မြန်မာဗီဒီယို စျေးကွက်ဖြန်ချိရေးပုံစံပြောင်းရန် စိန်ခေါ်မှုများရှိနေ

မြန်မာဗီဒီယို စျေးကွက်ဖြန်ချိရေးပုံစံပြောင်းရန် စိန်ခေါ်မှုများရှိနေ
ဓာတ်ပုံ-ရှုမဝအောင်

ရန်ကုန်၊ဒီဇင်ဘာ ၁၈ ။            ။ မြန်မာဗီဒီယိုဈေးကွက် အနေဖြင့် နှစ်ပေါင်း၃၀ခန့်ကျင့်သုံးလာသည့် မူပိုင်ခွင့်စနစ်မှ ပရီစနစ်သို့ပြောင်းလဲရန် ကြိုးစားရာတွင် စိန်ခေါ်မှုများရှိနေကြောင်း ထုတ်လုပ်ဖြန့်ချိသူများထံမှ သိရသည်။

မူပိုင်ခွင့်ဖြင့်ဖြန့်ချိရာတွင် အခွေအငှားဆိုင်များကို အားထားနေရပြီး အားနည်းချက်များစွာရှိနေကြောင်း၊ ပရီစနစ်ဆိုသည်မှာ အခွေငှားဆိုင်ကို အားကိုးစရာမလိုဘဲ ကြည့်သူကိုယ်တိုင်က တိုက်ရိုက်ဝယ်သည့်စနစ် ဖြစ်ကြောင်း၊ယင်းအပြင် အကြွေးစနစ်မဟုတ်ဘဲ လက်ငင်းစနစ်ဖြစ်ကြောင်း Info 9 ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ မြိတ်တင်အောင်က ပြောသည်။

မူပိုင်စနစ်ဖြင့် ဖြန့်ချိရာတွင် မြို့တစ်မြို့တစ်သို့ ဇာတ်ကားတစ်ကားရောက်ရှိရန် အချိန်တစ်လခန့်ကြာမြင့်ပြီး ပရီစနစ်တွင် တစ်နိုင်ငံလုံးတပြိုင်နက်တည်း ကိုယ်စားလှယ်များက အရောင်းပြခန်းဖြင့်ရောင်းချသည့် စနစ်ဖြစ်ကြောင်း သိရသည်။

"မူပိုင်စနစ်မကောင်းလို့မဟုတ်ပဲခိုးကူးခွေတွေကိုအရေးယူမှု အားနည်းလာတဲ့ အပေါ်မှာဗွီဒီယိုမူပိုင်ဈေးကွက် ကျဆင်းလာတယ်"မာန်ထက်ချီ ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးဝင်းကိုက ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က"ကိုယ်မြင်တာကတော့ အနာဂတ်မှာတော့ ပရီစနစ်ကိုပဲသွားရလိမ့်မယ်။ ဘယ်နိုင်ငံမှာမဆိုရုပ်ရှင်ကားတစ်ကား ထုတ်လုပ်ထားတဲ့ အကျိုးခံစားခွင့် အနည်းဆုံး ၄ ဆင့်ရှိရမယ် ကိုယ့်ရုပ်ရှင်ကားကြီးကိုရုံတင်နိုင်ရမယ် ရုံတင်ပြီးလို့ ၆ လ (သို့မဟုတ်) ၈ လ ကြာတဲ့အခါမှာခုဏပြောတဲ့ ဗွီဒီယိုတို့ ပရီလို့ခေါ်တဲ့ ဒီဗွီဒီနဲ့ ဖြန့်တဲ့စနစ်ကိုထပ်ဖြန့်လို့ရမယ် ပြီးရင် On air ပေါ့နော် ချယ်နယ်တွေမှာလွှင့်တာမှာ pay TV နဲ့ free TV တွေမှာထပ်ပြီးတော့ လွှင့်ပြီးသူတို့မှာအကျိုးခံစားခွင့် ၄ ဆင့်ရရမှာဖြစ်တယ် အဲဒီလိုပုံစံမျိုး နိုင်ငံတကာလိုတကယ်သွားမယ်ဆိုရင်တော့ အနာဂတ်ကဒီဗွီဒီယိုဆိုတဲ့ ဟာကလဲပရီစနစ်နဲ့ပဲ သွားသင့်တ ယ်လို့ ဒီအချိန်မှာကိုယ်ကတော့ အကြံပြုချင်တယ်။" ဟုပြောသည်။

ရုပ်ရှင်ရုံများအားနည်းလာသည့်အတွက် ရုပ်ရှင်လောကသားများက ဗီဒီယိုရိုက်ကူးထုတ်လုပ်လာကြပြီး မည်သည့်နိုင်ငံမှမရှိသေးသည့် ဗီဒီယိုဈေးကွက်ကျယ်ပြန့်လာခြင်းဖြစ်ကြောင်း အနာဂတ်တွင် ထုတ်လုပ်သူများ ပိုမိုအကျိုးခံစားခွင့်ရနိုင်ရန်အတွက် ပရီစနစ်ကို သွားသင့်ကြောင်း ဦးလူမင်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly