လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကွင်းလုံးကျွတ်လွှတ်ပေးသင့်ဟု MWRN ပြော

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကွင်းလုံးကျွတ်လွှတ်ပေးသင့်ဟု MWRN ပြော

ချင်းမိုင်၊ ဒီဇင်ဘာ ၂၁ ။      ။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုဖြင့် စွပ်စွဲခံရသူ ဇော်လင်းနှင့် ဝေဖြိုးတို့ကို ကွင်းလုံးကျွတ်လွှတ်ပေးသင့်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN) က ဒီဇင်ဘာလ ၂၁ ရက်က ထပ်မံ ထုတ်ပြန်လိုက်သည်။

ဇော်လင်းနှင့် ဝေဖြိုးတို့က ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေများအား အပြစ်မကျူးလွန်ကြောင်း ဖွင့်ဟပြောဆိုမှုများရှိခဲ့သလို၊ အစောပိုင်းက ဝန်ခံခဲ့ရခြင်းသည် ဖမ်းဆီး စစ်ဆေးခံ ရစဉ်က ၎င်းတို့အား ညှင်းပန်းနှိပ်စက်ခဲ့သဖြင့် ဝန်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ရှေ့နေအဖွဲ့တွေ ထောက်ပြထားတဲ့အချက်တွေ ရှိတယ်။ ဒီအမှု အဆုံးသတ် အစီရင်ခံစာ တင်သွင်းတဲ့ အခါမှာလည်း ပြန်ပြီးတော့ ထောက်ပြတဲ့အချက်တွေကို အဲဒါတွေကို ထောက်ပြီးတော့ တရားသူကြီးအနေနဲ့ သံသယဖြစ်စရာ အချက်တွေကို ထောက်ပြီးတော့ အကျိုးခံစားခွင့်ပေးဖို့ တောင်းဆိုတဲ့ သဘောပါ။ အရင်ကလည်း အစီရင်ခံစာ တင်ထားပြီးသားပေါ့။ အခု ပြန်ပြီးတော့ ထုတ်ပြန် တာပါ”ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက်၏ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်ကလည်း ၃၆ မျက်နှာပါ အစီရင်ခံစာကို အစွပ်စွဲခံဘက်မှ သက်သေ ၁၃ ဦး၏ ထွက်ဆိုချက်များမှ အကျဉ်းချုပ် ထုတ်နှုတ်၍ စွပ်စွဲခံရသူများ၏ ရှေ့နေများအဖွဲ့က ကော့စမွေတရားရုံးသို့ တင်သွင်းခဲ့သည်ဟု သူက ပြောသည်။

အမှုကို စွဲချက်မတင်မီ ဖမ်းဆီးအရေးယူမှု ပြုလုပ်ရာတွင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိခြင်း၊ ဝန်ခံချက်ကို ညှင်းပန်းနှိပ်စက်၍ အသက်အန္တရာယ်ကို ခြိမ်းခြောက်ကြောက်ရွံ့စေခြင်း၊ စွပ်စွဲခံရသူ ၂ ဦးတို့သည် လူသတ်လက်နက်အဖြစ် အသုံးပြုသော ပေါက်တူးရိုးတွင် မျိုးရိုးဗီဇ(ဒီအန်အေ) စစ်ရာတွင် စွပ်စွဲခံရ သူများ၏ ဒီအန်အေ မတွေ့ရဘဲ အခြားသူများ၏ ဒီအန်အေကိုသာ တွေ့ခဲ့ရခြင်း၊ CCTV မှတ်တမ်းတွင် ပြေးနေသောသူနှင့် သက်ဆိုင်ခြင်းလည်း မရှိခြင်း၊ သက်သေအထောက်အထားများတွင် ဓါတ်ပုံများ၊ အလောင်းခွဲစိတ် မှတ်တမ်းများ၊ ဒီအန်အေ စစ်ချက် ဖော်ထုတ်သည့် အဆင့်များ၊ မူခင်းသိပ္ဗံ ဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်များကို ထိန်းချုပ်သည့် စာရွက်စာတမ်းများ၊ ဒီအန်အေ ဓါတ်ခွဲခန်း မှတ်တမ်းများ ပြည့်စုံအောင် မပါရှိကြောင်း MWRN ၏ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ထို့ပြင် သေဆုံးသူ အမျိုးသမီး၏ အဝတ်အစားများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများပေါ်တွင် စစ်ဆေးမှု မရှိခြင်း သို့မဟုတ် စစ်ဆေးမှုရှိခဲ့သော်လည်း အမှုတွဲတွင် သက်သေအဖြစ် မတင်ပြခြင်း တို့သည် သံသယ ဖြစ်ဖွယ်ကောင်းခြင်း၊ CCTV မှတ်တမ်းတင်သွင်းရာတွင် မပြည့်စုံသည့် အပြင် လက်ဗွေရာနှင့် ခြေရာ များ ယူဆောင်တင်သွင်းလာခြင်း မရှိခြင်းတို့ကြောင့် အစွပ်စွဲ ခံရသူများကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း ရုံးတော်သို့ တင်ပြကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လက ၈ ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ စုစုပေါင်း ၂၁ ရက်ကြာ ကော့စမွေ တရားရုံး စစ်ဆေးခဲ့ပြီး အပြီးသတ် စီရင်ချက်ကို လာမည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၂၄ရက်တွင် ချမှတ်မည် ဖြစ်သည်။

အစွပ်စွဲခံထားရသူ ဇော်ဝင်းနှင့် ဝေဖြိုးတို့အား လွတ်မြောက်မည်ဟု မျှော်လင့်ထားပြီး အကယ်၍ ရှုံးနှိမ့်ခဲ့လျှင်လည်း တရားလွှတ်တော်ချုပ်ထိ အယူခံတက်မည် ဖြစ်သလို၊ တရားလိုနှင့် တရားခံ မည်သူဘက်မှ ရှုံရှုံး အယူခံ တက်နိုင်မည်ဖြစ်၍ အချိန်ကြာဖွယ်ရှိသည်ဟု ဦးစိန်ဌေးက ပြောသည်။

“တရားသူကြီးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ သူ့အပိုင်းပေါ့လေ။ သို့သော်လည်း အဓိကက ဘယ်သူ ရှုံးရှုံးထပ်ပြီးတော့ အယူခံတက်အုန်းမယ်။ နောက်ဆုံး တရားလွှတ်တော် ချုပ်ထိ အယူခံတက်အုန်းမယ် ဆိုတော့ အမှုက ကြာမယ့်သဘောတော့ရှိတယ်”ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာ၊ အင်္ဂလန် သုံးနိုင်ငံနှင့် ပတ်သက်နေသဖြင့် ထိုင်းနိုင်ငံ တရားစီရင်ရေးပုံစံအရ ခရိုင်အဆင့် ဆုံးဖြတ်ချက်များကို ဗဟိုတရားရုံးချုပ်ထိ အယူခံ ဝင်နိုင်ပြီး အနည်းဆုံး ၉ လမှ ၁ နှစ်အထိ အချိန်ကြာမှ တရားသေလွတ်နိုင်မည် ဖြစ်ကြောင်း မြန်မာစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင်ဘာလ ၂၀ ရက်က မဇ္ဈိမကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဟန်နာ(၂၃နှစ်) နှင့် ဒေးဗစ်(၂၄နှစ်)တို့သည် ကော့တောင်(လိပ်ကျွန်း)ပေါ်တွင် အသတ်ခံရမှုတွင် ဇော်လင်းနှင့် ဝေဖြိုးတို့ကို တရားမဝင် ဝင်ရောက်မှု၊ လူသတ်မှုနှင့် အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု ပုဒ်မတို့ဖြင့် ထိုင်းရဲတပ်ဖွဲက တရားလို ပြုလုပ်၍ တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags