အလှဆုံးပွဲ(ဆွမ်ဆီး - ၀က်စ်ဟမ်း)

20 December 2015
အလှဆုံးပွဲ(ဆွမ်ဆီး - ၀က်စ်ဟမ်း)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွမ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

ဆွမ်ဆီး - ဝက်စ်ဟမ်း

၂၀.၁၂.၁၅ (တနင်္ဂနွေနေ့ ည ၁၀း၃၀)

နောက်ဆုံး ၃ကြိမ်ထိပ်တိုက်တွေ့ဆုံမှု

၁၀.၁.၁၅ (ပရီးမီးယားလိဂ်) ဆွမ်ဆီး ၁-၁ ဝက်စ်ဟမ်း

၇.၁၂.၁၄ (ပရီးမီးယားလိဂ်) ဝက်စ်ဟမ်း ၃-၁ ဆွမ်ဆီး

၁.၂.၁၄ (ပရီးမီးယားလိဂ်) ဝက်စ်ဟမ်း ၂-၀ ဆွမ်ဆီး

ဆွမ်ဆီး

လက်ရှိမှာ ဒီဇင်ဘာလာ ပွဲကျပ်ကာလစပြီ။ လက်ရှိမှာ ဆွမ်ဆီးနဲ့ ဝက်စ်ဟမ်းတို့က နှစ်သင်းစလုံးအကျဘက်မှာရောက်နေတယ်။ ဆွမ်ဆီးဆိုရင် အဆင့် ၁၇ နေရာ ရောက်ရှိနေပြီး တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်နေတယ်။ နည်းပြဂယ်ရီမွန့်ခ်လည်း အထုတ်ခံထားရတယ်ပေါ့။ ပရီးမီးယားလိဂ်အစ လေးပွဲဆက်တိုက်မရှုံးခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပျက်သွားတယ်။ ဘယ်လောက်အထိလဲဆိုရင် ပရီးမီးယားလိဂ်နောက်ဆုံး ၁၂ ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့တယ်။ ပြီးတော့ နောက်ဆုံး ပရီးမီးယားလိဂ်သုံးပွဲဆက်တိုက်လည်း ရှုံးခဲ့တယ်။ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ဆိုးဆိုးရွားရွားပျက်ယွင်းနေတယ်လို့ ပြောလို့ရတာပေါ့။

ကွင်းလယ်မှာ အဓိက ထိန်းကျောင်းနေတဲ့ ကစားသမား ရှယ်ဗေးဒဏ်ရာရနေတာက အသင်းကို အားနည်းစေတယ်။ ဆွမ်ဆီးရဲ့တိုက်စစ်က ၁၅ ဂိုးပဲသွင်းထားပြီး စတုခ်နဲ့ဗီလာပြီးရင် ပရီးမီးယားလိဂ်မှာ တိုက်စစ်အညံ့ဆုံးအသင်းဖြစ်တယ်ပေါ့။ ပြီးတော့ တိုက်စစ်က ဂိုမစ်နဲ့အေယူး သူတို့နှစ်ဦးက ၁၁ ဂိုးအထိသွင်းထားတယ်။ သူတို့ကိုသာ တစ်ဖက်နောက်တန်းက ထိန်းချုပ်လိုက်လို့ ဂိုးမသွင်းနိုင်တော့ဘူးဆိုရင် ဂိုးသွင်းမယ့်သူမရှိဘူးဖြစ်နေတယ်။ ဒါကလည်း အသင်းကို ရလဒ်ပိုင်းကို ထိခိုက်စေတယ်။

နည်းပြဂယ်ရီမွန့်ခ်က ကစားသမားဘဝကနေ နည်းပြဘဝပြောင်းလာတာပေါ့။ အတွေ့အကြုံက ဘာမှ မရှိဘူး ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ဒီရာသီမှာ မြဲခဲ့တာပေါ့။ ဒါပေမဲ့ ရလဒ်ပိုင်းတွေဆိုးရွားလာလို့ ရာထူးက ထုတ်ပယ်ခံရတာဖြစ်တယ်။

ယာယီတာဝန်ယူနေတဲ့ လက်ထောက်နည်းပြ အလန်ကာတစ်က တိုက်စစ်မှူးတစ်ဦးဖြစ်လို့ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ၄-၃-၃ ကစားကွက်ကိုသုံးခဲ့တယ်။ မန်စီးတီးကို သူတင်ကိုယ်တင် တိုက်စစ်ဖွင့်ကစားနိုင်ခဲ့တယ်။ ကံဆိုးလွန်းလို့သာ ပွဲပြီးကာနီးမှာ ဂိုးပေးခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ယာယီနည်းပြလက်ထက်မှာ ဆွမ်ဆီးကစားသမားတွေက စိတ်သစ်၊ လူသစ်ပြန်လာမှာကို တွေ့နေရတယ်။

ဝက်စ်ဟမ်း

ဝက်စ်ဟမ်းက နောက်ဆုံး ပရီးမီးယားလိဂ်ခြောက်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အဆင့်ရှစ်ကို ရောက်ရှိနေတယ်။ ဝက်စ်ဟမ်းရဲ့ အားနည်းချက်က အသင်းကောင်းနဲ့တွေ့ရင် လိုက်ကောင်းပြီး ညံ့တဲ့အသင်းနဲ့တွေ့ရင် လိုက်ညံ့တယ်။ အသင်းကြီးတွေထဲမှာဆို သူ့ကိုနိုင်တဲ့အသင်းက စပါးတစ်သင်းပဲရှိတာပေါ့။ ဒါပေမဲ့ အသင်းငယ်တွေနဲ့ပွမြှာဆို ရလဒ်တွေက ခန့်မှန်းလို့ မရအောင် ဖြစ်ခဲ့တယ်။

လက်ရှိဝက်စ်ဟမ်းရဲ့ ရလဒ်တွေကျဆင်းရတဲ့ အဓိက အချက်က injury ပဲ။ အဓိက ကစားသမားတွေဖြစ်တဲ့ ပေယက်၊ လန်ဇီနီ၊ ဆာခိုတို့ဒဏ်ရာရနေလို့ အသင်းရဲ့တိုက်စစ်ပိုင်းက သိသိသာသာကျဆင်းသွားတယ်။ ခြေစွမ်းပြနေတဲ့ပေယက်နာသွားတာက တော်တော်လေးကို နစ်နာစေတယ်။ ပေယက်နဲ့ အာဂျင်တီးနားသားလေး လန်ဇီနီတို့ နှစ်ဦးက အလယ်တန်းတွေဖြစ်ပေမယ့် နှစ်ဦးပေါင်း ကိုးဂိုးအထိသွင်းထားကြတယ်။ ပြီးတော့ အားထားရတဲ့ တိုက်စစ်မှူးဆာခို။ သူက သုံးဂိုးသွင်းထားတယ်။ သူတို့လို ကစားသမားတွေ မပါဝင်နိုင်လို့ အသင်းရဲ့ရလဒ်တွေဆိုးနေပြီး နောက်ဆုံးနှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာပေါ့။ ဒါ့အပြင် ခံစစ်ပိုင်းမှာလည်း အားထားရတဲ့ ဝင်စတန်ရိဒ် ဒဏ်ရာရနေတာကလည်း စိတ်မချရတဲ့ ခံစစ်ပိုင်းကို ပိုပြီး ပျက်ယွင်းစေသလားလို့ ထင်ရတယ်။

သုံးသပ်ချက်

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဆွမ်ဆီးကွင်းမှာ တစ်ဂိုးစီသရေကျတယ်။ ဝက်စ်ဟမ်းကွင်းမှာတော့ ဝက်စ်ဟမ်းက ၃-၁ နဲ့အနိုင်ရတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီမှာတော့ ဝက်စ်ဟမ်းက ၂-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရထားတယ်ပေါ့။ နောက်ဆုံးသုံးကြိမ်မှာတော့ ဝက်စ်ဟမ်း အသာရတာကိုတွေ့ထားရတယ်။

နှစ်သင်းစလုံးက လက်ရှိမှာ အကျဘက်ရောက်နေတယ်။ ဝက်စ်ဟမ်းရဲ့ အခြေအနေက ထိတ်လန့်စရာမရှိသေးဘူး။ အမှားခံသေးတယ်ပေါ့။ ဆွမ်ဆီးကတော့ အဆင့် ၁၇ ကိုရောက်နေတယ်။  တန်းဆင်းဇုန်မှာ မေးတင်နေပြီ။ တော်တော်လေး ကြိုးစားရမယ့် အနေအထားမျိုး။ သူတို့တွေ ပြန်လာရတော့မယ်။ ကစားသမားတွေ စိတ်ဓာတ်အင်အားကောင်းကောင်း၊ စုစည်းမှုကောင်းကောင်းနဲ့ ရလဒ်ကောင်းအောင် ပြန်လုပ်ရတော့မယ်။ အနီးစပ်ဆုံးအနေနဲ့ဒီပွဲမှာ ရလဒ်ကောင်းအောင် ကြိုးစားရမယ်။

လောလောဆယ်မှာ ဝက်စ်ဟမ်းက injury တွေများနေလို့ အကျဘက်ရောက်နေတယ်။ ဆွမ်ဆီးကတော့ အိမ်ကွင်းအားသာချက်ရှိတယ်ပေါ့။ နှစ်သင်းစလုံးက နောက်ဆုံးငါးပွဲမှာ သုံးဂိုးစီသာသွင်းထားနိုင်လို့ တိုက်စစ်အားက ကျဆင်းနေတယ်။ အဲ့ဒီတော့ ဂိုးနည်းမယ်လို့ ခန့်မှန်းချင်တယ်။ ဘယ်လိုဂိုးနည်းမလဲဆိုတော့ စိတ်ဓာတ်အင်အားကောင်းကောင်းနဲ့ နည်းပြသစ်လက်ထက်မှာ ပြန်လာမယ့် ဆွမ်ဆီးက ၁-၀ နဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။

အလှဆုံးပွဲရွေးချယ်မှု - ဆွမ်ဆီး

ခန့်မှန်းသွင်းဂိုး - ဆွမ်ဆီး ၁-၀ ဝက်စ်ဟမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly