ဗီယက်နမ်တွင် ဆင်စွယ်နှစ်တန်ကျော် ဖမ်းဆီးရမိ

ဗီယက်နမ်တွင် ဆင်စွယ်နှစ်တန်ကျော် ဖမ်းဆီးရမိ

ဟနွိုင်း၊ ဒီဇင်ဘာ ၁၈ ။             ။ မိုဇမ်ဘစ်နိုင်ငံမှ ဗီယက်နမ်သို့ တရားမဝင်ယူဆောင်လာသော ဆင်စွယ်နှစ်တန်ကျော်ကို ဖမ်းဆီးရမိကြောင်း အရာရှိတစ်ဦးက ဒီဇင်ဘာ ၁၈ တွင်ပြောကြားသည်။

အပိုင်းအစ ၈၃၅ခုရှိကာ အလေးချိန် ၂ဒသမ၂တန်အလေးချိန်ရှိသော ဆင်စွယ်များကို ဒီဇင်ဘာ ၁၇က ပဲအိတ်များကြားတွင် တွေ့ရှိခဲ့သည်ဟု မြောက်ပိုင်းရှိ ဟိုင်ဖုံဆိပ်ကမ်းမှ အကောက်ခွန် အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ပေးပို့မှုမှာ ဗီယက်နမ်တွင် မှတ်ပုံထားသော ပြည်တွင်းကုမ္ပဏီထံသို့ ပေးပို့သည်ဟု ယူဆရကြောင်း နိုင်ငံပိုင် ဖက်လူအက် ဗီယက်နမ်သတင်းစာက ဖော်ပြသည်။

သို့သော်လည်း ယင်းသို့ပေးပို့ရန် မှာယူခဲ့ခြင်းမရှိကြောင်း ၎င်းကုမ္ပဏီက ငြင်းဆိုသည်။ ထို့အပြင် မိုဇမ်ဘစ်က ကွန်တိန်နာမှာ နိုဝင်ဘာလနောက်ပိုင်းကတည်းက ဟိုင်ဖုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိ နေခဲ့သည်ဟု သတင်းက ဖော်ပြထားသည်။ အာရှနိုင်ငံအချို့တွင် ဆင်စွယ်နှင့် ဆင်များ၏ အခြားအင်္ဂါအစိတ်အပိုင်းများကို အလှဆင်ခြင်းနှင့် အဆောင်လက်ဖွဲ့အဖြစ် အသုံးပြုသည့်အပြင် သိပ္ပံနည်းကျအထောက်အထားမရှိသော်လည်း ရိုးရာဆေးဝါးအဖြစ် အသုံးပြုမှုလည်းရှိသည်။

ဗီယက်နမ်သည် ဆင်စွယ်ကုန်ကူးမှုကို ၁၉၉၂ခုနှစ်ကတည်းက တရားမဝင်အဖြစ်သတ်မှတ်ခဲ့သော်လည်း မပိတ်ပင်မီကနေ ယခုအချိန်အထိ ဆိုင်များက ရောင်းချနိုင်သေးသည်။ သို့သော်လည်း မှောင်ခိုဈေးကွက်တွင် ဆင်စွယ်တစ်ကီလိုလျင် ဒေါ်လာ ၂,၁၀၀အထိပေါက်ဈေးရှိနေရာ ဆင်စွယ်ဈေးကွက်မှာ အားကောင်းနေဆဲဖြစ်သည်။

၂၀ရာစုအလယ်က အာဖရိကဆင်ကောင်ရေသန်းများစွာရှိခဲ့ရာမှ ၁၉၈၀ပြည့်လွန်နှစ်များတွင် ၆၀၀,၀၀၀အထိကျဆင်းခဲ့ရာမှ ၁၉၈၉ခုနှစ်ကတည်း နိုင်ငံတကာဆင်စွယ်ကုန်သွန်မှုကို ပိတ်ပင်ထားသည်။ ကွန်မြူနစ် ဗီယက်နမ်သည် မျိုးတုံးမည့် အန္တရာယ်ရှိနေသည့် မျိုးစိတ်သတ္တဝါများကုန်သွယ်မှုတွင် အဆိုးဆုံးနိုင်ငံတစ်ခုအဖြစ် စွပ်စွဲခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly