ဘင်္ဂလားဒေ့ရှ်ရေတပ်စခန်းရှိ ဗလီတွင်ပေါက်ကွဲမှုများဖြစ် ခြောက်ဦးပြင်းထန်စွာဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်ရေတပ်စခန်းရှိ ဗလီတွင်ပေါက်ကွဲမှုများဖြစ် ခြောက်ဦးပြင်းထန်စွာဒဏ်ရာရ

ဒါကာ၊ ဒီဇင်ဘာ ၁၉ ။              ။ စစ်တကောင်းရှိ ဘင်္ဂလားဒေ့ရှ်ရေတပ်စခန်းတစ်ခုအတွင်းရှိ ဗလီတစ်ခုတွင် ဒီဇင်ဘာ ၁၈က ဝတ်ပြုမှုများအပြီး ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုများကြောင့် အနည်းဆုံး ရေတပ်သားခြောက်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

ပေါက်ကွဲမှုများနှင့် ပတ်သက်သည့် လူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးက ပိတ်ပင်ခံထားရသည့် စစ်သွေးကြွအုပ်စု Jama' atul Mujahideen Bangladesh မှအဖွဲ့ဝင်များဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ယင်းစစ်သွေးကြွအုပ်စုသည် ဘင်္ဂလားဒေ့ရှ်တွင် ရှာရီယာအခြေပြုအစ္စလာမ္မစ်နိုင်ငံ ထူထောင်ချင်ကြပြီး အစိုးရဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ဝတ်ပြုအပြီး ဗလီတွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် ခြောက်ဦးမှာ စိုးရိမ်ရသည်အထိဒဏ်ရာများ ပြင်းထန်စွာရခဲ့သည်ဟု စစ်တကောင်းမှ ရဲမင်းကြီးတစ်ဦးဖြစ်သည့် ဒက်ဗ်ဒတ်စ်ဘဟာတာချာရီးယားက ပြောသည်။

ထို့အပြင် ဒဏ်ရာရသူအားလုံးမှာ ရေတပ်မှ ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ရေတပ်မှ မည်သည့်သုံးသပ်ချက်မှ မရသေးပေ။ မြို့တော်ဒါကာ၏ အရှေ့တောင်ဘက် ၂၆၅ ကီလိုမီတာအကွာရှိ ဆိပ်ကမ်းမြို့ စစ်တကောင်းရှိ ၎င်းဗလီမှ မပေါက်ကွဲသေးသည့် ဗုံးငါးလုံးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်မဲ့အောင်လုပ်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်၏ ဆွန်နီမွတ်စလင်အများစုက အသုံးပြုနေသည့် ဗလီတစ်ခု တိုက်ခိုက်ခံရခြင်းမှာ ယခုအကြိမ်မှာ ပထမဆုံးဖြစ်သည်။

လွန်ခဲ့သည့်လက နိုင်ငံမြောက်ပိုင်းရှိ ဘော့ဂရာခရိုင်တွင် ရှီးယိုက်ဗလီတစ်ခု တိုက်ခိုက်ခံရရာ ဗလီဆရာတစ်ဦးနှင့် အခြားသူသုံးဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုမှာ သေးငယ်သော ရှီးယိုက်မွတ်စလင်အသိုင်းအဝိုင်းတစ်ခုကို တစ်လအတွင်း ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်သည်။

ယင်းတိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဟု အိုင်အက်စ်စစ်သွေးကြွအုပ်စုက ပြောကြားသော်လည်း နိုင်ငံတွင်းတွင် အိုင်အက်စ်မရှိဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆိုထားသည်။ လွန်ခဲ့သည့်လများက ဂျပန်နိုင်ငံသားတစ်ဦးနှင့် ဂျပန်နိုင်ငံသားတစ်ဦးသတ်ဖြတ်ခံရခြင်းမှာလည်း ၎င်းတို့လက်ချက်ဟု အိုင်အက်စ်က ပြောပြန်သည်။

သို့သော်လည်း ယင်းသတ်ဖြတ်မှုများမှာ Jama' atul Mujahideen Bangladesh အုပ်စု၏လက်ချက်ဟုသာ ရဲတပ်ဖွဲ့ကပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် စစ်သွေးကြွများကို တိုက်ခိုက်ရန် ဆော်ဒီအာရေဘီးယားဦးဆောင်သည့် အစ္စလာမ်နိုင်ငံများညွန့်ပေါင်းအဖွဲ့သို့ ဝင်ရောက်ရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly