အခွန်ထမ်းတွေပဲ ကားဝယ်နိုင်မယ့် စနစ်သစ်ကြောင့် ကားစျေးအခြေအနေ ဘာဖြစ်သွားနိုင်လဲ

20 December 2015
အခွန်ထမ်းတွေပဲ ကားဝယ်နိုင်မယ့် စနစ်သစ်ကြောင့် ကားစျေးအခြေအနေ ဘာဖြစ်သွားနိုင်လဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။              ။ ပြည်တွင်းကားဈေးကွက်ထဲမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့တော့ ရှိလာနေပါပြီ၊ လာမယ့် ၂၀၁၆ခုနှစ်ကနေစပြီး ဘယ်မောင်း မော်တော်ယာဉ်တွေကိုပဲ တင်သွင်းဖို့ရှိလာတဲ့ မူဝါဒကြောင့် ပြည်တွင်းကားဈေးနှုန်းတွေ ပြန်ပြီးမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီလိုမော်တော်ယာဉ်ဈေးကွက် အပြောင်းအလဲနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းနဲ့ မဇ္ဈိမသတင်းထောက် ရှုမဝအောင်က 7 Minitues အစီအစဉ်ကနေ ဆွေးနွေးထားပါတယ်ရှင်။  

မေး - အခုအရင်ဦးဆုံး ၂၀၁၆ ခုနှစ်မှာ ကားတင်သွင်းဖို့ စည်းမျဉ်း စည်းကမ်းတွေကို အပြီးသတ် သတ်မှတ်ပေးပြီး ပြီလို့ ကျွန်မတို့ ကြားတယ်ရှင့်။ အဲဒီအထဲမှာလည်း   မော်တော်ယာဉ် တင်သွင်းတဲ့ သူတွေ အနေနဲ့ အခွန်ဆောင်ပြီးတဲ့ ၂၀၁၄/၂၀၁၆ မော်ဒယ်တွေကို အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ယာဉ်တွေကို ဘယ်မောင်း သီးသန့် တင်သွင်းခွင့်နဲ့   ပြုထားတယ်လို့လည်း ကြားတယ်ရှင့်။ အဲ့အပေါ် ဒေါက်တာ စိုးထွန်းက စီးပွားရေးလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍကနေပြီးတော့ ဆွေးနွေးပေးပါအုံး ရှင်။

ဖြေ - ဟုတ်ကဲ့ပါ။ ခုကတော့ တရားဝင်အနေနဲ့ ကြေညာချက်ကတော့ ထွက်မလားသေးဘူးပေါ့နော်။ သို့သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု  ဦးစီးဌာန အနေနဲ့ နိုင်ငံတော် သမ္မရုံးကို တင်ထားတယ်ဆိုပြီး ပြောတဲ့အရာပေါ့နော်။ ဒါကတော့ ကျွန်တော်လက်ရှိ တစ်ဦးချင်း တင်သွင်းခဲ့တဲ့ Permit ပေါ့နော်။ Free Permit  လို့ အလွယ်တကူခေါ်ကြတာပေါ့။ အရင်တုန်းကတော့ ၂၀၁၀ ခုနှစ် အထက် လူးစီးကားရယ်။ နောက် ၂၀၁၄ ခုနှစ်အထက် Truck  ကား၊ နောက်တစ်ခါ Mini Truck  လို့ခေါ်တဲ့ Suzuki ကယ်ရီတို့ Hijet  လို့ ကားမျိုးရယ်။ နောက် ဆယ်ယောက်အထက်စီး Mini Bus တွေကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားတယ်။ ခုကတော့ လာမယ့် ဥပဒေသစ်မှာတော့ ခုနကပြောတဲ့ Free Permit တင်ချင်တဲ့သူတွေက ၂၀၁၄/၂၀၁၆ ဘယ်မောင်းကိုပဲ တင်သွင်းခွင့် ပြုတယ်။ နောက်အခါ ကျွန်တော်တို့ အနေနဲ့ Truck  ကားနဲ့ Bus  ကားကတော့ သူက ဘယ်မောင်းပဲ တင်သွင်းခွင့် ပြုထားတဲ့ အတွက်ကြောင့်မို့လို့ လက်ရှိအနေထားမှာ ပိုပြီးတော့ ကားအသေးတွေက ဈေးတက်လာမယ့် အနေထားတော့ မြင်ပါတယ်။

နောက်တစ်ချက် မနေ့က ထပ်ထွက်တဲ့ အထဲမှာ ဘာပါလဲဆိုရင် Free Permit ဆိုတာ သူက အခွန်ဆောင်ပြီးသားလူပဲ လျောက်လို့ ရမယ်ပေါ့နော်။ အရင်တုန်းကတော့ အခွန်မဆောင်လည်း ဘယ်သူပဲ ဖြစ်ဖြစ် လျောက်လို့ရတယ်ပေါ့နော်။ သာမန်လူ ၁၈နှစ်ပြည့်ရင် မှတ်ပုံတင်ရှိရင် လျောက်လို့ရတဲ့ ပုံစံကနေမှ ခုက နိုင်ငံတော်ကို အခွန်ငွေ ပေးသွင်းတဲ့သူပဲ ကားပါမစ်လျောက်ခွင့်ရှိမယ့် အနေထား ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြောရမယ်ဆိုရင်တော့ လာမယ့် ၂၀၁၆ ကားဈေးကွက် အနေထားမှာ ဒီထက် ၂၀၁၅ ထက်စာရင်တော့ ဈေးပိုပြီး တန်လာမယ့် အနေထားလို့ မြင်ပါတယ်။ နောက် ကျွန်တော်က အားလုံး ဘယ်မောင်းကြီးပဲ တင်သွင်းလားဆိုတော့ မဟုတ်ပါဘူး။ သူက ယာဉ်အို၊ ယာဉ်ဟောင်း စီစဉ်တော့ ရှိသေးပါတယ်။ ဒါတော့ ကျွန်တော်တို့က အရင်တုန်းက ၂၀၀၃ခုနှစ် အထက် တင်သွင်းခွင့်ပြုပေမယ့် ခုက ၂၀၀၆ ခုနှစ်ကနေ ဒီ၂၀၁၃ ခုနှစ်အထိကို ယာဉ်အို၊ ယာဉ်ဟောင်းနဲ့ တင်သွင်းခွင့် ပြုထားပါတယ်။ ဒါကတော့ ဘယ်မောင်းကော ညာမောင်းကော တင်သွင်းခွင့် ရတဲ့ အတွက်ကြောင့်မို့လို့ ဒီအစီစဉ်ကတော့ ရှိသေးတဲ့ အနေထားရှိပါတယ်။ ဘယ်လိုပဲပြောပြော ချုံပြီး သုံးသပ်မယ်ဆိုရင်တော့ ၂၀၁၆ ကားဈေးဟာ အတက်ဘက်ကို ကျွန်တော်တို့ မျှော်မှန်းပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့် ဒီမော်တော်ယာဉ် တင်သွင်းတဲ့ သူတွေဘက်ကလဲ ဘယ်မောင်း စနစ်ကို တကယ် တင်သွင်းမယ်ဆိုရင် လမ်းစနစ်နဲ့တော့ လိုက်လျော ညီထွေမှု ရှိတယ်။ ဒါပေမယ့်လည်း အခွန်ခတွေ တင်သွင်းတဲ့ ပုံစံတွေ ပြောင်းလဲသင့်တယ်လို့ ပြောနေကြတာတွေလည်း ရှိတယ်ရှင့်။ ဒေါက်တာ စိုးထွန်းရဲ့ တစ်ဦးချင်း အမြင်လေးကို ပြောပြပါလား။

ဖြေ - လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးတာက ဒီညာကပ်မောင်း စနစ်ကိုသွားတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးကလည်း ကိုယ့်ကြိုက်နှစ်သက်တဲ့ ကားတွေက ဂျပန်နိုင်ငံထုတ်ကားဖြစ်တယ်။ ဂျပန်နိုင်ငံမှာကျတော့ ဘယ်ကပ်မောင်း စနစ်ဆိုတဲ့အခါကျတော့ ယာဉ်ကျောစနစ်အရ  ညာကပ်မောင်း စနစ်ဆိုပေမယ့် ဘယ်မောင်း မဖြစ်ဘဲ ညာ မောင်းဖြစ်နေတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့မှာရှိတဲ့ ကားတွေရဲ့  ၉၉ ရာခိုင်နှုန်းလောက်က ဂျပန်မှာ အသုံးပြုထားတဲ့ ကားတွေ ဖြစ်နေတယ်ပေါ့နော်။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပြောင်းအလဲမှာတော့ ရုတ်တရက် အစွဲတစ်ခု ပြောင်းလဲရမှာတော့ ခက်တာပေါ့။ လက်ရှိကတော့ ဂျပန်ကားဟောင်း တင်သွင်းရင်းကနေမှ ဘယ်မောင်းကို ဖြစ်သွားတဲ့ အနေထား ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်မောင်းဆိုတာ Band New ဂျပန်ကား သို့မဟုတ် Europe ကား ဒါတွေ သို့မဟုတ်လည်း ကိုရီးယားကား၊ တရုတ်ကား ဒါမျိုးတွေကို တင်သွင်းရမယ့် အနေထား ဖြစ်သွားတယ်။ ပြောင်းလဲအနေထားကျတော့ လူအများစုက နည်းနည်းလေး အသံထွက်တာပေါ့နော်။ ဘယ်လိုပဲပြောပြော အပြောင်းလဲတစ်ခု ဖြစ်လာပြီဆို သိပ်တော့ မကြိုက်ကြဘူး ပေါ့နော်။ သို့သော်လည်းပဲ မဖြစ်မနေပြောင်းလဲရမယ်။ ဥပဒေအရ အခြေခံပြီးတော့ မော်တော်ယာဉ်  ဥပဒေကို စက်တင်ဘာလက ပြဋ္ဌာန်းထားတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေကို အခြေခံတဲ့အတွက်ကြောင့်မို့ ရုတ်တရက် ပြန်ပြောင်းဖို့ မလွယ်ပါဘူး။ အရင်တုန်းကတော့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ အမိန့်ကြေငြာစာဆိုပြီး ပြောင်းလို့ လွယ်ပါတယ်။ ခုက ဥပဒေတစ်ခု   ဖြစ်တဲ့အတွက်ကြောင့်မို့လို့   ပြောင်းချင်တယ်ဆိုရင်တောင် လွှတ်တော်ကို တင်ပြပြီး ပြောင်းရမယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ လောလောဆယ်တော့ မူဝါဒအရ ရုတ်ချည်း ပြန်ပြောင်းဖို့တော့ ခက်တယ်။ အဲတော့ ချက်ချင်းကြီး အနေထားမှာတော့ အထူးသဖြင့် တစ်နိုင်တစ်ပိုင် တင်သွင်းရောင်းချတဲ့သူတွေကတော့ သူတို့အတွက် ပြန်လည်တင်သွင်း ရောင်းချဖို့ ခက်တယ်။ သူတို့က လက်ရှိအနေထားမှာတော့ ပြည်တွင်းမှာ ရှိတဲ့ လက်ရှိထားပြီးသား Used  ကားတွေကိုပဲ ပြန်လည် ရောင်းချမယ့် အနေထားရှိလာတယ်။ တစ်ဖြေးဖြေးနဲ့ သွားရင်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က လာမယ့် ၂၀၁၈ဆိုရင်တော့ လုံးဝ ဘယ်မောင်းကို သွားမယ့် အနေထားတော့ ရှိပါတယ်။ တစ်ဖြေးဖြေးနဲ့ ညာမောင်း စီးရေလည်း ပြည်တွင်းမှာသုံးစွဲမှုကို လျော့ချသွားမယ့် အနေထားလို့ ကျွန်တော် မြင်ပါတယ်။

မေး - ခုနက ဒေါက်တာ စိုးထွန်း ပြောသွားတဲ့အထဲမှာ ကားဈေးတွေ ပြန်မြင့်လာနိုင်တယ်လို့လည်း ပြောသွားတာ ရှိတယ်လေ။ ဒီကားဈေးနှုန်းတွေ ပြန်မြင့်တက်လာတယ်ဆိုတော့ အရင်တုန်းကဆိုရင် ကားဘက်မှာ ရင်းနှီးမြှုပ်နှံမှု များကြီး ရှိခဲ့တယ်ကြီး ရှိခဲ့တယ်လေ။ အဲဒီအခြေနေမျိုးကော ပြန်ရောက်သွားနိုင်လား စီးပွားရေးအရ ဘယ်လို ပြောင်းလဲများ   ဖြစ်သွားနိုင်လဲ ရှင့်။

ဖြေ - ဒါတော့လည်း ကားဈေးတက်မယ်ဆိုတော့ အများကြီးတက်မလားဆိုတော့ ကျွန်တော်တို့ ပုဂ္ဂလိက  အမြင်နဲ့ ပြောရင် သိပ်ပြီး မတက်တော့ပါဘူး။ အရင်ခေတ် တပ်မတော်အစိုးရ ခေတ်တုန်းကလို ကားတစ်စီး နှစ်ဆ သုံးဆ တက်မယ့် ခေတ်တော့ မဟုတ်တော့ဘူး။ ဘာလို့ မဟုတ်တော့လည်း ဆိုရင် တစ်ဖက်မှာ ကျွန်တော်တို့  ဆီမှာလည်း ခုကန Brand New ကား Show Room  ရှိနေတာ တစ်ကြောင်းရယ်။ ဒုတိယ အချက်က ကိုယ့်တိုင်းပြည်မှာ ကားထုတ်တဲ့ စက်ရုံရှိနေတာ တစ်ကြောင်းရယ်။ ဥပမာ Suzuki တို့ဆို ကိုယ့်တိုင်းပြည်မှာ ထုတ်နေပြီ။ နောက်တစ်ချက်က အခြား ကားထုတ်လုပ်ဖို့လည်း လုပ်ကိုင်ဖို့ တာဆူနေတဲ့ ကုမ္ပဏီတွေ ရှိတယ်။ ခုလက်ရှိအနေထားမှာ ပြည်တွင်းမှာ ညာမောင်း Used (အသုံးပြုပြီး) ကားတွေ တင်သွင်းခွင့်ပြုတဲ့ အတွက်ကြောင့်မို့လို့ ပြည်တွင်းမှာ ကားထုတ်လုပ်မယ့် ကုမ္ပဏီတွေက စောင့်ကြည့်နေတဲ့ အနေထားမှာ ရှိတယ်။ အဲတော့ တကယ်လို့ စနစ်ပြောင်းသွားပြီ သေချာသွားပြီဆိုရင် သူတို့က ကားထုတ်လာမယ်။  လက်ရှိလောလောဆယ် အနေထားကလဲ ဒီ Suzuki ဆိုတာ ရှိတဲ့ အတွက်ကြောင့်မို့လို့ သူကလဲ ကားတစ်မျိုး၊ Pickup  တစ်မျိုး၊ အိမ်စီးကားတစ်မျိုး ထုတ်နေတဲ့ တွက်ကြောင့်မို့လို့ ကားကြီးက ဈေးတွေတအားကြီး ကျော်လွန်ပြီး တက်သွားမယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ အရင်ခေတ် အနေထားရောက်ဖို့တော့ ကျွန်တော်တို့ ခက်ပါတယ်။ ကျွန်တော်တို့မှာ လက်ကျန်အနေထား ကားစီးရေ လေးငါးသောင်းရှိပါတယ်။ ဒါအပြင်က ပွဲစားတွေ ဝယ်ရောင်းတွေ သူတို့ကလည်း ကားဈေးတက်မယ်ဆိုတဲ့ အခါကျတော့ Free Permit  personal Permit ကုမ္ပဏီ Permit နည်းမျိုးစုံနဲ့ ကတော့ အနည်းဆုံး သုံးလေးသောင်း ရှိတော့ နောက် တစ်နှစ်လောက်တော့ ဒီ Stock က လက်ကျန်ရှိနေမယ်ဆိုတော့ ကျွန်တော်တို့ မြင်တာကတော့ ရုတ်တရက် အများကြီး စွဲတက်ဖို့ မရှိပါဘူး။ သို့သော်လည်းပဲ  ရာခိုင်နှုန်း တစ်ခုက တက်လာမှာပေါ့နော်။ အများကြီး တက်လာမယ်လို့ မမြင်ပါဘူး။

မေး -ဟုတ်ကဲ့ပါရှင့်။ နောက်ဆုံးအနေနဲ့ လက်ရှိဈေးကွက်ဖြစ်နေတဲ့ ဂျပန်တစ်ပါတ်ရစ်ကားတွေကိုကော ဘယ်လို သက်ရောက်မှု ရှိနိုင်လဲရှင့်။

ဖြေ - ဒါတော့ သူက အများကြီး ထိခိုက်မှု ရှိသွားတာပေါ့နော်။ ခုနက ကျွန်တော်ပြောတဲ့ အထဲမှာလည်း ပါပါတယ်။ ချက်ချင်းကြီးကတော့ အများကြီး မရှိနိုင်ဘူးပေါ့နော်။ ကျွန်တော်တို့မှာ လက်ကျန်ကားတွေလဲ ရှိတဲ့ အတွက်ကြောင့်မို့လို့ အများကြီး မရှိသော်လည်း ရေရှည်မှာဆိုတော့ ဂျပန်နိုင်ငံမှာ လက်ရှိ ရှိလုပ်နေတဲ့ လူတွေအနေနဲ့ကတော့ လုပ်ငန်း ပြောင်းလုပ်ရမယ့် အနေထားရှိတာပေါ့နော်။ ကားဟောင်းတင်သွင်းတဲ့ သူတွေအနေနဲ့ကလဲ လုပ်ငန်းပြောင်းရမယ်။ ဂျပန်နိုင်ငံမှာ အော်ရှင် လုပ်နေတဲ့သူတွေပေါ့နော်။ ဒီမှာလဲ ဂျပန်က တစ်ချို့လည်း ရုံးခွဲတွေ လာဖွင့်ပြီးတော့မှ အော်ရှင်တို့ ဆားဗစ်တို့ ပေးနေတဲ့ သူတွေဆို ကုမ္ပဏီ ကြီးတယ်ဆို လုပ်ငန်းပြောင်းရမယ့် အနေထားလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဘာလို့လဲဆိုရင် ဂျပန် အော်ရှင်နဲ့ Used  ကားဈေးကွက်ကတော့ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလို့ မြင်တဲ့ အတွက်ကြောင့်မို့ ဒါကတော့ Based Change  တစ်ခုအနေနဲ့ မြင်တာပေါ့နော်။

ဟုတ်ကဲ့ပါရှင် ၇ မိနစ်အစီစဉ်ကို ခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့ အတွက် ကျွန်မတို့ အစီစဉ်ကနေ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly