လှိုင်သာယာတွင် ကျူးကျော်နေထိုင်သူများကို ကူညီပေးနေသည့် အဖွဲ့အား မြို့နယ်ရဲတပ်ဖွဲ့ ခေါ်ယူတွေ့ဆုံမည်

လှိုင်သာယာတွင် ကျူးကျော်နေထိုင်သူများကို ကူညီပေးနေသည့် အဖွဲ့အား မြို့နယ်ရဲတပ်ဖွဲ့ ခေါ်ယူတွေ့ဆုံမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင် မြစ်ကမ်းနံဘေးရှိ မြေဧရိယာများတွင် ကျူးကျော်နေ ထိုင်သူများအား ကူညီပေးနေသည့် ပြည်သူ့ စေတနာ့ ဝန်ထမ်းအဖွဲ့ (PVA) ကို လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံသွားမည်ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းမြင့်ဦးက ဇွန် ၂၂ ရက်တွင် ပြောသည်။

၎င်းတို့ အဖွဲ့သည် ကျူးကျော်နေထိုင်သူများအား လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ ကျေးရွာကို တရားဝင် နေထိုင်ခွင့်ရအောင်
ဆောင်ရွက်ပေးခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်နေခြင်း စသည်တို့ကို လုပ်ပေးနေရာ ယင်းသို့
ဆောင်ရွက်ခြင်းသည် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်၍ မရသောကြောင့် ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်ဟု ရဲမှူးက ဆိုသည်။

ရဲမှူးသန်းမြင့်ဦးက "ရန်ကုန်တိုင်း အစိုးရရဲ့ ခွင့်ပြုချက် ရမထားပါဘူး။ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သူတို့အဖွဲ့ကို ဆုတ်ခွာပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက အကြောင်းကြားစာ ပို့ထားတာ မထွက်သေးတဲ့အတွက် နောက်ထပ်တွေ့ဆုံမှု ပြုလုပ်ပြီး ထပ်ပြောဦးမှာပါ" ဟု ပြောသည်။

လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်မြစ်ကမ်းနံဘေး၊ ဒိုင်စုအုပ်စုတွင် ကျူးကျော်နေထိုင်သူများ၏ ရပ်ရွာလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများကို ဦးသိမ်းဆန်း ဦးဆောင်သည့် ပြည်သူ့ စေတနာ့ ဝန်ထမ်းအဖွဲ့က ပြီးခဲ့သည့် နှစ်လကျော်က စတင်၍ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ပြည်သူ့ စေတနာ့ ဝန်ထမ်းအဖွဲ့ (PVA) ကို ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ABSDF မှ ဗိုလ်မှူးဟောင်းဟုဆိုသူ ဦးသိမ်းဆန်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အခြေစိုက် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်ဟု ၎င်းကိုယ်တိုင်က ပြောသည်။

အဆိုပါ အဖွဲ့ကို မေလကုန်ဝန်းကျင်က ရွှေ့ပြောင်းပေးရန် လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက အကြောင်းကြား စာပေးပို့ထားခြင်း ဖြစ်သည်။

ပြည်သူ့စေတနာ့ဝန်ထမ်း အဖွဲ့ခေါင်းဆောင် ဦးသိမ်းဆန်းက " သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စီမံကိန်းတွေရှိရင် ရွာသားတွေကို သင့်တော်တဲ့နေရာ ပြောင်းပေးဖို့၊ ဒါမှမဟုတ် စီမံကိန်း မရှိရင် ဒီမြေမှာပဲ တရားဝင်၊ တရားဥပဒေ စိုးမိုးပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်ခွင့်ရရှိအောင် သက်ဆိုင်ရာ အဖွဲ့တွေကို တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု ပြောသည်။

ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့သည် ၂၀၁၅၊ ဧပြီလကုန်ပိုင်းတွင် ဒိုင်စုအုပ်စုသို့ ရောက်လာခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက" အရင်တုန်းကဆိုရင် အိမ်ကို သော့ပိတ်ပြီး အလုပ်သွားလုပ်တဲ့ အချိန်ဆိုရင် ဘယ်ကမှန်း မသိတဲ့လူတွေ ရောက်လာပြီး အိမ်ကို ဖျက်မြေကို သိမ်းတယ်။ ပြန်လိုချင်ရင် ပိုက်ဆံ ဘယ်လောက်ပေးရမယ်ဆိုပြီး မိုက်ကြေးခွဲတာတွေ ရှိပါတယ်။ ရဲတွေကို တိုင်ရင်လည်း ဘာမှလုပ်မပေးပါဘူး။ အခု ဒီအဖွဲ့ လာရောက်ကူညီပေးမှပဲ တည် ငြိမ်မှု ရသွားတာပါ" ဟု ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများကို ရပ်ကွက်တစ်ခုအဖြစ် တည်ထောင်ပေးရန်မှာ သက်ဆိုင် ရာ အစိုးရအဖွဲ့သို့ အဆင့်ဆင့် တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး   လက်ရှိအချိန်ထိ အဆိုပါ ကျူးကျော် နေထိုင်သူများက အမှုဖြစ်ပွား၍ လာရောက် တိုင်တန်းထားသည့် အမှုအခင်းများမရှိဟု လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်လွင်က ဆိုသည်။

ယင်းကျေးရွာသည် လှိုင်မြစ်ကမ်းနံဘေး မြေဧက ၆၀ ကျယ်ဝန်းသည့်မြေပေါ်တွင်ရှိပြီး အိမ်ထောင်စုပေါင်း ၅,၀၀၀ နီးပါးနှင့် လူဦးရေ ၁၅,၀၀၀ ကျော်ရှိပြီး ပြီးခဲ့သည့်နှစ်ပေါင်း ၂၀ ခန့် ကတည်းက စတင်နေထိုင်လာကြခြင်း ဖြစ်သည် ဟု ကျေးရွာတွင် နေထိုင်သူများက ပြောသည်။

ပြည်သူ့ စေတနာ့ ဝန်ထမ်းအဖွဲ့ (PVA) သည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက နေအိမ်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးခြင်းခံခဲ့ရသည့် မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံတောင်ကျေးရွာတွင် နေထိုင်သူများ ကိုလည်း တရားဝင် ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရရေး အတွက် ဆောင်ရွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly