ရနောင်းလူသတ်မှုစွပ်စွဲခံရသူများ နိုင်ငံသားထောက်ခံချက်တောင်းခံခြင်း မရှိဟု ငြင်းဆို

ရနောင်းလူသတ်မှုစွပ်စွဲခံရသူများ နိုင်ငံသားထောက်ခံချက်တောင်းခံခြင်း မရှိဟု ငြင်းဆို
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ထိုင်းအမျိုးသမီးတစ်ဦးကိုသတ်သညဟုစွပ်စွဲခံထားရသူ မြန်မာနိုင်ငံသာား ၄ဦး။

ရန်ကုန်၊ ဒီဇင်ဘာ ၁၉။          ။ထိုင်းနိုင်ငံ၊ ရနောင်းတွင်လူသတ်သည်ဟုစွပ်စွဲခံရသူ မြန်မာနိုင်ငံသားလေးဦးအတွက် နိုင်ငံသားဖြစ်ကြောင်းထောက်ခံချက် တောင်းခံထားခြင်းမရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာနအမြဲတန်းအတွင်းဝန် ဦးအောင်လင်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၁၈ရက်တွင် အကြောင်းပြန်ဖြေကြားသည်။

"မြန်မာနိုင်ငံသားကိစ္စဆိုအမြန်ဆုံးရောက်တယ်၊ စုံစမ်းမေးမြန်းတာမရှိဘူး။ စာလည်းမရောက်ဘူး။ နိုင်ငံသားကိစ္စတွေကိုအမြန်ဆုံးလုပ်ပေးနေတာပါပဲ၊ လိပ်ကျွန်းဆိုလည်း သိတဲ့အတိုင်းလုပ်သင့်တာတွေအကုန်လုပ်ပေးပါတယ်" ဟု ၎င်းကဆိုသည်။

ရနောင်းလူသတ်မှုနှင့် စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ၄ဦးအတွက် နိုင်ငံသားဖြစ်ကြောင်းထောက်ခံစာတောင်းဆိုထားသော်လည်းမရရှိသေးဟု အမှုအကူအညီပေးနေသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ကပြောဆိုသည့်အပေါ် အမြဲတမ်းအတွင်းဝန်သို့ မဇ္ဈိမကဖုန်းဖြင့်မေးမြန်းခဲ့သည်။ ၎င်းကထိုင်းနိုင်ငံရှိကောင်စစ်ဝန်သို့ ပြန်လည်မေးမြန်းပြီး မဇ္ဈိမသို့ဖြေကြားပေးခြင်းလည်းဖြစ်သည်။

၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တွင် အသက် ၁၈နှစ်အရွယ်၊ ထိုင်းကျောင်းသူတစ်ဦးကို ဓါးဖြင့် ၁၇ ချက်ဖြင့် ထိုးသတ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားများဖြစ်သည့် မိုးဇင်အောင်နှင့် မော်ဝေလင်း၊ စိန်ကတုံးနှင့် ကျော်စိုးဝင်း တို့ကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလအတွင်းဖမ်းဆီးခဲ့သည်

MATအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထူးချစ်ကမူ "စွပ်စွဲခံရတဲ့လေးယောက်အတွက် နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာတောင်းထားတာမရသေးဘူး၊ တစ်လကြာပြီ၊ အလုပ်များလို့လားမသိဘူး။ စာပို့ထားတာ၊ ဘာမှမသိရသေးဘူး" ဟု ဒီဇင်ဘာ ၁၈ရက်သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။

ထိုင်းနိုင်ငံရှိ မြန်မာသံအမတ် ဦးဝင်းမောင်ကိုလည်း မဇ္ဈိမကတယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် မိမိအနေဖြင့် အတိအကျမသိရှိထားသော်လည်း ယင်းကဲ့သို့မြန်မာနိုင်ငံသားများနှင့် ပက်သက်သည့်ကိစ္စများကို ကောင်စစ်ဌာနမှ အမြန်ဆုံးဆောင်ရွက်ပေးနေသဖြင့် တောင်းဆိုခဲ့ပါက ပြန်လည်တုန့်ပြန်ပေးအပ်မည်ဟု ဆိုသည်။

ရနောင်းလူသတ်မှုဖြင့်စွပ်စွဲခံရသူ မြန်မာလေးဦးအတွက် ထိုင်းရဲချုပ်၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီနှင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ထံ အမှုနှင့်ပက်သက်ပြီး အမှန်တရား ပေါ်ပေါက်နိုင်ရေးကူညီဆောင်ရွက်ပေးရန်လည်း အမှုအကူအညီပေးနေသည့် မြန်မာအဖွဲ့က တောင်းဆိုထားသည်။

"အခုအမှုကလည်း တစ်ကယ်သတ်ခဲ့တဲ့သူတွေမဟုတ်ဘူး။ သတ်တဲ့သူဘယ်သူဆိုတာကိုလည်း ကျွန်တော်တို့ စုံစမ်းမှုတွေအရသိပြီးသွားပြီ၊ ဒီတော့တစ်ကယ်မလုပ်တဲ့သူတွေကို အပြစ်မခံရအောင်လု့ိလုပ်ပေးနေတာ၊ ဒီကလေးတွေက လုံးဝကိုလွတ်ရမှာပါ။ သက်သေတွေကလည်းကျွန်တော်တို့ဖက်မှာ အကုန်ရှိပါတယ်။" ဟု အမှုနှင့်ပက်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောသည်။

ထိုင်းရဲကစွပ်စွဲထားသည့် မြန်မာ ၄ဦးကိုဖမ်းဆီးထားသည့် ယမန်ရက်မှာ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီတွင် ပြည့်မည်ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က လက်ရှိထက်ပိုမိုခိုင်လုံသည့် သက်သေများကိုမရှာဖွေနိုင်ပါက ၎င်းတို့ ၄ဦးလုံး စွပ်စွဲခံထားရသည့် အမှုမှတရားရှင်လွတ်မြောက်နိုင်သည်ဟုလည်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄သန်းနီးပါးအလုပ်လုပ်ကိုင်နေထိုင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags