မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း ရ၀ ရာနှုန်းပြီးစီးနေပြီ

မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း ရ၀ ရာနှုန်းပြီးစီးနေပြီ
မူဆယ်ဗဟိုစီးပွားရေးဇုန် ပြီးစီးနေမှု (ဓာတ်ပုံ - သတင်းစဉ်)

ရန်ကုန်၊ ဒီဇင်ဘာလ ၂၁ ရက် ။ ။ ရှမ်းပြည်နယ်အစိုးရနှင့် နယူးစတားလိုက်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေသည့် မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း၏ အခြေခံအဆောက်အအုံ တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့် အတူ လားရှိုးမြို့မှတစ်ဆင့် မူဆယ်မြို့၊ မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းသို့ရောက်ရှိခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ "ခွင့်ပြုမိန့်" ဖြင့် ၂၀၁၃ ခု ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့သည့် ယင်းစီမံကိန်း ဒါရိုက်တာ ဦးငွေစိုးက စီမံကိန်းဇုန် ခြောက်ခုအတွင်း ဇုန်အလိုက်တည်ဆောက်ပြီးစီးနေမှုကို ဒုတိယသမ္မတနှင့်အဖွဲ့ကို ရှင်းလင်းတင်ပြသည်။ 

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက "ဗဟိုစီးပွားရေးဇုန်တစ်ခုချင်းအလိုက် အမြန်ပြီးစီးပြီး စနစ်တကျ ဖွင့်လှစ်နိုင်ရန် လိုအပ်သည်" ဟု တာဝန်ရှိသူများကို ပြောကြားသွားသည်။

ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့နှင့် နယ်ခြားဆက်စပ်နေသည် မူဆယ်မြို့မှ ယင်းစီးပွားရေးဇုန်အတွင်း ကုန်စည်ပြပွဲအပါအဝင် အခြားထုတ်ကုန်သွင်းကုန်ပြပွဲများ ကျင်းပနိုင်ပါက ဒေသခံများ၏ လူမှုစီးပွားရေးကို အထောက်အကူပြုနိုင်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လည်းမှာကြားသည်။

အမေရိကန်ဒေါ်လာ ၅၁ သန်းကျော် ခန့်မှန်းကုန်ကျမည့် ယင်းစီမံကိန်းအား မူလက ၂၀၁၇ ခုအတွင်း အပြီး တည်ဆောက်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ ကျောက်စိမ်းဈေးကွက်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်တန်းများနှင့် အိမ်ရာများလည်း စီမံကိန်းအတွင်း ပါဝင်သည်။

ယခုအခါ စီမံကိန်းအတွင်းပါဝင်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဆိုင်များ ပြင်ဆင်မှု ရာနှုန်းပြည့်နီးပါး၊  ကျောက်မျက် ဈေးအကြမ်းထည်လုပ်ငန်း ၇၀ ရာခိုင်နှုန်းနှင့် ကြယ်သုံးပွင့်အဆင့် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း ၄၈ ရာခိုင်နှုန်း ပြီးစီး နေသဖြင့် မကြာမီ အပိုင်းလိုက် ဖွင့်သွားမည်ဟု သိရသည်။

စီမံကိန်းကို မူဆယ်မြို့အနီး ရွှေလီဖြစ်ကမ်းဘေးရှိ ဧရိယာ ၂၉၄ ဒဿမ ၇၈၉ ဧကတွင် အကောင်အထည်ဖော်နေပြီး စီမံကိန်းဧရိယာတစ်ခုလုံး၏ ၃၈ ဒဿမ ၄၂ ရာခိုင်နှုန်းကို အပန်းခြေဥယာဉ်များ ကစားကွင်းများဖြင့် အများသက်ဆိုင် ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်နေသည်ဟုဆိုသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ဗဟိုစီးပွားရေးဇုန်အနီး တော်ရွက်ရပ်ကွက် ဟိုဆောင်နယ်မြေ၌ နယူးစတားလိုက်ကုမ္ပဏီမှ ကျပ် သိန်း ၃၅၀၀ အကုန်ခံ ဆောင်ရွက်နေသည့် လူငယ့်ရိပ်သာတည်ဆောက်နေမှုကိုလည်း ကြည့်ရှုခဲ့သေးသည်။

ဒီဇင်ဘာ ၂၀ မနက်တွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် လားရှိုးမြို့နယ် နမ္မဗောဒ၊ အီနိုင်းနှင့် ဟိုပိတ် ကျေးရွာ ကိုယ်စားလှယ်များထံ နယူးစတားလိုက်ကုမ္ပဏီမှ လှူဒါန်းသည့် မီးသတ်ယာဉ်၊ လူနာတင်ယာဉ် လွှဲပြောင်းပွဲသို့ လည်း ဆက်လက်တက်ရောက်ခဲ့သည်။ 

နယူးစတားလိုက်ကုမ္ပဏီက လှူဒါန်းသည့်ယာဉ်များ၏ စာရွက်စာတမ်းများကို ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းကြူးမှ တစ်ဆင့် လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။

နယူးစတားလိုက်ကုမ္ပဏီက လားရှိုးမြို့နယ် နမ္မဗောဒရွာအတွက် ရေဂါလန် ၈၀၀ ဆံ့ မီးသတ်ယာဉ်တစ်စီးနှင့် လူနာတင် ယာဉ်တစ်စီး၊ အီနိုင်းကျေးရွာသို့ ရေဂါလန် ၈၀၀ ဆံ့ မီးသတ်ယာဉ်တစ်စီးနှင့် ဟိုပိတ်ကျေးရွာအတွက် လူနာတင် ယာဉ်တစ်စီး အသီးသီးလှူဒါန်းကြောင်း အစိုးရသတင်းစာများမှ သိရသည်။

ဒီဇင်ဘာ ၁၉ ညနေပိုင်းတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ခွင့်ပြုငွေ ကျပ် သန်း ၅၀၀ ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ တိုးချဲ့ဆောက်လုပ်နေသည့် လားရှိုးလေဆိပ်လုပ်ငန်းခွင်အား လေ့လာခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly