အင်ဒိုနီးရှား၌ အိုင်အက်စ်ငွေကြေးထောက်ပံ့မှုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ရန် စီစဉ်နေသူများအား ဖမ်းဆီးမိ

အင်ဒိုနီးရှား၌ အိုင်အက်စ်ငွေကြေးထောက်ပံ့မှုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ရန် စီစဉ်နေသူများအား ဖမ်းဆီးမိ

ဂျကာတာ၊ ဒီဇင်ဘာ ၂၁ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိကြောင်း ခိုင်လုံပြီး ဆီးရီးယားမှ ရန်ပုံငွေရရှိနေကာ အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်လျက်ရှိနေသူများအား သတင်းရရှိ၍ ဖမ်းဆီးရမိခဲ့ကြောင်း ရဲက ဒီဇင်ဘာ ၂၁ ရက်၌  ပြောသည်။

ဂျာဗားကျွန်းအနှံ့ မြို့ငါးမြို့တွင် စီးနင်းရှာဖွေမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူကိုးဦးနှင့် ဗုံးလုပ်သည့် ပစ္စည်းကိရိယာများကို စီးနင်းရှာဖွေမှုများအတွင်း လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ လာမည့် နှစ်သစ်ကူးပွဲတော်များကို ၎င်းတို့က ပစ်မှတ်ထားတိုက်ခိုက်ရန် ကြံစည်ဆောင်ရွက်နေခြင်း ဖြစ်နိုင်သည်ဟု ၎င်းတာဝန်ရှိသူများက ဆိုသည်။

ဆီးရီးယားတွင် အိုင်အက်စ်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး နိုင်ငံတွင်း ပြန်ဝင်လာမည့် အင်ဒိုနီးရှားနိုင်ငံသားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ နိုင်ငံတွင်း၌ ခေါင်းထောင်လာမည်ကို အထူးစိုးရိမ်ရ၍ လုံခြုံရေးတပ်လှန့်ထားရဆဲဖြစ်ကြောင်း ရဲဌာနက ပြောသည်။

"အခုဖမ်းမိသူတွေက ရန်ပုံငွေထောက်ပံ့မှုတွေ ပြည်ပကနေ ပေးပို့တာကို လက်ခံရရှိနေတဲ့သူတွေပဲဖြစ်တယ်။ သူတို့တွေက ဆီးရီးယားနဲ့ အချိတ်အဆက်တွေ ရှိထားတယ်။"ဟု အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရသူ အန်တွန်က သတင်းစာရှင်းလင်းပွဲ၌  ပြောကြားခဲ့သည်။

"နောက်ထပ် ကျွန်တော်တို့ ရရှိတာကတော့ သူတို့တွေက အိုင်အက်စ်အဖွဲ့နဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတာ သတင်းအခိုင်အမာ ရထားပါတယ်။ အိုင်အက်စ်အဖွဲ့ရဲ့ အကြီးတန်းပုဂ္ဂိုလ်ထံကနေ သူတို့တွေ ငွေ လက်ခံရရှိနေကြတာပါ။ အဲဒီ ပုဂ္ဂိုလ်က အင်ဒိုနီးရှားမှာ အိုင်အက်စ်ကွန်ရက်အတွက် ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့သူပါပဲ။"ဟု ၎င်းက ပြောသည်။

ဖမ်းမိသူများအနက် လေးဦးသည် အယ်လ်ခိုင်ဒါ လက်ခွဲ ဂျာမတ်ရှ်အစ္စလာမစ်အုပ်စုမှ အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသည်ဟုလည်း ရဲကပြောသည်။

ဒီဇင်ဘာ ၂၀ ရက် မီဒီယာသတင်းများတွင် ဂျာဗားကျွန်းနှင့် အနီးရှိ ဆူမတြားကျွန်းတို့တွင် ရှီယိုက်မွတ်စလင်များကို တိုက်ခိုက်ရန် လူတစ်ချို့ စီစဉ်လျက်ရှိနေသည်ဆိုသော သတင်းများကို ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂၀၀၀ ခုနှစ်များအတွင်းက တိုက်ခိုက်မှုများ အလျင်မပြတ် ပေါ်ပေါက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် လူသေဆုံးမှု အများဆုံးမှာ ဘာလီကျွန်းရှိ နိုက်ကလပ်တစ်ခု ဗုံးခွဲခံရခြင်းဖြစ်ပြီး လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ရာ အများစုက ကမ္ဘာလှည့်ခရီးသွားဧည့်သည်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly