ထိုင်းတွင် 4G မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအတွက် True နှင့် Jasmine ကုမ္ပဏီတို့ လေလံအောင်

ထိုင်းတွင် 4G မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအတွက် True နှင့် Jasmine ကုမ္ပဏီတို့ လေလံအောင်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ။             ။ ထိုင်းနိုင်ငံတွင် 4G ဝါယာလက်ဝန်ဆောင်မှုပေးနိုင်ရန် လေးရက်ကြာ လေလံခေါ်ယူခဲ့ရာ ပြိုင်ဖက်ကြီးများဖြစ်သည့် Advanced Info Service AIS နှင့် Total Access Communication DTAC တို့အား ဖြတ်ကျော်အနိုင်ရကာ True Corporation နှင့် Jasmine International တို့က လုပ်ငန်းလိုင်စင်ရရှိခဲ့၍ ရင်းနှီးမြုပ်နှံမှု ထိုင်းဘတ်ငွေ ၁၅၁ ဒသမ ၉၅ ဘီလီယံအား ပေးဆောင်ရတော့မည်ဖြစ်သည်။

China Mobile က ၁၈ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဘီလျံနာသူဌေးကြီး ဒါနန်ချာရာဗန်နော့၏ Charoen Pokphand Group က လည်ပတ်လုပ်ကိုင်နေသည့် True ကုမ္ပဏီသည် 900MHz ဖြင့် 4G ဝန်ဆောင်မှုအတွက် လေလံအောင်၍ ဘတ်ငွေ ၇၆ ဒသမ ၃ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး Jasmine က ၇၅ ဒသမ ၆၇ ဘီလီယံ ရင်းနှီးမြုပ်နှံသွားရမည်ဖြစ်သည်။

Jasmine အနေဖြင့် ယခုလေလံအောင်မြင်မှုသည် မိုဘိုင်းအင်တာနက်လုပ်ငန်းအတွင်းသို့ ပထမဆုံး ခြေချလုပ်ကိုင်ခြင်းပင်ဖြစ်သည်။ လက်ရှိတွင် ယင်းကုမ္ပဏီမှာ ရုပ်သံထုတ်လွှင့်မှု ဝန်ဆောင်မှုအား လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

လေးရက်ကြာ လေလံပွဲတွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်း၌ ၁၉၉ ကြိမ်မြောက် လေလံခေါ်ယူမှုဖြင့် ပွဲအဆုံးအဖြတ် ချမှတ်လိုက်နိုင်ခြင်းဖြစ်သည်။ ယခု လေလံပွဲက နိုင်ငံတော်ဘဏ္ဍာငွေကို ဘတ်ငွေ ၁၅၁ ဒသမ ၉၅ ဘီလီယံ ဖြည့်ဆည်းပေးနိုင်ပြီး ယခုနှစ်အတိုင်း မိုဘိုင်းဝန်ဆောင်မှုနယ်ပယ်၏ လေလံပွဲများမှ ရရှိငွေ စုစုပေါင်း ၂၃၂ ဒသမ ၇၃ ဘီလီယံအထိ ဝင်ငွေရရှိစေခြင်းဖြစ်သည်။

လေလံပွဲ၌ DTAC ကုမ္ပဏီအနေဖြင့် အကြီးအကျယ် ရှုံးခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက အလားတူ 1,800MHz ဖြင့် 4G ဝန်ဆောင်မှု လေလံပွဲ၌လည်း AIS နှင့် True တို့ကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် နှစ်ခါပြန် အထိနာခြင်းဖြစ်သည်။

ယခု လေလံပွဲတွင် ရှုံးနိမ့်ခဲ့သည့် AIS နှင့် DTAC တို့ကို ရင်းနှီးမြုပ်နှံသူများက အနိုင်ရမည်သာ ထင်ထားခဲ့ကြ၍ အံ့သြဖွယ်ရလဒ်ထွက်ခဲ့သည့် လေလံပွဲလည်း ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly