ရွှေ့ပြောင်းအလုပ်သမားများ မွေ့ရာဖြင့် မအိပ်တတ်ဟု အပြောမှားသည့် ဖေ့ဘုတ်ပို့စ်ကြောင့် စင်ကာပူဝန်ကြီး ဝေဖန်ခံနေရ

ရွှေ့ပြောင်းအလုပ်သမားများ မွေ့ရာဖြင့် မအိပ်တတ်ဟု အပြောမှားသည့် ဖေ့ဘုတ်ပို့စ်ကြောင့် စင်ကာပူဝန်ကြီး ဝေဖန်ခံနေရ

စင်ကာပူ၊ ဒီဇင်ဘာ ၂၀ ။              ။ စင်ကာပူနိုင်ငံက လူ့စွမ်းအားဝန်ကြီးဌာနသည် ပြည်ပအလုပ်သမားများနှင့် ပတ်သက်သည့် ဖေ့ဘုတ်ပို့စ်တစ်ခုတင်ခဲ့ရာမှ လူမှုမီဒီယာတွင် ဝေဖန်မှုများ   သောသောညံခဲ့သည်။

ဝန်ကြီးဌာန၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာ၌ ဝန်ကြီးဖြစ်သူ တီယိုဆာလပ်က အဆောင်နေ ရွှေ့ပြောင်းပြည်ပလုပ်သားတစ်ဦး၏ အိပ်ယာကုတင်ပေါ် လှဲလျောင်းနေသည့် ပုံကို တင်ခဲ့သည်။

ပုံစာကိုလည်း "ကျွန်တော် ကြားသိထားတာတော့ ရွှေ့ပြောင်းပြည်ပအလုပ်သမားတွေဟာ သူတို့နိုင်ငံမှာ နေခဲ့ရသလိုပဲ မွေ့ရာမပါဘဲ အိပ်ရတာကို ကြိုက်ကြတယ်ဆိုတာပါပဲ "ဟု ရေးသားဖော်ပြ ထားသည်။

ဝန်ကြီးဖြစ်သူ တီယိုအား ဘီဘီစီက လှမ်းမေးသော်လည်း ၎င်းက ထင်မြင်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဝန်ကြီးဌာနက နောက်ပိုင်းတွင် ထုတ်ပြန်ရာ၌ စာသားအား ဝန်ကြီးတီယိုက ရေးသားခဲ့ခြင်းမဟုတ်ကြောင်း၊ စီမံခန့်ခွဲရေးရုံးပိုင်းက တာဝန်ရှိသူတစ်ဦးကသာ ရေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

လူ့စွမ်းအားဝန်ကြီးဌာနကိုယ်စား ထုတ်ပြန်ချက်တွင် ဖေ့ဘုတ်က စာသားကို ဖယ်ရှားပေးမည်ဖြစ်ပြီး ရှင်းလင်းတောင်းပန်လည်း ထားသည်။

"မရည်ရွယ်ပဲ ထိခိုက်မှုတွေ ဖြစ်ခဲ့ရလို့ ကျွန်တော်တို့ ဝမ်းနည်းရပါတယ်။ နားလည်မှုလွဲမှားခြင်းတွေက ဒီပို့စ်ကြောင့်ပဲ ဖြစ်ရတာပါ။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ယင်းအဆောင်သို့ ဝန်ကြီးတီယိုက သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ယခုဖေ့ဘုတ်ပို့စ်ကြောင့် ကံခေရကာ သွားရောက်လည်ပတ်ခဲ့မှုက သဲထဲရေသွန်ဖြစ်ရကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် နိုင်ငံသားများ မလုပ်ကိုင်လိုကြသည့် ကုန်တင်ကုန်ချသင်္ဘောလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလုပ်လုပ်ကိုင်နေကြသည့် ပြည်ပအလုပ်သမား ထောင်ပေါင်းများစွာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly