နောက်ထပ်တစ်ကြိမ် ရေကြီးရေလျှံမှုကြီးကို ထိုင်စောင့်နေကြတော့မှာလား

နောက်ထပ်တစ်ကြိမ် ရေကြီးရေလျှံမှုကြီးကို ထိုင်စောင့်နေကြတော့မှာလား

ယခုနှစ် ရှစ်လပိုင်းနဲ့ ကိုးလပိုင်းများအတွင်း မြန်မာနိုင်ငံ နေရာအတော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ရေကြီးရေလျှံမှုက ကြီးမားလွန်းတော့ ဒေသခံပြည်သူတွေဟာ ရေဘေးဒဏ်သင့်ပြီး ရေဘေးဒုက္ခသည်များအဖြစ် ရောက်ကုန်ကြရပါတယ်။ နောက်ဆုံးမတော့ ပြည်သူတွေကလည်း အမျိုးမျိုးမျိုးဝေဖန် နိုင်ငံတကာပေါက်တဲ့ သတင်းကြီးတွေ ဖြစ်လာတဲ့အခါကြတော့မှ အစိုးရကလည်း ရေကြီးရေလျှံတဲ့ ဒေသတချို့ကို သဘာဝဘေးဥပါဒ် အန္တရယ် ကျရောက်တဲ့ ဒေသအဖြစ် ကြေညာရပါတော့တယ်။ တခါ ကျင်းပနေဆဲ လွှတ်တော်ကြီးကိုတောင်မှ ရေကြီးရေလျှံမှုကြီး ဖြစ်နေတာမို့ဆိုပြီး ခဏ နားထားခဲ့ပါသေးတယ်။

ဒါပေမယ့်မယ့်လည်း အခုလို သဘာဝဘေးဥပါဒ်အန္တရယ်ကျရောက်တဲ့ အထူးဒေသအဖြစ် ကြေညာ၊ ကူညီကယ်ဆယ်ရေးတွေ လုပ်နေရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ကြီး ခဏနားထားခဲ့ပေမယ့်လည်း အဲဒီဒေသတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေ ထင်သာမြင်သာအောင် မလုပ်ခဲ့ကြဘူးလို့လည်း ဝေဖန်ခဲ့ကြပါတယ်။

အခုဆိုရင် ရေကြီးရေလျှံမှုကြီးတွေ ဖြစ်ပွားခဲ့တာ သုံးလနီးပါး ကြာခဲ့လို့ ရေတွေ ပြန်ကျသွားခဲ့ပြီ ဖြစ်ပေမယ့် ရေဘေးဒဏ်သင့်် ပြည်သူတွေရဲ့ ဘဝကတော့ ပြန်လည် တည်ဆောက်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ကြိုးစားနေကြရပါတယ်။ တချို့ ဒေသတွေမှာဆိုရင် စေတနာရှင် ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ လူပုဂ္ဂိုလ်တွေက လှူတန်းထာတဲ့ ရိက္ခာလေးများကိုသာ ချွေတာ စားသောက်နေကြရတဲ့ အခြေအနေမျိုးပါပဲ။

အခုလို ရေကြီးရေလျှံမှုကြီးတွေ ဖြစ်ပွားလာတာဟာ အခြေခံအကြောင်းရင်း များစွာရှိမှာဖြစ်ပေမယ့် ထင်သာပြီး လူတကာ သာမာန်လူတွေတောင် သိနိုင်ငံတဲ့အချက်က ရေလှောင်တမံကြီးများကြောင့် ဖြစ်တယ်ဆိုတဲ့ အဖြေပါပဲ။ ဥပမာ မကွေးတိုင်း မုန်းချောင်းတလျှောက် ရေကြီးရေလျှံဖြစ်ခဲ့ရတဲ့ ကျေးရွာတွေနဲ့ မြို့တွေမှာရှိတဲ့ ဒေသခံပြည်သူတွေကို မေးမြန်းကြည့်မယ်ဆိုရင် ဒီလိုရေကြီးရတာ မုန်းချောင်းတလျောက် တည်ဆောက်ထားတဲ့ မုန်းရေလှောင်တမံနဲ့ ကြီးအုံကြီး၀ ရေလှောင်တမံကြီးများကြောင့်သာ ဖြစ်တယ်လို့ တညီတညွတ်တည်း ဖြေကြမှာ အသေအချာပါပဲ။

ယခုအခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖေါက်ပြန်မှုနဲ့ မြေငလျင် လှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ရေလှောင်တမံတွေအားလုံး ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေး ပြုပြင်တည်ဆောက်ဖို့ အရေးတကြီး လိုအပ်လာပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရေလှောင်တမံ ၄၇၀ ရှိပါတယ်။ အဲဒီအထဲက ရေလှောင်တမံံအများစုကို ပြန်လည် စစ်ဆေးပြုပြင်ဖို့ လိုအပ်ပြီဖြစ်တဲ့အကြောင်း ပညာရှင်များကလည်း မကြာခဏ ထောက်ပြ ပြောဆိုလာနေတာ ကြာပါပြီ။ မြန်မာနိုင်ငံရဲ့ ဖေါက်ပြန် ပြောင်းလဲလာတဲ့ ရာသီဥတု အခြေအနေနဲ့ နာမည်ကျော် ငလျင်ကြောကြီးပေါ် တည်ရှိနေတဲ့ အနေအထားအရ တာတမံတွေ သည့်ထက်ပိုမို ကြံ့ခိုင်စေရေး အထူး လိုအပ်လာခဲ့ပါတယ်။

အခုဆိုရင် ယခုနှစ် ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၁၇ သိန်းနီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး လူ ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဘိုးက ကျပ် ၁၆၅ ဘီလျံကျော်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလို ဒီလောက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပင် ဖြစ်ခဲ့သော်ငြားလည်း ဒီလို ရာသီဥတု ဖေါက်ပြန်မှုနဲ့ ငလျင်ကြောတစ်ခုပေါ် ရောက်ရှိနေသော်ငြားလည်း မိမိတို့ ပြည်သူတွေဟာ နောက်နှစ်မိုးရာသီ ကျရောက်လာတဲ့ အခါပဲဖြစ်ဖြစ်၊ ရုတ်တရက် ငလျင်လှုပ်လို့ တာတမံတွေ ကျိုးလို့ပဲဖြစ်ဖြစ် ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ ရေဘေးအန္တရယ်ကြီးကို သည်အတိုင်း ငုတ်တုတ် ထိုင်စောင့်နေကြရသလို ဖြစ်နေပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့လည်း ဒီပြဿနာ ဒီအခြေအနေကြီးကို သည်အတိုင်း လက်ပိုက်ပြီး ရပ်ကြည့်နေသလို ဖြစ်နေပါတယ်။ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်မှုများ အရေးယူ စီမံခန့်ခွဲမှုများ အမြန်ဆုံး လုပ်ကိုင်ကြဖို့ လိုအပ်ကြောင်း သတိပေး နှိုးဆော်လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly