အစိုးရကို ဝေဖန်သည့် ဖေ့ဘုတ်ပို့စ်အား ပြန်ရှယ်၍ ဖမ်းဆီးခဲ့သူကို ထိုင်းတရားရုံး အာမခံပေး

အစိုးရကို ဝေဖန်သည့် ဖေ့ဘုတ်ပို့စ်အား ပြန်ရှယ်၍ ဖမ်းဆီးခဲ့သူကို ထိုင်းတရားရုံး အာမခံပေး

ဘန်ကောက်၊ ဒီဇင်ဘာ ၁၉ ။         ။ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအသိုင်းအဝန်းနှင့် တာဝန်ရှိသူများအား ဝေဖန်သည့် ဖေ့ဘုတ်ပို့စ်တစ်ခုအား ပြန်ရှယ်မိ၍ ဖမ်းဆီးခံထားရသူ ကျောင်းသားတက်ကြွ လှုပ်ရှားသူတစ်ဦးအား ဒီဇင်ဘာ ၁၈ ရက်၌ တရားရုံးက အာမခံပေးလိုက်ကြောင်း တရားခံရှေ့နေက ပြောသည်။

အသက် ၂၅ နှစ်ရှိ သန်နက်အန်နန်ထာဝန်ဆိုသူသည် ခွဲစိတ်မှုတစ်ခုပြုလုပ်ရန် ဆေးရုံတက် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအား ချက်ချင်းလွှတ်ပေးရန် လူအခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့တို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားသည်။

"ဘန်ကောက်မှာ ရမန်ချုပ်မိန့်နဲ့ ထိန်းသိမ်းခံထားရတဲ့ သန်နက်ကို ဒီညနေမှာ အာမခံနဲ့ လွှတ်ပေးမှာဖြစ်ပါတယ်။"ဟု ရှေ့နေဖြစ်သူ အနွန်နမ်ပါက ပြောသည်။ သန်နက်လွတ်လွတ်ချင်း ကျန်းမာရေး စစ်ဆေးမှုကို ချက်ချင်းလုပ်ပေးမည်ဖြစ်ကြောင်းလည်း အနွန်က ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလအတွင်းက စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ အမြင်သဘောထားမတူသူများအပေါ် နှိပ်ကွပ်မှုများ ပြုလုပ်လာပြီး နိုင်ငံရေးစုရုံးမှုများကိုလည်း တားမြစ်ထားသည်။ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် အတိုက်အခံနိုင်ငံရေးသမားများအား ဖမ်းဆီးချုပ်နှောင်မှုများလည်း လုပ်ဆောင်ခဲ့သည်။

သန်နက်အား ပန်းခြံတစ်ခုတည်ဆောက်ရေး ဘတ်ဂျတ်ငွေပေါ်တွင် ထိပ်တန်းအစိုးရအရာရှိကြီးများ လာဘ်ငွေစားသည်ဟု စွပ်စွဲထားသည့် ဖေ့ဘုတ်ပို့စ်တစ်ခု ပြန်ရှယ်ခြင်းကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုနှင့် ညီမျှသော ပုဒ်မ ၁၁၆ နှင့် ကွန်ပြူတာရာဇဝတ်မှုအက်ဥပဒေတို့ဖြင့် ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly