ကရင်ပြည်နယ်မှ သမိုင်းဝင် ဂူကြီးများ

19 December 2015
ကရင်ပြည်နယ်မှ သမိုင်းဝင် ဂူကြီးများ

ဂူတခုထဲကို ဝင်သွားတဲ့အခါ အိပ်မက်ကမ္ဘာထဲရောက်သွားရသလိုပါပဲ။ တစ်ကြိမ်တစ်ခါမှ မကြုံဖူးသေးဘူးဆိုရင်တော့ အရာရာဟာထူးခြားဆန်းပြားနေမှာပါ။

တစ်ခါတစ်လေမှာလင်းနို့တွေရဲ့ အော်သံ၊ တောင်ပံခတ်သံတွေကစိတ်လှုပ်ရှားစရာကောင်းသလို၊ထုံးကျောက်သားတွေကနေစိမ့်ထွက်လာတဲ့ ရေစက်ကျသံတွေကလည်းဂူထဲမှာဆိုပိုပြီးကျယ်လောင်နေသလိုခံစားရပါလိမ့်မယ်။ နောက်တစ်ခုကတော့ ဂူအတွင်းပိုင်းပတ်ဝန်းကျင်ဟာ အေးစိမ့်နေပြီးကမ္ဘာသစ်တခုမှာရောက်နေသလိုသလို၊ အဲသလိုအချိန်မှာတော့ အရာရာတိုင်းကိုစူးစမ်းကြည့်ချင်စိတ်တွေ ပေါ်လာမယ်ဆိုတာတော့ သေချာပါတယ်။

ဒါတွေက ဒီနေ့ ကျနော်ရောက်နေတဲ့ ကရင်ပြည်နယ်ကဂူတွေရဲ့အကြောင်းတပိုင်းတစသာ ဖြစ်ပါတယ်။ ဂူကြီးတွေဟာရှေးခေတ်ကာလရဲ့ သမိုင်းအချက်အလက်တွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ ကမ္ဘာမြေရဲ့ ဆန်းကြယ်မှုတွေကိုပါ ရင်သပ်ရှုမောမဆုံးခံစားထိတွေ့နိုင်မယ့်နေရာတွေဖြစ်ကြပါတယ်။ ဒီအကြောင်းတွေကို မကြာခင်မှာကျနော်ရောက်နေရာ Tasty Trip ခရီးစဉ်နဲ့အတူတွေ့ရမှာဖြစ်ပါတယ်။

ကရင်ပြည်နယ်ဟာ သဘာဝကျောက်တောင်တွေ ပေါများတည်ရှိရာဒေသတစ်ခုဖြစ်ပါတယ်။ မြင့်မားမတ်စောက်တဲ့မိုးမျှော် တောင်ကုန်းတောင်တန်းတွေနဲ့အတူ သဘာဝအထိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်လှိုှုဏ်ဂူတွေလည်းရှိနေပြန်ပါတယ်။

ကရင်ပြည်နယ် မြို့တော် ဘားအံမြို့ကိုရောက်သွားတာနဲ့ အနီးအနားပတ်ဝန်းကျင်မှာ သွားရောက်လည်ပတ်စရာ ဂူပေါင်းအနည်းဆုံး ၆ ဂူလောက်အထိတော့ ရှိပါတယ်။ ဒီနေ့ ကျနော်တို့ ပထမဆုံးသွားမယ့်ဂူကတော့ ဆဒ္ဒန်လှိုဏ်ဂူဖြစ်ပါတယ်။

ဆဒ္ဒန်လှိုဏ်ဂူဟာကရင်ပြည်နယ်မှာတော့ အကြီးဆုံးအရှည်ဆုံးဂူဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာတော့ ပဉ္စမမြောက် အရှည်ဆုံးဂူကြီးဖြစ်ပါတယ်။ ပြီးတော့ ဒီဂူကြီးဟာကရင်ပြည်နယ်မှာကျော်ကြားတဲ့ ဇွဲကပင်တောင်တန်းကြီးရဲ့ အစွန်ဆုံးနေရာမှာရှိနေတဲ့ ဂူကြီးဖြစ်ပါတယ်။ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ရဲ့ တောင်ဘက်အရပ်မှာရှိပြီးမော်တော်ကားနဲ့ ၁၅ မိုင်ခရီးလောက် သွားရမှာဖြစ်ပါတယ်။

ဇွဲကပင်တောင် အနောက်ဘက်ကားလမ်းအတိုင်း အိန္ဒုရွာကြီးအထိသွားပြီး အဲဒီရွာလမ်းခွဲကနေတဆင့် ကော့စိန်ဘန်၊ ကော့သိန်းခီး စတဲ့ရွာတွေကို ဖြတ်ပြီးသွားရမှာဖြစ်ပါတယ်။

ဆဒ္ဒန်လိုဏ်ဂူတော်ကိုရောက်ပြီဆိုတာနဲ့ ပထမဆုံးဆဒ္ဒန်ဆင်မင်းပုံတူဆင်ဖြူတော်နှစ်စီးကို အဝင်မုဒ်ဝမှာ တွေ့ရမှာဖြစ်ပါတယ်။ ဆင်ဖြူတော် ၂ စီးရဲ့ နောက်ကျောဘက် မုဒ်ဦးပြသာဒ်ဆောင်   လှေကားအတိုင်း တက်ပြီးရင်တော့ ပေ ၅၀ လောက် အမြင့်ရှိပြီး၊ပေ ၁၀၀ လောက် အကျယ်ရှိတဲ့ မဟာဆဒ္ဒန်လှိုဏ်ဂူတော် အဝင်ဝကို ရောက်သွားမှာဖြစ်ပါတယ်။

ဆဒ္ဒလှိုဏ်ဂူရဲ့ တခြားဂူတွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ တဖက်ပိတ်ဂူမဟုတ်ပဲ အခြားတဖက်မှာလည်း အပေါက်ရှိတဲ့ တိုးလျိုပေါက် ဂူအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ဂူရဲ့ တခြားဘက်အထိကျနော်တို့ သွားကြည့်ကြမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ခုဆိုလို့ ရှိရင် ကရင်ပြည်နယ်က ထူးခြားတဲ့ ကျောက်လှိုဏ်ဂူဖြစ်တဲ့ ဆဒ္ဒန်ဂူထဲကို ရောက်နေပါပြီ။ ဒီဆဒ္ဒန်ဂူ ကြီးဟာ ဝင်လိုက်တာနဲ့ အေးစိမ့်နေပြီးတော့  အရမ်းကို ထူးခြားတဲ့ သဘာဝပုံ သဏ္ဍန်တွေ ပေါ်နေတာကိုလဲ တွေ့ရပါတယ်။ ဒီကျောက်လှိုဏ်ဂူကြီးဟာ ကရင်ပြည်နယ်မှာတော့ အရှည်လျားဆုံးလို့ ပြောကြပါတယ်။ ဘယ်လောက်ထိရှည်မလဲ ဘယ်လောက်ထိ ထူးခြားတာတွေ တွေ့မလဲဆိုတာ ကျွန်တော်တို့ မကြာခင် သိရပါအုံးမယ်။ ကျွန်တော်တို့ ဂူထဲကို ဆက်လက် ဝင်သွားအုံးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာရှိနေတဲ့ ဒီဂူကြီးကိုဘာကြောင့် ဆဒ္ဒန်ဂူလို့ခေါ်ကြသလဲ၊ ဘုရားလောင်းဇာတ်တော်လာ ဆဒ္ဒန်ဆင်မင်း ပျော်မွေ့ရာနေရာအဖြစ် တင်စားမှည့်ခေါ်ထားကြတာဖြစ်ပါတယ်။

ဆန္ဒလှိုဏ်ဂူအတွင်းပိုင်းမှာတော့ လျှပ်စစ်မီးသွယ်တန်းထားပြီးအလင်းရောင်အသင့်အတင့်ရှိနေပါတယ်။ လှိုဏ်ဂူကြီးအတွင်းမှာတော့ သဘာ၀ ကျောက်စက်ပန်းဆွဲနဲ့  ကျောက်စက် မိုးမျှော်တိုင်ကြီးတွေကို  တွေ့ရပြီးအတွင်းပိုင်းမြေမျက်နှာပြင်ဟာ စိုထိုင်းပြီးနဲနဲတော့ ချောနေပါတယ်။

ဆဒ္ဒန်ဂူဟာရှေးခေတ်ရဲ့ ဗုဒ္ဓဘာသာအမွေအနှစ်လက်ရာတွေကိုအများအပြားတွေ့ရမှာဖြစ်ပြီး သူတော်စင်တို့ တရားဓမ္မမကျင့်ကြံအားထုတ်ခဲ့ရာ နေရာအဖြစ်လည်းထင်ရှားပါတယ်။

ဇွဲကပင်တောင်တန်းကြီးမှာရှိနေတဲ့ ဆဒ္ဒန်ဂူဟာရှေးခေတ် ကရင်ရာဇဝင်အရဆိုရင်တော့ ပအာဝနပြည့်ရှင် ဘုရင်မဖြစ်မီ မုဆိုးဘဝမှာ တောလိုက်ရင်းနားခိုရာနေရာဖြစ်ခဲ့ဖူးတယ်လို့လည်းဆိုပါတယ်။

ဆဒ္ဒန်ဂူရဲ့ တခြားဘက် အထွက်ပေါက်ကိုရောက်လာချိန်မှာတော့ ရေကန်ကြီးတစ်ကန်ကိုတွေ့ရမှာဖြစ်ပြီး အဲဒီရေကန်ကိုလည်း ဆဒ္ဒန်ဆင်မင်းရေချိုးကန်အဖြစ် တင်စားထားကြပါတယ်။

ဆဒ္ဒဂူရဲ့ ထူးခြားချက်တခုကတော့ ဂူအဝင်ပေါက်ဝကနေ တဖက်ဂူပေါက်ဆီရောက်ပြီဆိုရင်တော့ အခုတွေ့ရတဲ့ရေကန်လေးအတိုင်း လှေစီးပြီးမူလ ဂူပေါက်ဝဆီ ပြန်သွားနိုင်တဲ့ လမ်းကြောင်းရှိနေတာ ဖြစ်ပါတယ်။

ရေကန်ထဲမှာလှေစီးရင်းအခြားတဖက်ကိုသွားနိုင်တဲ့ ဂူအမိုးတစ်ခုအောက်ကနေလှေစီးသွားရမှာဖြစ်ပါတယ်။ တောတောင်သဘာ၀ အလှတွေကိုလည်းအံ့မခန်းခံစားနိုင်မယ့်   နေရာတစ်ခုလို့   ပြောရမှာဖြစ်ပါတယ်။

ဒီနေရာဟာ မြန်မာ့ရှေ့သမိုင်းခေတ်တစ်ခုရဲ့ အနုပညာ ဗိသုကာတွေကို အံသြစရာကောင်းလောက်အောင် တွေ့မြင်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့အနီးမှာရှိ တဲ့ ကော့ဂွန်းကျေးရွာ အနီးက ကော့ဂွန်း ထုံးကျောက် တောင်ပေါ်က ထုံးကျောက် လိုဏ်ဂူဖြစ်ပါတယ်။  ဒီမှာရှိနေတဲ့ အနုပညာ လက်ရာတွေဟာ ဘယ်အချိန်ကစတင်ပေါ်ပေါက်လာခဲ့ သလဲဆိုတဲ့ သမိုင်းဆိုင်ရာ အထောက်ထား တွေကတော့ အတိအကျ မသိရသေးပါဘူး။ ကျွန်တော်တို့ ဒါကို ဆက်ပြီး လေ့လာကြရအုံးမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ရဲ့ အနောက်တောင်ဘက် သံလွင်မြစ်ရဲ့ တဘက်ကမ်းမှာရှိနေတဲ့ သမိုင်းဝင် ဂူကြီးတစ်ဂူဖြစ်ပါတယ်။ ကော့ဂွန်းဂူကြီးဟာနံရံကပ် အုပ်ခွက်ဘုရားတွေ၊ ရှေးခေတ် ကိုးကွယ်မှုဆိုင်ရာ အထောက်အထား လက်ရာတွေကြောင့် သမိုင်းတန်ဘိုးကြီးမားပြီးထင်ရှားတဲ့ ဂူကြီးဖြစ်ပါတယ်။

အထောက်အထားအနုပညာလက်ရာတွေ ကဗျည်း ကျာက်စာတွေအရလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်ကာလအေဒီ ၇ ရာစုလက်ရာတွေအဖြစ် ခန့်မှန်းထားကြပါတယ်။

ဒီဂူက ထေရဝါဒဗုဒ္ဓဘာသာ ၁၁ ရာစု မတိုင်ခင်မှာ ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ အရင် ဟိန္ဒူ၊ သျှီ၀ တို့ နတ်ဘုရား ကိုးကွယ်မှုတို့ ပေါ့နော်။ အဲဒီယဉ်ကျေးမှု လက်ရာ အရင်ပေါ့နော် ယဉ်ကျေးမှု ဝန်ကြီး ဌာနက နေပြီးတော့ ၇ရာစုနှစ် သတ်မှတ်တယ်ပေါ့။ ၇ရာစုနှစ် ယဉ်ကျေးမှု အမွေနှစ်တွေ ရှိတယ်။ ပုဂံက ၁၁ ရာစုဆိုတော့ ပုဂံထက်စောတယ်ပေါ့။ ဒါပေမယ့် ဗုဒ္ဓဘာသာ သည် ၁၁ရာစုမှာ ရှိတဲ့ အတွက် ၁၁ ရာစု ထေရဝါဒဗုဒ္ဓရုပ်ပွားတော်တွေ အုတ်ခွက်ဘုရားတွေ ပုဂံနဲ့ ယဉ်ကျေးမှုချင်း တူတယ်ပေါ့နော်။ ၇ ရာစုလို့  ပြော တဲ့ကြောင်း ကတော့ ကျွန်တော်တို့ ထေရဝါဒနဲ့ ခေတ်စောတဲ့ ဟိန္ဒူ၊ သျှီ၀ တို့ အဲဒီ နတ်ကိုးကွယ်မှု သူတို့ရဲ့ ဘာသာရေး ကျောက်စာ ရုပ်လုံး ရုပ်ကြွတွေ ကျန်ခဲ့တဲ့ အတွက် အဲလို သဘောတရား ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပုဂံထက်လည်း စောတယ်လို့ ဘုရားဖူးဧည့်သည်တွေ သမိုင်းပညာရှင်တွေက သုံးသပ်တယ်ပေါ့နော်။

ကော့ဂွန်းဂူရဲ့ ရှေးခေတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာအထောက်အထားတွေထဲမှာတော့ ဗြဟ္မာ၊ ဗိဿနိုးနဲ့ မဟေသရခေါ် သျှီဝနတ်ရုပ်ပုံတွေကိုလည်း တွေ့ရပြီးဟိန္ဒူအယူဝါဒဆိုင်ရာ ရုပ်ထုတွေလည်းရှိနေပါတယ်။

၁၁ ရာစုအလယ်ပိုင်းကာလမှာတော့ ပုဂံပြည့်ရှင် အနော်ရထာမင်းဟာသထုံဘုရင် မနူဟာမင်းကို စစ်မက်ပြုခဲ့ပါတယ်။ အဲဒီနောက် စစ်ဘေးရှောင် မုတ္တမ မိဘုရားကြီးဟာ ကော့ဂွန်းဂူကိုရောက်လာပြီး ပုန်းအောင်းနေစဉ်အတွင်းစေတီတွေ၊ ဗုဒ္ဓဆင်းတုတော်တွေ ထုလုပ်ပူဇော်ခဲ့တဲ့အကြောင်း စာပေ အထောက်အထားတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကာလမတိုင်ခင်ကတည်းကနံရံကပ် ရုပ်ပွားတော်တွေ ပူဇော်ခဲ့ကြတဲ့ အထောက်အထားတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

၁၁ ရာစုမှာသထုံမှာမနူဟာမင်း  ထေရဝါဒသာသနာနဲ့ ပတ်သက်ပြီးတော့ ဒီသထုံမှာ သာသနာစတယ်။ အဲဒီမှာ ပုဂံမှာ အနော်ရထာက ဒီဘာသာတရားတွေရဲ့ ညစ်နွမ်းမှု အယူဝါဒ တွေကို မကြိုက်တဲ့ အတွက် ဒီ အရီးကြီး ဝါဒ တွေကို တိုက်ဖျက်တယ်။ တိုက်ဖျက်ပြီး အစားထိုးမယ့်  အရာမရှိဘူး။ အစားထိုးမယ့် အရာ မရှိတဲ့ အတွက် အနော်ရထားမင်းကနေပြီးတော့ ဒီသထုံက မနူဟာမင်းဆီမှာ ပိဋကပ်တော်တွေ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ သံတမန်နည်းလမ်းနဲ့ တောင်းခံတယ်ပေါ့နော်။

အဲဒီလို တောင်းခံတဲ့ အခါမှာ မနူဟာမင်းကတော့ ပုဂံမင်းထက် ဘုရင် သက်တမ်းလဲ ကြီးတယ်။ အသက်အားဖြင့်လဲ ကြီးတယ်ဆိုတော့ မြန်မာဘုရင်တစ်ပါးကနေ တောင်းခံတာကို တစ်မျိုး သဘောပေါက်တဲ့ အတွက် သံတမန်နည်းလမ်းနဲ့ မရတဲ့ခါကျတော့ အနော်ရထာမင်းက စစ်ရေးအရ တိုက်ခိုက်တဲ့ အခါကျတော့ အဲဒီမှာ မနူဟာမင်းရဲ့ မိဘုရားသည် ကျွန်တော်တို့ မုတ္တမြို့ ပိုင်စားတဲ့ မိဘုရားနဲ့ သူရဲ့ စစ်ရှုံးတဲ့ သားတော်၊ သမီးတော်တွေဟာ   ဒီမှာလာပုန်းအောင်းတယ်။

ပုန်းအောင်းပြီးတော့ သုတ်ဝေါမြို့ဆိုတာ ရှိတယ်။ သုတ်ဝေါမြို့ဆိုတာက သထုံနဲ့ ဘားအံနဲ့ ကြားမှာရှိတယ်။ ပင်လယ်ရေကြောင်းအရ ဆက်စပ်မှု ရှိတယ်။  အဲဒီမြို့ပေါ်မှာ အုတ်ခွက်ဘုရား   ကျောက်ဆင်းတုတော်တွေကို ထုထွင်းပြီးတော့ ပူဇော်ကြတယ်။  ဒါတွေဟာ မြေအုတ်ခွက် ဘုရားတွေပေါ့နော်။  အရင်တုန်းကဆိုရင် ဒါတွေဟာ နံရံပေါ်မှာ အပြည့်ရှိပါတယ်။ နောက်ရွှေရောင်တွေဟာ အပြည့်ရှိပါတယ်။ အရင်တုန်းကတော့ သဘာဝ  သစ်သီး သစ်ရွက်တွေက ရတဲ့ အဆေးတွေကို ကော်အဖြစ် အသုံးပြုပြီး လုပ်တာပေါ့နော်။ အရင်တုန်းကတော့ ဘိလပ်မြေဆိုတာ မရှိဘူးပေါ့နော်။ အဲလိုမျိုးတွေ အသုံးပြုပြီး ဒါတွေကို အုတ်ခွက်တွေကို နံရံမှာ ကပ်တယ်။  အဲလိုကပ်တဲ့အတွက် ဒါတွေဟာ နှစ်ပေါင်းများလာတဲ့ အခါမှာ ထုံးကျောက်ဆိုတာ နှစ်ကာလ များလာတာနဲ့ အမျှ ထုံးကျောက် သဘောက ကြွတယ်ပေါ့နော်။ အဲဒီ ကြွတဲ့ အချိန်တွေ ကြောင့် ဒါတွေဟာ ကွာလာတာပေါ့နော်။

ကော့ဂွန်းဂူဟာတဖက်ပိတ် လှိုဏ်ဂူဖြစ်ပြီးအတွင်းဘက်ကိုအနည်းငယ်ပဲ ဝင်နိုင်တဲ့ ဂူဖြစ်ပါတယ်။ ဒါပေမယ့် ဂူအဝနဲ့ ထုံးကျောက်တောင် နံရံမှာတော့ လက်ရာမြောက်တဲ့ အနီရောင် အုတ်ခွက်ဘုရားတွေကို မြောက်အများ တွေ့ရပါတယ်။

ကရင်ပြည်နယ် ဒေသတွင်းမှာရှိတဲ့ အခြားဂူတွေမှာလည်း ရှေးဟောင်းဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက်ရာတွေ ရှိနေပေမယ့် ကော့ဂွန်းဂူကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။

ဒီလိုလက်ရာမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီမှာဆိုရင်တော့ ကျွန်တော်တို့ ကရင်ပြည်နယ်တွင်းမှာတော့ ဒီလို အုတ်ခွက် ဘုရားတွေနဲ့ တစ်တန်းတည်းသွားတာကတော့ ကရင်ပြည်နယ် ထုံးကျောက်လှိုဏ်ဂူ တော်တော် များများ ရှိတယ်။ အဲဒီထုံးကျောက်လှိုဏ်ဂူတော်တော်များများ ထင်ရှားတာ ဒီဘက်ဘေးမှာဆို ရသေ့ပျံဆိုတာ ရှိတယ်။ နောက် ကော့ကသောင် ဆိုတာ ရှိမယ်။ အဲမှာလဲ ဒီလို အုတ်ခွက် ဘုရားတွေ ရှိပါတယ်။

ဒါပေမယ့် ကော့ဂွန်းဂူမှာတော့ နံရံ အုတ်ခွက် ဘုရား အများဆုံးပေါ့နော်။ ထေရဝါဒ ဘာသာရဲ့ အရင် ဒီ သျှီဝတို့ ဗိဿနိုးတို့ နတ်ဘုရား ကိုးကွယ်မှုတွေရဲ့ သူတို့ရဲ့ ဘာသာတရား အထိမ်းအမှတ် ရုပ်လုံး ရုပ်ကြွတွေ ရှိတယ်။ ကျွန်တော်တို့ ဒီမှာဆိုရင် ၇ ရာစုပေါ့နော်။ ယိုးဒယား ပိဋကပ် တိုက်က ကျောက်စာမှာ ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်က ရဟန်းဘဝမှာ ရှိနေတဲ့ အချိန်မှာ တကယ့် ထိုင်းနိုင်ငံ သူက မြန်မာ လူမျိုးပေါ့။ မွန်ပြည်နယ်မှာ နေပါတယ်။ အဲဒီ ရဟန်းတော်က ထိုင်းနိုင်ငံက သူ့ရဲ့ ဒကာ၊ ဒကာမ တွေနဲ့ အမြဲတမ်း ဘုရားဖူး လေ့လာလေ့ ရှိတယ်။ အဲဒီမှာ သူရဲ့ ပြောပြချက်အရဆိုရင် ယိုးဒယား ပိဋကပ် ကျောက်စာမှာ ၆ ရာစုနှစ်လက်ရာ နဲ့ သွားတွေ့တယ်။ ဒီမှာတော့ တစ်ရာစု နောက်ကျတယ်ပေါ့။

ရှေးနှစ်ပေါင်းများစွာကတည်းက ယုံကြည်ကိုးကွယ်မှုဆိုင်ရာယဉ်ကျေးမှု အမွေနှစ်တွေဟာခေတ်အဆက်ဆက် ရှိခဲ့တယ်လို့ ယူဆရမှာဖြစ်ပြီးအဲဒီဖြစ်စဉ်တွေကပဲ စိတ်ဝင်စားစရာ   လေ့လာစရာ   နေရာတခုအဖြစ် ထင်ရှားနေခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကရင်ပြည်နယ်တွင်းမှာ ရှိတဲ့ ကျောက်ဂူတော်တော်များများကို လေ့လာ ခဲ့ပြီးပါပြီ။ ကရင်ပြည်နယ်ဟာ ဆိုလို့ ရှိရင် ကျောက်ဂူ လှိုဏ်ဂူတော် ပေါများပြီးတော့ ပြည်တွင်း ပြည်ပ ဧည့်သည်တွေ အများပြားလာလေ့လာတဲ့ ဒေသလဲ ဖြစ်ပါတယ်။ ခုကရင်ပြည်နယ် တွင်းမှာ ထူးခြား ထင်ရှားတဲ့ ဂူဖြစ်တဲ့ ဘုရင့်ညီ ဂူကိုသွားပြီး ကျွန်တော်တို့ လေ့လာ အုံးမှာ ဖြစ်ပါတယ်။

ကျနော့်နောက်မှာ မြင်နေရတဲ့တောင်ကတော့ ဘုရင့်ညီဂူတည်ရှိရာတောင်ကြီးဖြစ်ပါတယ်။

ဘုရင့်ညီဂူဟာကရင်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်နဲ့ ဒုံသမိမြစ်တို့ အကြားမြေပြန့်ပေါ်မှာထီးထီးကြီးထိုးထွက်နေတဲ့ ကျောက်တောင်ကြီးရဲ့ အတွင်းပိုင်းမှာရှိနေတဲ့ဂူဖြစ်ပါတယ်။ မြို့တော်ဘားအံရဲ့ အနောက်မြောက်ဘက် ၁၅ မိုင်ကျော်အကွာမှာရှိတဲ့ ဂူဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာတော့ ဘုရင့်ညီဂူဟာလည်းထင်ရှားကျော်ကြားတဲ့ ဂူဖြစ်ပါတယ်။ ဘုရင့်ညီဂူကိုသွားရောက်လေ့လာမယ် ဆိုရင်တော့ တခြားဂူတွေနဲ့ မတူထူးထူးခြားခြား ကိုယ်တိုင်ခံစားခွင့်ရမယ့် အရာကတော့ ရေပူအိုင်မှာရေချိုးခွင့်ရမှာပဲဖြစ်ပါတယ်။

ဘုရင့်ညီဂူရှိရာတောင်ခြေကိုရောက်ပြီဆိုရင်တော့ သဘာဝအတိုင်း စိမ့်ထွက်နေတဲ့ ရေပူစမ်းရေကန်ကြီးကိုပထမဆုံးတွေ့ရမှာဖြစ်ပြီး ၁၂ ရာသီပတ်လုံးပုံမှန်ရှိနေတဲ့ ထူးခြားတဲ့ ရေပူကန်ကြီးဖြစ်ပါတယ်။   နောက်တခုကဒီရေစမ်းရေကန်ဟာလူတွေရေချိုးနိုင်တဲ့ သင့်တင့်တဲ့အပူချိန် ရှိနေတာဖြစ်ပါတယ်။

ရေပူစမ်းရေကန်ကြီးရဲ့နောက်ထပ်ထူးခြားချက်ကတော့ ဒီရေကိုချိုးရင် ရောဂါဘယပျောက်ကင်းတယ်ဆိုတဲ့ ယုံကြည်မှုရှိကြသလိုတကယ့်လက်တွေ့ သာဓကတွေလည်းရှိခဲ့ဖူးတာကြောင့် လူသိများ ထင်ရှားတဲ့ အကြောင်းတခုဖြစ်လို့နေပါတယ်။

အမြင့်ပေ ၄၀၀ ရာလောက်ရှိတဲ့ တောင်ရဲ့ အောက်ခြေကိုနည်းနည်းလောက်တက်လိုက်တာနဲ့ ဘုရင့်ညီ ဂူပေါက်ဝကို ရောက်သွားမှာဖြစ်ပါတယ်။

ရှေးခေတ် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားခဲ့ရာဒေသဖြစ်ခဲ့တာကြောင့် အခြားဂူတွေမှာတွေ့ရတဲ့အတိုင်း ဗုဒ္ဓဘာသာယဉ်ကျေးမှု လက်ရာတွေကိုတွေ့ရပြီး စိတ်ဝင်စားစရာ ဂူပေါက် အများအပြား ခွဲထွက်နေတာကိုလည်း တွေ့ရပါတယ်။

ဘုရင့်ညီဂူဟာ လျှပ်စစ်မီးတွေ စနစ်တကျရှိနေတာရယ်၊ အောက်ခံလူသွားလမ်းကို ကွန်ကရစ်လမ်း ပြုလုပ်ပေးထားတာကြောင့် ဂူအတွင်းပိုင်းသွားလာလို့ အဆင်ပြေတဲ့ ဂူကြီးဖြစ်ပါတယ်။
တချိန်ကတော့ ဒီနေရာတွေဟာပင်လယ်ရေအောက်မှာရှိခဲ့ဖူးတဲ့နေရာတွေလို့ မှတ်ယူထားကြသလို သဘာဝလိုဏ်ဂူတွေရဲ့ ထူးခြားအံ့သြစရာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ဘုရင့်ညီဂူရဲ့ မူလအမည်ဟာမဟာပါသာဏရတနာလှိုဏ်ဂူတော်ဖြစ်ပါတယ်။ အဲဒီကနေတဆင့် မဟီသရာဇာဘုရင်ကြီးတရားအားထုတ်ခဲ့ပြီးဘုရားစေတီပုထိုးတွေတည်ထားရာကနေဘုရင်ကြီးဂူလို့ အမည်ပြောင်းလဲခဲ့တယ်လို့ မှတ်တမ်းတွေမှာတွေ့ရပါတယ်။

နောက်ထပ် မှတ်တမ်းတခုကတော့ ပုဂံပြည့်ရှင် အနော်ရထာမင်းသထုံကိုတိုက်ခိုက်သိမ်းပိုက်ချိန် တိုင်းပြည်မငြိမ်မသက်ဖြစ်နေတာကြောင့် မနူဟာမင်းကြီးရဲ့ သားတော် ၂ ပါးဖြစ်သူသီဟကုမ္မာရနဲ့ စိတ္တကုမ္မာရမင်းသားညီနောင် ၂ ပါးလာရောက်ပုန်းရှောင်ရင်းတရားရှာဖွေခဲ့ရာဂူဖြစ်ခဲ့တာကြောင့် အရင် ဘုရင်ကြီးဂူအမည်ကနေ ဘုရင့်ညီနောင်ဂူရယ်လို့ ဖြစ်လာပြီးဒီနေ့အချိန်မှာတော့ ဘုရင့်ညီဂူလို့သာ လူသိများထင်ရှားလာပါတယ်။

ဘုရင့်ညီဂူဟာသမိုင်းကြောင်းအရ စိတ်ဝင်စားစရာကောင်းသလိုပဲ ဂူရဲ့အတွင်းပိုင်း သဘာ၀ အလှအပတွေကလည်းအံ့သြမဆုံးနိုင်အောင် တွေ့ကြရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly