အင်ဒိုနီးရှား ကူးတို့သင်္ဘောနှင့်အတူ လူ ရ၆ ယောက်ပျောက်ဆုံးနေဆဲဟုဆို

အင်ဒိုနီးရှား ကူးတို့သင်္ဘောနှင့်အတူ လူ ရ၆ ယောက်ပျောက်ဆုံးနေဆဲဟုဆို

ဂျကာတာ၊ ဒီဇင်ဘာ - ၂၁ ။          ။ ဒီဇင်ဘာ ၁၉ရက်နေ့က အင်ဒိုနီးရှားကျွန်း ဆူလာဝီဆီကမ်းရိုးတန်း ကမ်းလွန်တွင် ကူးတို့သင်္ဘောပျောက်ဆုံးမှုနှင့်အတူ လူ၈၀နီးပါးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ၂၄နာရီကျော်ကြာ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရာ သင်္ဘောမှာ ပျောက်ချင်းမလှပျောက်နေသောကြောင့် တိမ်းမှောက် နစ်မြှုပ်သွားခြင်းဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် အတည်ပြုချက်အရ လူပေါင်း ၃၉ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကူးတို့သဘောၤတွင် လိုက်ပါလာသည့် ၁၁၈ဦးအနက် ၇၆ဦး၏ ကံကြမ္မာမှာမူ မသိနိုင်သေးကြောင်း Agence France-Presse က သတင်းပို့ခဲ့သည်။ ကလေး၂ဦးအပါအဝင် လူ၃ဦးကိုမူ သေဆုံးလျှက်တွေ့ရှိရသည်ဟုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မာရီနာ ဘာရူဟုအမည်ရသည့် ကြမ္မာငင်သည့် သင်္ဘောကို ရှာဖွေရန် ကြိုးစားမှုများမှာလည်း လှိုင်းထန်နေသော ပင်လယ်ကြောင့် နှောင့်နှေးကြန့်ကြာနေခဲ့ရပြီး အလားတူလှိုင်းလုံးများကြောင့်ပင် ကူးတို့သင်္ဘောက အန္တရာယ်အချက်ပြ ထုတ်လွှတ်ပြီးနောက် စနေနေ့ နေ့လယ်ခင်းက ဆူလာဝီဆီကမ်းလွန်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့နှင့် ရေတပ်မှ ကယ်ဆယ်ရေး ကင်းလှည့်ယာဉ်များမှာ ၁၆ပေအမြင့်ရှိသည့် လှိုင်းလုံးကြီးများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်ဟု ဆိုသည်။

သို့ရာတွင် ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဖရန်စ် ဘာရန်းက အေအက်ဖ်ပီသို့ ပြောကြားရာတွင်မူ ကူးတို့သင်္ဘောမှာ ဖိုက်ဘာမှန်ကိုယ်ထည်ဖြစ်သောကြောင့် နစ်မြှုပ်ရန် ခက်ခဲသည်ဟု ဆိုသည်။ ‘ရာသီဥတုမကောင်းလို့ လှေကို ရှာမတွေ့ခဲ့ပါဘူး’ဟု ၎င်းက ပြောကြားခဲ့သည်။ သို့ရာတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုမှာ ဒုတိယနေ့ကို ဝင်ရောက်လာခဲ့ပြီဖြစ်သောကြောင့် မျှော်လင့်ချက် မှာလည်း ပါးလျလာခဲ့သည်ဟု ဆိုသည်။

‘၂၄နာရီကျော်လာတော့ ကျနော်တို့ စိုးရိမ်လာရပြီ။ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို စောင့်မျှော်နေကြရတယ်’’ဟု သဘာဝကပ်ဘေး သက်သာရေးအေဂျင်စီ အကြီးအကဲ အလမ်စယာက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly