ဆန္ဒပြကန့်ကွက်နေသည့်ကြားက ဆေးကျောင်းသူ ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အငယ်ဆုံးကျုးလွန်သူ လွတ်မြောက်လာ

ဆန္ဒပြကန့်ကွက်နေသည့်ကြားက ဆေးကျောင်းသူ ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အငယ်ဆုံးကျုးလွန်သူ လွတ်မြောက်လာ

နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ။          ။ ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဖြစ်ပွားခဲ့သော တုန်လှုပ်ခြောက်ခြားဖွယ် ဘတ်စ်ကားပေါ် ဆေးကျောင်းသူအား ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အသက်အငယ်ဆုံး ကျုးလွန်သူသည် စာရိတ္တပြုပြင်ရေး ထိန်းသိမ်းစင်တာမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ဘီဘီစီသို့ ပြောသည်။

၎င်းအား ပြန်မလွှတ်ရန် စွဲချက်တင်ခြင်းများလည်း ရှုံးနိမ့်ခဲ့ပြီး လူအုပ်စုဝေးဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်၍ ရဲက နှိမ်နှင်းပြီး ဆန္ဒပြသူများကို ထိန်းသိမ်းထားခဲ့ရသည်။ ထိန်းသိမ်းထားခံရသူများတွင် မုဒိမ်းကျင့် ခံရသူ ဆေးကျောင်းသူ၏ မိဘဖြစ်သူများလည်း ပါဝင်သည်။

ပြစ်မှုကျုးလွန်ချိန်က အသက်မပြည့်သေးသဖြင့် နာမည်ဖော်ပြခြင်းမရှိသည့် ယခု လွတ်မြောက်လာသည့် မုဒိမ်းပြုကျင့်သူသည် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက ပြန်လည်ပြုပြင်ရေးစင်တာ၌ အများဆုံး သုံးနှစ် ထိန်းသိမ်းခံရန် အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ယင်းမုဒိမ်းပြုကျင့်မှုသည် ဆေးကျောင်းသူနှင့် ယောက်ကျားလေးအဖော်တို့ ဘတ်စ်ကားစီးစဉ် လူခြောက်ဦးက အုပ်လိုက် ဂိုဏ်ဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က ဘတ်စ်ကားကို လှည့်ပတ်မောင်းနှင်နေကာ ဆေးကျောင်းသူနှင့် အဖော်အား နှိပ်စက်ရိုက်နှက်ကြပြီး ဆေးကျောင်းသူကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ယခုအငယ်ဆုံး မုဒိမ်းသမားမှာ ယင်းအချိန်က အဆိုးဝါးစွာ ပြုကျင့်ခဲ့သူဖြစ်သည်။ ဆေးကျောင်းသူအား ကိုယ်တွင်းက အတွင်းကလီစာများကို လက်ဖြင့် ဆွဲထုတ်ပစ်သည်အထိ ယုတ်မာစွာ ပြုကျင့်ခဲ့သည်။ ထိုသို့ လူမဆန်စွာ မုဒိမ်းကျင့်နှိပ်စက်ကြပြီးနောက် ကားလမ်းပေါ် ပစ်ချထားခဲ့ကြသည်။ မုဒိမ်းကျင့်ခံရသည့် ဆေးကျောင်းသူမှာ နှိပ်စက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများကြောင့် နောက်ပိုင်းသေဆုံးခဲ့ရာမှ တစ်ကမ္ဘာ့လုံးက ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး စိတ်ဆိုးဒေါသထွက်ခဲ့ရသည်။

ယင်း အသက်အငယ်ဆုံး မုဒိမ်းသမားက လက်ရှိ၌ အသက်ပြည့်ပြီဖြစ်သော်လည်း ကလေးသူငယ်ပြစ်မှုကျုးလွန်သူအဖြစ်နှင့်သာ အထက်ပါ ပြုပြင်ရေးစင်တာတွင် သုံးနှစ်ထိန်းသိမ်း ခံရသည့် ပြစ်ဒဏ် ကိုသာ အပြည့်အဝ ကျခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ၎င်း၏ လုံခြုံရေး စိုးရိမ်ရသဖြင့် လူမှုကူညီရေးစင်တာတစ်ခု၌ ထားရှိရန် လွဲပြောင်းပေးထားသည်။

အဆိုပါ မုဒိမ်းမှုအား ကျုးလွန်ခဲ့ကြသူများမှ အရွယ်ရောက်ပြီး လေးဦးကို သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ငါးဦးမြောက်မှာ အကျဉ်းထောင်အတွင်းမှာပင် ကိုယ်ကိုကို အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။

ယခု အသက်အငယ်ဆုံး မုဒိမ်းကောင်ကို လွှတ်လိုက်ခြင်းအတွက် လူများစွာက ဆန့်ကျင်ဆန္ဒပြကြကြောင်း၊ ဆန္ဒပြကန့်ကွက်သူများတွင် မုဒိမ်းကျင့်ခံရသည့် ဆေးကျောင်းသူ၏ မိဘများလည်း ပါဝင်ကြောင်း ဘီဘီစီသတင်းထောက်က သတင်းပေးပို့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly