ့်မည်။

အမှိုက်ထွက်ရှိသည့် ပြဿနာကို ပြန်လည် စေ့ငုံ့ကြည့်မည်ဆိုပါက အမှိုက် မပစ်ပါက၊ အမှိုက် မထွက်နိုင်ဟူသည့် အခြေခံ အယူအဆ ထွက်ပေါ်လာပါလိမ့်မည်။ သို့ဆိုမူ လူတိုင်း မိမိကိုယ်တိုင်မှ ထွက်ပေါ် လာသည့် အမှိုက်ကို ကိုယ်တိုင်ထိန်းသိမ်းခြင်း စနစ်တကျ စွန့်ပစ်ခြင်းဖြင့် အမှိုက် ပြဿနာကို အတန်အသင့် ထိန်းချုပ်နိုင်ပါလိမ့်မည်။

စနစ်တကျ စွန့်ပစ်ခြင်းဟု ပြောဆိုခဲ့ခြင်းကြောင့် စနစ်တကျ စွန့်ပစ်နိုင်သည့် အခြေအနေလည်း ဖန်တီးပေးရန် လိုအပ်ပါလိမ့်မည်။ ဥပမာ အမှိုက်ပုံးများထားရှိခြင်း၊ အမှိုက်စနစ်တကျ စွန့်ပစ်ရန် ပညာပေးခြင်း၊ မလိုက်နာပါက အရေးယူခြင်း၊ အမှိုက် ထွက်ရှိနိုင်သည့် ဈေးဆိုင်များ၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူနေရပ်ကွက်များတွင် အမှိုက်ပုံး ထားရှိခြင်းတို့ဖြစ်သည်။

သို့မဟုတ်ပါက အမှိုက်သံသရာသည် လည်ပတ်၍ မဆုံးနိုင်တော့သည့် ဝဲဂယက်ထဲတွင် ပတ်ချာလည်နေပေလိမ့်မည်။ စည်ပင်ဝန်ထမ်းများ အပါအဝင် တာဝန်ရှိသူများအတွက် လိုအပ်ချက်နှင့် လုပ်ဆောင်သည့်သည်များကို ထောက်ပြ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့ဆိုလျှင် အခြားသူများတွင်လည်း တာဝန်မရှိပေဘူးလော မေးခွန်းထုတ်ရန် လိုအပ်လာပါသည်။ သန်း ၅၀ ကျော်သော နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။ သို့အတွက်ကြောင့် ပွဲပြီးမီးသေ မဖြစ်ရအောင်နှင့် အပြသက်သက် မဖြစ်ရအောင် အားလုံး အသိရှိရှိဖြင့် အားလုံး ပါဝင် ပူးပေါင်း လုပ်ဆောင်ကြရန် မဇ္ဈိမက တိုက်တွန်းပါသည်။

Mizzima Weekly

Tags