ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ လာမည့်ရွေးကောက်ပွဲတွင် မဲထည့်ရန် လှုံ့ဆော်ရေး ကော်မတီဖွဲ့

ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ လာမည့်ရွေးကောက်ပွဲတွင် မဲထည့်ရန် လှုံ့ဆော်ရေး ကော်မတီဖွဲ့
ရွေးကောက်ပွဲ ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်း မဲပေးနိုင်ရန်  လှုံ့ဆော်ရေး ကော်မတီကို ဇွန် ၂၀ ရက်က ဖွဲ့စည်းခဲ့စဉ်။
(ဓာတ်ပုံ - ခင်မြတ်မြတ်ဝေ၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ လာမည့်ရွေးကောက်ပွဲတွင် မဲထည့်နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်ရန် "၂၀၁၅ ရွေးကောက်ပွဲ ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်း မဲပေးနိုင်ရန် လှုံ့ဆော်ရေး ကော်မတီ" ကို ဇွန် ၂၀ ရက်က စတင်ဖွဲ့စည်းလိုက်သည်ဟု ကော်မတီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုစိုးမိုးသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ကော်မတီကို ကိုရီးယားရောက် မြန်မာ ၁၉ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့ အဖွဲ့က  လာမည့် ရွေးကောက်ပွဲတွင် မဲထည့်နိုင်ရန် ပုံစံ ၁၅ ကို ဖြည့်ရန်၊ မဲပေးရန် လှုံ့ဆော်စည်းရုံးမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ကိုစိုးမိုးသူက "သံရုံးရဲ့ ပြင်ဆင်မှု နှေးလွန်းတာ၊ ထိထိရောက်ရောက် မလုပ်နိုင်တာတွေကြောင့် ကော်မတီကို ဖွဲ့လိုက်တာ" ဟု ပြောသည်။

အဆိုပါ ကော်မတီက လာမည့်ဇွန်လ နောက်ဆုံးပတ်အတွင်းတွင် စည်းရုံးရေး လုပ်ငန်းများ စတင် လုပ်ဆောင်သွားမည်ဖြစ်ကာ မြန်မာ အလုပ်သမား အများစု ရှိသည့် နယ်မြေများတွင် စတင်သွားမည်ဟုလည်း ကော်မတီ စည်းရုံးရေးမှူး ဦးခင်မောင်ရင်က ပြောသည်။

နိုင်ငံရပ်ခြား ရောက်နေသည့် မြန်မာနိုင်ငံသားများသည် ‘သက်ဆိုင်ရာ မဲဆန္ဒပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများနှင့် ပတ်သက်၍ ဖြည့်သွင်းရန်ပုံစံ ‘ ပုံစံ ၁၅ ကို ဖြည့်သွင်း၍ သံရုံးများသို့ ပေးပို့ရမည်ဖြစ်သည်။

ယင်းပုံစံ ဖြည့်သွင်းရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီလအတွင်းက စတင် ကြေညာထားသော်လည်း လာရောက် ဖြည့်စွက်သူ နည်းပါးကာ သိရှိသူ နည်းပါးသေးသောကြောင့် ကော်မတီက လှုံ့ဆော်မှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကိုရီးယားနိုင်ငံ၊ ဖူဆန်မြို့ မြို့တော်ဝန်ရုံး  စီမံခန့်ခွဲမှူးဌာနမှ ဖူဆန် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေး စင်တာ၏  မြန်မာအကြံပေးတာဝန်ခံ  ကိုခန့်နေသူတိုးက "အခုက မြန်မာ အလုပ်သမားတွေ အနေနဲ့ မသိကြဘူးလေ။  မဲထည့်ရမယ့်နေ့မှ ထည့်မရရင် အလကားဖြစ်မှာ အခုသံရုံးကလည်း ဒီပုံစံ နောက်ဆုံး ဘယ်နေ့ ဖြည့်ရမယ် ဆိုတာကို ဖုန်းဆက်တာ ကိုင်မယ့်သူတောင် မရှိဘူး" ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ပုံစံ ၁၅ ကို ကိုရီးယားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် မြန်မာ ကျောင်းသား၊
ကျောင်းသူများ၊ အကြောင်းကြောင်းကြောင့် ရောက်ရှိနေသူများလည်း မဲပေးနိုင်ရန် ဖြည့်စွက်ရမည် ဖြစ်သည်။

အဆိုပါ ပုံစံကို ဖေဖော်ဝါရီ ၁၁ မှ ဇွန် ၁ ရက်ထိ လာရောက်ဖြည့်သူ ၁,၇၃၀ ဦးသာ ပေးပို့ခဲ့၍ ဇွန် ၃ ရက်တွင် အဆိုပါ ပုံစံ ဖြည့်ရန် သံရုံးက ထပ်မံထုတ်ပြန်ထားသည်။

ပုံစံ ၁၅ ကို ဖြည့်စွက်မှသာ မြန်မာနိုင်ငံသားအဖြစ် မဲစာရင်းတွင် ပါဝင်နိုင်ပြီး မဲပေးခွင့်ရရှိမည် ဖြစ်သည်။

ကိုရီးယားနိုင်ငံ အမ်ယမ်းမြို့နယ်တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမား ကိုအောင်သူက "ပုံစံ (၁၅) ဆိုတာကိုလည်း မသိဘူး။ သံရုံးက ထုတ်ပြန်ချက်လည်း မသိဘူး၊ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ရမယ် ဆိုတာတော့ သိတယ်။ ကျွန်တော်တို့ကို ဘယ်လိုပုံစံနဲ့ ထည့်ရမယ်ဆိုတာတွေတော့ မသိဘူး" ဟု  မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ် ဇွန်လကုန်အထိ ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာဦးရေမှာ ၁၇,၀၀၀ ကျော် ရှိသည်ဟု ကိုရီးယားရောက် အလုပ်သမား အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly