မလေးရှားတွင် ရှာရီယာဥပဒေနဲ့အညီ ပထမဆုံးလေကြောင်းလိုင်းပြေးဆွဲ

မလေးရှားတွင် ရှာရီယာဥပဒေနဲ့အညီ ပထမဆုံးလေကြောင်းလိုင်းပြေးဆွဲ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၁ ။             ။ မလေးရှားနိုင်ငံ၏ ပထမဆုံး အစ္စလာမ်ရှာရီယာဥပဒေနှင့် အညီ ပြေးဆွဲသော Rayani Air လေကြောင်းလိုင်း၏ ပွဲဦးထွက် ပျံသန်းမှုကို မြို့တော် ကွာလာလမ်ပူမှ လန်ဂါဝီအပန်းဖြေကျွန်းသို့ ဒီဇင်ဘာ ၂၀ ရက်က ပျံသန်းခဲ့ပြီး စတင်ဖွင့်လှစ်လိုက်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြသည်။

လေယာဉ်ပေါ်တွင် ကျွေးမွေးသည့် အသားဟင်းလျာအစားအစာ အားလုံးမှာ မွတ်စလင်ဓလေ့နှင့်အညီဖြစ်သည့် ဟာလာ(halal)အသားများဖြစ်ပြီး အရက်သေစာသောက်စားခြင်းကိုလည်း တင်းကျပ်စွာ ပိတ်ပင်ထားသည်။

လေယာဉ်အမှုထမ်းများတွင် မွတ်စလင်မဟုတ်သူများက သင့်တင့်စွာဝတ်ဆင်နိုင်သော်လည်း မွတ်စလင်အမှုထမ်းများမှာမူ hijib ခြံပုဝါပေါင်းရမည်ဖြစ်ကြောင်း မန်နေးဂျင်းဒါရိုက်တာ ဂျာဖာဇမ်ဟာရီက သတင်းထောက်များအား ပြောခဲ့သည်။

လေယာဉ် မပျံတက်မီအချိန်၌လည်း ဝတ်ပြုရွတ်ဆိုခြင်းများ ပြုလုပ်ပြီးမှ ပျံတက်မည် ဖြစ်သည်။

“သက်ဆိုင်ရာ အာဏာပိုင်များရဲ့ လမ်းညွန်မှုနဲ့ ရှာရီယာနဲ့ ညီတဲ့ ပထမဆုံး မလေးရှားလေကြောင်းလိုင်းကို ကျွန်တော်တို့ ဖွင့်လှစ်ခဲ့တာပါ။ ဒီအတွက် ကျွန်တော်တို့က ဂုဏ်ယူပါတယ်။”ဟု ဂျာဖာက ပြောခဲ့ကြောင်း The Star သတင်းစာက ဖော်ပြသည်။

“ရှာရီယာနဲ့ အညီဖြစ်မယ့် လုပ်ဆောင်ချက်ကဏ္ဍတွေကို ဆက်ပြီး ကျင့်သုံးသွားမှာဖြစ်ပါတယ်။”ဟု အစ္စလာမ်မစ်ဥပဒေကို အာရပ်စကား ရှာရီယာဆိုသော အသုံးအနှုန်းဖြင့် ပြောဆိုသုံးနှုန်းကာ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ရှာရီယာဥပဒေနှင့် အညီ ဝန်ဆောင်မှုပေးနေသည့် အခြားလေကြောင်းလိုင်းများလည်း ရှိထားပြီး ဗြိတိန်အခြေစိုက် လေကြောင်းလိုင်းဖြစ်သည့် Firnas Airways လေကြောင်းလိုင်း ကလည်း လာမည့်နှစ်၌ ယခုကဲ့သို့ ရှာရီယာဥပဒေနှင့်အညီ လေယာဉ်များ ပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း Boomberg သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly