တရုတ်၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် အမေရိကန်ပြည်ထောင်စုအား တရုတ် တိုက်တွန်း

တရုတ်၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် အမေရိကန်ပြည်ထောင်စုအား တရုတ် တိုက်တွန်း

ပေကျင်း၊ ဒီဇင်ဘာ-၂၁ ။           ။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို ရပ်တန့်ခြင်း၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ထိန်းချုပ်ထားသည့် ကျွန်းများအနီး စစ်ရေးကင်းလှည့်မှုများကို အဆုံးသတ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစိးပွားများကို လေးစားရန် လိုအပ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကိုပြော ကြားခဲ့သည်။

ဒီဇင်ဘာ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်အရ ကမ္ဘာကြီးမှာ ပိုမို စိန်ခေါ်မှုကြီးမားသည့်နေရာတစ်ခု ဖြစ်လာနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။

‘အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နဲ့ ပူးပါင်းဖို့ ကြိုးစားနေတဲ့အခိုက်မှာ တရုတ်ရဲ့ အဓိကကျတဲ့ ကျိုးစီးပွားတွေနဲ့ အရေးကြီးတဲ့ ကိစ္စတွေကို လေးစားသင့်တယ်’’ဟု ဝမ်က ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဝမ်က ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်တို့နှင့် ပတ်သက်သည့် တရုတ်၏ ရပ်တည်ချက်ကို ကယ်ရီအား ရှင်းပြခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ကိုယ့်မင်းကိုယ့်ချင်းနှင့် အုပ်ချုပ်နေ သည့် ထိုင်ဝမ်ကျွန်းသို့ လက်နက်ရောင်းချမှု အဆုံးသတ်ရန်နှင့် အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ် ထိန်းချုပ်ထားသည့် ကျွန်းများအနီးတွင် စစ်သင်္ဘောနှင့် လေယာဉ်များ ကင်းလှည့်၍ စစ်အင်အားပြမှုကို ရပ်တန့်ရန်လည်း တောင်းဆိုခဲ့သည်ဟု ကြေညာချက်တွင် ထပ်လောင်းပြောကြားထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် သဘောတူခဲ့သဖြင့် တရုတ်နိုင်ငံက ဒေါသထွက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်များနှင့် ဖြစ်ပွားသည့် စစ်ပွဲအပြီးတွင် ရှုံးနိမ့်သွားသည့် အမျိုးသားရေးဝါဒီ တပ်ဖွဲ့များက ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးသွားခဲ့ကြရာ၊ ထိုကျွန်းကို ၎င်း၏ အာဏာစက်အောက်တွင် ထားရှိရေး အင်အားသုံးသည့် နည်းလမ်းကိုလည်း ပေကျင်းက ဘယ်တုန်းကမျှ မစွန့်လွှတ်ခဲ့ပေ။ ထို့အတူ တောင်တရုတ်ပင်လယ်တွင် အမေရိကန် ရေတပ်၏ ကင်းလှည့်မှုများကိုလည်း တရုတ်က ရန်စသောလုပ်ရပ်အဖြစ် ယူဆ၍ စိတ်ပျက်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly