ပဲပုပ် အထွက်တိုးအောင် စိုက်ပျိုးနည်း

18 December 2015
ပဲပုပ် အထွက်တိုးအောင် စိုက်ပျိုးနည်း

ပဲပုပ်စိုက်ပျိုးရာမှာ အဓိကကျတဲ့အချက်က မျိုးကောင်းမျိုးသန့်ရရှိရေးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန်တွေထဲမှာ ပဲမျိုးစုံကလည်း နေရာယူထားပါတယ်။ ပဲမျိုးစုံတွေထဲမှာတော့ ရှမ်းပြည်နယ်လို တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးများပြီး   ပြည်တွင်းစားသုံးမှုကို ဖြည့်ဆည်းပေးတဲ့ ပဲပုပ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ပါတ်မှာ အရည်သွေး ပြည့်မီတဲ့ ပဲပုပ်တွေကို ဈေးကွက်ဝင် ပဲပုပ်စေ့တွေကို ထုတ်လုပ်ပေးနိုင်တဲ့ အောင်မြင်တဲ့ ပဲပုပ်ပင်တွေရရှိဖို့ မျိုးစေ့တွေကို ဘယ်လို သိုလှောင်မလဲ စတာတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 ပဲပုပ်ကို တောင်ပေါ်ဒေသတွေမှာမကပါဘူး ရေသွင်းစိုက်ပျိုး လို့ရတဲ့ ဒေသတွေမှာပါ ရာသီတို သီးနှံအဖြစ် စိုက်ပျိုးလို့ ရပါတယ်။ မန္တလေး၊ မိတ္ထိလာ၊ မြင်းခြံ၊မုံရွာ၊ ကျောက်ဆည်နှင့် စစ်ကိုင်းတိုင်းတို့မှာလဲ ပဲပုပ်စိုက်ပျိုးမှုတွေ ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းတွေ ဖြစ်တဲ့ ဟင်္သာတ၊ သာယာဝတီ၊ ပြည်နှင့် မအူပင်တို့လို့ ဒေသမျိုးတွေမှာလဲ စိုက်ပျိုးကြပါတယ်။

 ပဲပုပ်ဆိုရင် ရှမ်းပဲပုပ်ဆိုတဲ့ စကားအတိုင်းပါပဲ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ ပဲပုပ်စိုက်ခင်းတွေကို လေ့လာရအောင်ပါ။ ဒီမှာတော့ US AID နဲ့ WINROCK INTERNATIONAL တို့ ပူးပေါင်းပြီး ပဲပုပ်စိုက်ပျိုးသူ တောင်သူတွေ အတွက် အထွက်နှုန်းတိုးအောင်နှင့် သိုလှောင်တဲ့နေရာမှာ အရည်သွေးမကျအာင် ပြုလုပ်ရမယ့် နည်းလမ်းတွေကို ဖြန့်ဝေပေးနေပါတယ်။

ပဲပုပ်စိုက်ပျိုးရေးမှာ အဓိက ထားရမယ့် အချက်တွေကတော့ မျိုးကောင်းမျိုးသန့် ရရှိဖို့ပဲ ဖြစ်ပါတယ်။ စနစ်တကျ သိုလှောင်ထားတဲ့ ပဲမျိုးတွေကို စိုက်ပျိုးမှသာ အောင်မြင်တဲ့ စိုက်ခင်းတစ်ခု ရရှိမှာ ဖြစ်ပါတယ်။ စိုက်နည်း စနစ်မှာလဲ မိရိုးဖလာ စိုက်နည်း ဖြစ်တဲ့ ကျဲပက် စိုက်ပျိုးနည်းကို မသုံးပဲ အပင်ပေါက်နှုန်း ညီတဲ့ အတန်းလိုက် အစေ့လိုက် စိုက်ပျိုးနည်းကိုသာ သုံးသင့်ပါတယ်။

မျိုးစေ့ အတိမ်အနက် တူတဲ့ ပင်ကြားတန်းကြား စိုက်ပျိုးနည်းဟာ ပေါင်းလိုက်ရာမှာလည်း အဆင်ပြေလွယ်ကူသလို အပင်ထိန်းသိမ်းရာမှာရော ရိတ်သိမ်းရာမှာပါ အဆင်ပြေ လွယ်ကူစေပါတယ်။ ဒါကြောင့် အပင်ဦးရေ ပြည့်မီပြီးတော့ အထွက်နှုန်းကိုလည်း တိုးစေပါတယ်။ လက်ရှိပဲပုပ် တောင်သူတွေကတော့ စိုက်ပျိုးနေကြ သိုလှောင်ထားတဲ့ ဒေသခံ မျိုးတွေကို ပဲ စိုက်ကြပါတယ်။ ကောင်းနိူးရာရာ မျိုးတွေကိုပဲ စိုက်ပျိုးတာ ဖြစ်တဲ့အတွက် ပဲပုပ်စိုက်ခင်းမှာ အကြီးမညီတာတွေ ရိတ်သိမ်းချိန်မတူတဲ့ အတွက် အထွက်နှုန်းလျော့တာတွေကို ဖြစ်စေပါတယ်။

ဒီလိုဖြစ်နေတာတွေ ဖြေရှင်းစိုက်ပျိုးဖို့နည်းလမ်းကို WINROCK INTERNATIONAL အဖွဲ့ တာဝန်ရှိသူ ကိုသက်ထွန်းနောင်က အခုလိုရှင်းလင်းပြောပြပါတယ်။

တောင်သူတွေလက်ထဲမှာ ပြဿနာက ဘာဖြစ်လဲဆိုတော့ မျိုးတွေက ရောနေတဲ့ အခါမှာ စိုက်တဲ့ အချိန်မှာ အပင်တွေ ပေါက်လာတယ်။ ပြီးရင် ရိတ်တဲ့အချိန်မှာကျတော့ မျိုးမတူတဲ့အတွက် ရင့်မှည့်ချိန်မတူတဲ့ အတွက် နှစ်ခါသုံးခါ ရိတ်ရတယ်။ အဲလိုနှစ်ခါသုံးခါ ရိတ်တဲ့ အချိန်မှာ ဒီပဲပုပ်တွေ ရိတ်သိမ်းတဲ့ အချိန်ဟာ မိုးဦးရာသီအစဖြစ်တဲ့ အတွက် သူတို့တွေက မိုးနဲ့အတူ လုရိတ်ရတယ်။ အဲအချိန်မှာ တောင်သူတွေရဲ့ ထွက်လာသမျှ အထွက်တာတွေဟာ ဒီမိုးရေနှင့်အတူ ပျက်စီးရတယ်။ အရည်သွေးတွေဟာညံသွားတယ် ပြီးရင် ဈေးကွက်မှာကျတော့ ဈေးသွားရောင်းတဲ့ အခါမှာကျတော့ ဈေးကောင်းမရပဲ အနှိမ်ခံရတယ်။ သူတို့မျိုးစေ့ ပျက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ တစ်ခါတည်းပဲ စိုက်မယ်။ ရိတ်တဲ့ အချိန်မှာလဲ တစ်ခါတည်းပဲ ရိတ်ရမယ်။ အဲဒီအခါမှာ မိုးနဲ့ လုရိတ်ရတာ ဖြစ်တဲ့ အတွက် ဒီနေ့ နေပူတယ်။ ဒီနေ့ အကုန်လုံး တစ်ပြိုင်နက်ထဲ ရိတ်မယ်လို့ ရနိုင်တယ်။ အဲတော့ တစ်ပြိုင်နက်ထဲ ရိတ်လို့ ရနိုင်တာ ဖြစ်တဲ့ အတွက် ဒီမိုးမိလို့ အလေ့လွင့် ဖြစ်သွားတဲ့ အရာကို သူတို့ အများကြီးလျော့ချနိုင်တယ်။ သူတို့ရဲ့ အစေ့အဆံရဲ့ အရည်သွေးကလည်း ပိုကောင်းလာမယ်။ အဲဒီအခါမှာတောင်သူတွေအနေနဲ့ သူတို့ ပစ္စည်းကို ရောင်းတဲ့အခါမှာ ဈေးကောင်းပို ရနိုင်တယ်။

ပဲပုပ်ပင်စိုက်ပျိုးရာမှာ ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့် အထွက်နှုန်းကို ကျဆင်းစေတာကလဲ ပဲပုပ်စိုက်ဧကတွေ လျော့လာတဲ့ အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတု ရေမြေနဲ့ ကိုက်ညီတဲ့ ပဲပုပ်မျိုးသစ်တွေကို စမ်းသပ်စိုက်ပျိုးဖို့ လိုအပ်လာနေပါပြီ။ ပဲပုပ်စိုက်တောင်သူ ဒေါ်လှသင်းက ပဲပုပ်စိုက်ခြင်းအခက်အခဲတွေ့အကြုံတချို့ကို အခုလို ရှင်းပြပါတယ်။

ကျွန်မခု လက်ရှိစိုက်နေတာတော့ ပဲပုပ်စိုက်တာပဲပေါ့။ အရင်တုန်းက ကျွန်မ ပဲပုပ်စိုက်တာ ဖြစ်တယ်။ ဒါပေမယ့် ဒီမိုးလေဝသတွေ အချိန်မမှန်တဲ့ ခါကျတော့ စိုက်ရင်း စိုက်ရင်းနဲ့ ပျက်စီးဆုံးရှုံးရတော့ နားထားတယ်။ နားထားပြီး ခုနှစ်နှစ် သုံးနှစ်လောက်နေမှ ဒီနှစ်မှပေါ့ ပြန်စိုက်တယ်။ ဒီနှစ်ပြန်စိုက်တော့လည်း မိုးက ခေါင်တာကြတော့ မဖြစ်ဘူးပေါ့။ မဖြစ်ဘူးဆိုတော့ ကျွန်မတို့က ဒီပဲပုပ်လုပ်ငန်းကို မစိုက်တော့ဘူး။ ဒီအတိုင်းပဲ လွှင့်ပစ်ပြီး ထားတာ။ လွှင့်ပစ်ထားပြီးတော့ တခြား ပြောင်းတို့ ပဲတို့ အဲတာမျိုးကိုပဲ စိုက်တယ်။

ခုကျွန်မ လက်ရှိကြတော့ ဒီက အစည်းဝေးတွေ ဘယ်လိုပြောရမလဲဆိုရင် စိုက်ပျိုးရေး နည်းစနစ်တွေ ပုံစံတွေ လာပြောတဲ့ခါကျတော့ ကျွန်မ သဘောကျပါတယ်။ ကျွန်မကြိုက်လည်းကြိုက်တယ်။ ဒီ ၅ လ မျိုးကို စိုက်မယ်။ မျိုးတွေကို ပေးပါ။ ဒီအကိုင်းခက်ထွက်တဲ့ခါကျတော့ အသီးတွေကလည်း အရမ်းများတယ်။ အပင်တွေကိုလဲ သဘောကျတယ်။ ထွက်တဲ့ခါကျတော့ အသီးတွေက တအားများတယ်။ အသီးများတော့ အစေ့တွေ အထွက်တိုးတာပေါ့။ အထွက်တိုးတဲ့ အခါကျတော့ အကျိုးရှိမယ်လေ။ အဲကြောင့်မို့ ကျွန်မ ခုလပြီးတော့ ဆွေးနွေးသွားတဲ့ ပဲပုပ်မျိုးကိုပဲ ကျွန်မလိုချင်တယ်။ အဲတာပဲပေ့ါ။

ပဲပုပ်ဟာ ကာလတို သီးနှံဖြစ်တဲ့ အတွက် သီးထပ်အနေနဲ့ စိုက်ပျိုးမှု အများဆုံး ဖြစ်ပါတယ်။ ပဲပုပ်ကို ပထမ သီးနှံဖြစ်တဲ့ လယ်ယာသီးနှံတွေ ရိတ်သိမ်းပြီး ချိန် ကြက်သွန်ဖြူတို့လို့  ဒုတိယ သီးနှံ စိုက်ပျိုးပြီး ချိန်မှာ ပဲပုပ်ကို သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ ဒါကြောင့်ပဲပုပ်စိုက်တောင်သူတွေ အနေနဲ့ ဓာတ်မြေသြဇာတို့လို စိုက်ခင်းတွက် လိုအပ်တဲ့ သွင်းအားစုတွေကို ငွေကြေးကုန်ကျ မခံတော့ပဲနဲ့ ပထမ သီးနှံက ကြွင်းကျန်တဲ့ ဓာတ်မြေသြဇာတွေနဲ့ပဲ စိုက်ပျိုးလေ့ ရှိကြပါတယ်။ ဒါဟာပဲပုပ် အထွက်နှုန်းကို ကျဆင်းစေတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပါတယ်။

 ပဲပုပ်ပင်တွက်လိုအပ်တဲ့ ပဲမြစ်ဖု မြေသြဇာတို့လို တီစူပါ မြေသြဇာတွေကို အသုံးပြုပေးမယ် ဆိုရင်တော့ ပဲပုပ်အထွက်နှုန်းကို တိုးစေပါတယ်။ ပဲမြစ်ဖု မြေသြဇာဟာ ဇိဝ မြေသြဇာ ဖြစ်တဲ့ အတွက် ဓာတ်မြေသြဇာ အလွန်ကျွံ သုံးစွဲတာကြောင့် ဖြစ်ပေါ်ထားတဲ့ မြေရဲ့ ဂုဏ်သတ္တိ ကျဆင်းတာတွေကို ပြုပြင်ထိန်သိမ်းပေးတဲ့ အပြင် ပဲပုပ်ပင်တွက် လိုအပ်တဲ့ အကျိုးပြု အနုဇီဝ ပိုးမွှားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ ဒီအချက်တင်မကပါဘူး ပဲမြစ်ဖု မြေသြဇာကို သုံးစွဲပေးခြင်းကြောင့် တောင်သူတွေ နောက်ထပ်အကျိုးရှိနေတဲ့ အချက်တွေကိုလဲ နည်းပညာ ဖြန့်ဝေပေးနေသူ ကိုသက်ထွန်းအောင်က ပြောထားပါတယ်။

ပဲပုပ်က အဓိကအားဖြင့် ရေတိုငွေပေါတဲ့ သီးနှံအနေနဲ့စိုက် စိုက်တဲ့အချိန်မှာ ပဲမြစ်ဖု မြေသြဇာ သုံးခြင်းအားဖြင့် သူရဲ့ အစေ့အဆံနဲ့ ဒီအထွက်နှုန်းကို အထိုက်အလျောက် အထွက် မတိုးရင်တောင်မှပဲ အထွက်ကို မလျော့ကျသွားအောင် အထိုက်အလျောက် ထိန်သိမ်းပေးနိုင်တယ်ပေါ့နော်။ နောက်ပြီးရင် ပဲမြစ်ဖု ဇီဝမြေသြဇာကို သုံးခြင်းအားဖြင့် သူရဲ့ မြေကြီးရဲ့တန်ဖိုးကလည်း အထိုက်အလျောက် တက်လာတယ်။ ပဲမြစ်ဖုဇီဝ မြေဇာသြဇာဟာ ရေသွင်းစိုက်ပျိုးရေး သုတေသန မှာဆိုရင် တစ်ထုပ်မှ ၅၀၀ ပဲရှိပါတယ်။ သဘောက တစ်ဧက ကို တစ်ထုပ်ကနေ သုံးထုပ်လုပ်ပဲ သုံးရတယ်။ အဲခါမှာ တောင်သူတွေ အတွက် ကုန်ကြ စရိတ်ကလည်း အင်မတန်မှ သက်သာတဲ့ သဘာဝ မြေသြဇာ ဖြစ်တယ်။ ပြီးရင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်သိမ်းရာ ရောက်တယ်။ တောင်သူတွေအနေနဲ့ သူတို့မှာရှိနေတဲ့ မြေဇီလွှာရဲ့ တန်ဖိုးကိုလည်း မြှင့်တင်ပေးနိုင်တဲ့ အနေထားရှိတဲ့ အတွက်ကြောင့် ဒီပဲမြစ်ဖုဇီဝ မြေသြဇာ အစွမ်းကို တောင်သူတွေ သိရတာပေါ့နော်။

ပဲပုပ်ကို တစ်နှစ်ပတ်လုံး ရေသွင်း စိုက်ပျိုးနိုင်ပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းလိုဒေသတွေမှာတော့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ တွေမှာ စိုက်ပျိုးမှု များပါတယ်။  ရေမသွင်းနိုင်တဲ့ တောင်ဇောင် ဒေသတွေမှာတော့ မိုးဦးကျ ကာလတွေဖြစ်တဲ့ မေလနှင့်ဇွန်လတွေမှာ စိုက်ပျိုးကြပါတယ်။ ဒီကာလတွေမှာ စိုက်ပျိုးတဲ့ ပဲပုပ်ဟာ အစေ့အဆံအောင်မြင်ကြတဲ့ အတွက် အထွက်နှုန်း တိုးတယ်လို့လဲ သိရပါတယ်။ ဒါပေမယ့် မိုးတွင်းကာလ ဖြစ်တဲ့အတွက် ရိတ်သိမ်းချိန်မှာ မိုးမမိဖို့ လိုအပ်ပါတယ်။ မိုမိထားတဲ့ ပဲပုပ်စေ့တွေဟာ ဈေးကွက်တင်ရောင်းချတဲ့နေရာမှာ ရောင်းပန်းမလှတဲ့ အတွက် ဈေးရရှိမှု နည်းပါတယ်။

ပဲပုပ်စိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးထွန်းဦးကလည်း ပဲပုပ်စိုက်အတွေ့အကြုံတွေကို အခုလို ရှင်းပြပါတယ်။

ခုပဲပုပ်ဈေးက ခုမှ နှစ်နှစ်ပဲ ရှိတယ်ခင်ဗျ။ ပဲပုပ်ဈေးတက်လာတာ။ ဟိုအရင် ပြီးခဲ့တဲ့နှစ်တွေက ဆိုရင် ပဲပုပ်က ၇၅၀/၇၀၀ လောက်ထိ ရောင်းရတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ တောင်သူဟာ ဘယ်လိုအခက်ခဲ ကြုံသလဲဆိုရင် ပဲပုပ်စိုက်တဲ့ အချိန်မှာ ပဲပုပ်ပေါ်လာပြီပေါ့နော်။ ပဲပုပ်က မိုးတွင်းမှ လာပေါ်တာကို ၅ လပိုင်းဆိုတော့ အဲချိန်မှာပဲပုပ်က အထွက်နှုန်း ကောင်းသောငြားလည်း မိုးမိတဲ့ အတွက် ပဲပုပ်က တစ်ခါတလေကျရင် ပုပ်သွားတယ်။ ကိုယ့်ရဲ့ ရာသီဥတုပေါ်မှာ မူတည်တာပေါ့။ ရာသီဥတု ကောင်းတယ်ဆိုရင်တော့ ပဲပုပ်က မျိုးကောင်းကောင်းရလို့ ရှိရင် ပွဲစာဈေး ကောင်းကောင်းပေးတယ်။ အမှန်တကယ် ကျွန်တော်တို့ ရောင်းစမှာ ၁၂၀၀ ပေါက်လို့ရှိရင် မိုးမိထားတဲ့ ပဲပုပ်ဆို ၆၀၀ လောက်နဲ့ရောင်းရတယ်။ အဲလိုမျိုးတွေ ဖြစ်တာပေါ့။ ဒါရာသီဥတုပေါ်မှာ မူတည်တာပေါ့။

တောင်သူဆိုတာလဲ မိုးလေဝသ ခန့်မှန်းလို့ မရဘူးလေ။ မိုးလေဝသ က သူရွာချင် ရွာတာဆိုတော့ တကယ်တမ်း ပဲပုပ်သိမ်းရင်းနဲ့ မိုးရွာချင် ရွာတယ်။ မိုးရွာရင် ပဲပုပ်စေ့က ပွပြီးတော့ ပုပ်သွားတယ်။ ပုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ဈေးမရဘူးပေါ့။ အဲချိန်မှာဈေးက တစ်ဝက်ကြေး ကောက်တယ်။ ကျွန်တော်တို့ကလည်း ကောင်းတာလေးနဲ့ မကောင်းတာလေးနဲ့ ရောပြီးတော့ သွားပို့ပေးရတယ် အဲချိန်မှာ ဈေးက တစ်ဝက်လောက်ပဲ ရပါတယ်။ အဲလိုမျိုးတွေ ကြုံပါတယ်။ မျိုးကတော့ ကျွန်တော်ပြောတဲ့ နည်းတိုင်း သုံးတာပဲ။ ကျွန်တော်ပြောတဲ့ နည်းဆိုတာ တစ်ချို့ကျတော့လည်း ဆေးမထည့်ဘူးပေါ့။ ကျွန်တော်ဒေသ သုံးပြာတွေ ထည့်ပြီးတော့ အိတ်ထဲမှာ ထည့်ပြီးတော့ လူသွားလူလာ များတဲ့ နေရာမှာ ထားလိုက်တယ်။ ပဲပုပ်က အဲလိုပဲ လူသွားလူလာ များတဲ့ နေရာမှာ ထားရင် ပိုးမစားဘူး ကျွန်တော်အမြင်ပေါ့နော်။ ကျွန်တော်တို့ တောင်သူက အဲလိုပဲ မှတ်ထားတာ ခင်ဗျ။

ဒေသခံတောင်သူတွေဟာ ပဲပုပ်စိုက်ပျိုးဖို့ မျိုးစေ့ သိုလှောင်ရမှာလဲ မိရိုးဖလာ နည်းတွေကိုပဲ အသုံးပြုကြပါတယ်။ ဒီလိုပြုလုပ်နေတာတွေဟာ ပဲပုပ် အပင်ပေါက်နှုန်းကိုတစ်ဝက်နည်းပါးလောက် လျော့ကျစေပါတယ်။ ဒါကြောင့် အပင်ပေါက်နှုန်းကောင်းအောင် ပဲမျိုးစေ့တွေကို ထိန်သိမ်းပုံနည်း တွေကိုလည်း ကိုသက်ထွန်းနောင်က ခုလို ပြောပြထားတယ်။

ကျွန်တော်တို့ ဒီမျိုးစေ့သိုလှောင်တဲ့နည်းက အဓိကအားဖြင့် ကျွန်တော်တို့ သုံးမျိုးပေါ့နော်။ တောင်သူတွေကို လုပ်ပြတယ်။ ပထမဆုံး တစ်ခုကတော့ ရိုးရိုးလေးပဲပေါ့နော်။ တောင်သူတွေက သူတို့ မျိုးစေ့လှောင်တော့မယ်ဆိုရင် သူတို့ မျိုးစေ့အဖြစ်ထားမယ့် ပဲပုပ်စေ့တွေကို နေပြတယ် နေကို ခြောက်နေအောင် ပြပြီးတော့မှ အရိပ်ထဲမှာ ထည့်ထားပြီးတော့မှ သူတို့ မီးဖိုချောင်ထဲမှာထားတယ်။ တစ်ခါတလေ ခေါင်းအုံးလုပ်တယ်။ တစ်ခါတလေကျရင် ထိုင်တဲ့ ဖင်ထိုင်ခုံလုပ်တယ်။ အဲလိုလုပ်မှသာလဲ သူတို့က ပိုးမထိုးဘူးပေါ့နော်။

ဒါပေမယ့် တကယ်တမ်း ပဲပုပ်ပဲ သူရဲ့ အပင်ပေါက်နှုန်းကိုစမ်းကြည့်တဲ့ အခါမှာ အပင်ပေါက်နှုန်းက ၅၅ ကနေ ၆၀လောက်ပဲ ရှိတယ်ပေါ့နော်။ အဲတော့ ကျွန်တော်တို့ အနေနဲ့ တောင်သူတွေ ကုန်ကျစရိတ်လဲ သက်သာတယ် တောင်သူတွေ အလွယ်တကူလဲ လုပ်နိုင်တဲ့ နည်းပညာနှစ်ခုကို ကျွန်တော်တို့က တောင်သူတွေကို ပေးတယ်ပေါ့နော်။

ပထမ တစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ လေလုံအိတ်နဲ့ ကျွန်တော်တို့ သိုလှောင်တယ်ပေါ့နော်။ လေလုံအိတ် သိုလှောင်တာ အဓိက ဘာလဲဆိုတော့ ကျွန်တော်တို့ မျိုးစေ့သိုလှောင်တာဘာလဲဆိုရင် ဒီပိုးမွှားတွေက ကျွန်တော်တို့ သိုလှောင်ထားတဲ့ ပိုးတွေကို အဓိက မတိုက်ခိုက်နိုင်အောင် လေလုံတဲ့အခါမှာ ကျွန်တော်တို့ ပိုးတွေက အထဲမှာမရှင်သန်နိုင်ဘူး။ သူရဲ့ အစိုဓာတ်ကလဲ လေလုံအိတ်ထဲမှာ ဖြစ်နေတဲ့ အတွက် တစ်သမတ်တည်း ဖြစ်နေတဲ့ အခါမှာ ဒီမျိုးစေ့ကို ထိန်သိမ်းနိုင်တယ်ပေါ့နော်။

ဒုတိယ တစ်နည်းကတော့ ကျွန်တော်တို့ စပါးခွံဖွဲပြာကို ၁% ကနေ၂% သဘောက ပဲပုပ်စေ့ ၁၀၀ ဂရမ်မှာ ကျွန်တော်တို့ ဖွဲပြာက ၁ ဂရမ် ၂ ဂရမ် လောက်ရောလိုက်ပြီး ကျွန်တော်တို့ မွှေလိုက်တယ်။ မွှေလိုက်ပြီးတော့မှ အဲဟာကို အိတ်ထဲမှာ ထည့်ထားလိုက်တယ်။ ဒီဖွဲပြာသဘောက ဘာလဲဆိုတော့ ဖွဲပြာထဲမှာ ကျွန်တော်တို့ ဆီလီကွန်တွေ ပါတယ်။ အကယ်လို့ ပိုးကောင်က အထဲကိုဝင်သွားတယ်။ ပိုးကောင်ဟာ ဖွဲပြာနဲ့ သွားပြီၤး ပွတ်တိုက်မိတဲ့ အခါမှာ သူရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရပြီးတော့ အဲပိုးက လှုပ်လေ သူ့ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ် ဆုံးရှုံးပြီးတော့ ဒီပိုးက သေသွားတယ်ပေါ့နော်။

နောက်တစ်ချက်က ဖွဲပြာက ဒီအစိုဓာတ်ကို စုပ်တဲ့ အတွက် ဒီမျိုးစေ့ သိုလှောင်တဲ့ အခါမှာ မျိုးစေ့ရဲ့ အစိုဓာတ်ကိုလည်း အထိုက်အလျောက် ထိန်သိမ်းပေးနိုင်တဲ့ အခါမှာ ဒီနည်းကလည်း ကုန်ကျနည်းပြီးတော့ တောင်သူတွေ လုပ်နိုင်တဲ့ နည်းပညာဖြစ်တဲ့ အတွက် ဒီနှစ်ခုကို တောင်သူတွေကို စမ်းပြတယ်ပေါ့နော်။

ပဲပုပ်စေ့တွေကနေ တိုဖူး၊ ပဲပြား၊ ပဲသွေး၊ ပဲနို့၊ ပဲငံပြာရည်၊ ပဲငါးပိ စတဲ့ အရှေ့တိုင်း အစားစာတွေကို ထုတ်လုပ်နိုင်ပါတယ်။ ပဲပုပ်စေ့ရဲ့ အရည်သွေးကောင်းမွန်မှုဟာ တန်းဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ နေရာမှာ အဓိက ကျနေပါတယ်။ မြန်မာနိုင်ငံက ထွက်တဲ့ ပဲပုပ်ဟာ ပြည်တွင်းစားသုံးမှု ဘက်ကိုပဲ အဓိက ဈေးကွက် ရရှိထားပါတယ်။ ပြည်ပ ပို့ကုန်အတွက်ဆိုရင်တော့ စိုက်ဧက တိုးချဲ့တာတွေ ပဲပုပ်အရည်သွေးကောင်းမွန်ဖို့ အတွက် နည်းပညာတွေ မျိုးကောင်းမျိုးသန့်တွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်းရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ ဦးမင်းကိုဦးကလည်း မြန်မာနိုင်ငံရဲ့ ပဲပုပ်ထွက်ရှိမှု အနေထားနဲ့ ဈေးကွက် အကြောင်းကို ပြောပြထားပါသေးတယ်။

အဓိကတော့ ပဲပုပ်ကတော့ ဧရာဝတီတိုင်း ဘက်မှာလဲ အဓိက စိုက်ပျိုးတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ် ဘက်မှာလဲ စိုက်ပျိုးတယ်။ ပဲပုပ်က တစ်နှစ် တစ်နှစ်ကို တန်ချိန် ၅၀၀၀နဲ့ ၁၀၀၀၀ ကြားလောက်ပဲ ထွက်တယ်ပေါ့နော်။ သိပ်ပြီးပြောရရင် နိုင်ငံခြား တင်ပို့တဲ့ များများစားစား တင်ပို့တဲ့ အထဲမှာ မပါဘူး။ ပဲပုပ်က ပြည်တွင်းမှာ ပဲပုပ်ကိုအဆီယူဖို့ လုပ်ငန်းရှင် သုံးတဲ့နေရာမှာလဲ သုံးတယ်။ နောက် ပဲပုပ်တို့ ပဲပိစပ်တို့ ပဲမျိုးနွယ်တွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာပဲပြားလုပ်တာတို့ ခုကန ပဲပုပ်ဆီတွေ ကျိတ်ပြီးတော့  ထွက်လာတဲ့ ပဲပုပ်ဖတ်တွေကို တိရစ္ဆာန်စာ ပြန်သုံးတာတို့ အဓိပြောရင်တော့ ပြည်တွင်းမှာ သုံးတာ ပိုများပါတယ်။ နိုင်ငံခြားတင်ပို့ နိုင်တဲ့ အင်းအားက သိပ်မရှိသေးဘူး။ မရှိသေးဘူးဆိုတာက ပဲပုပ်က အမေရိကန်တိုပ သြစတေးလျတို့ ကနေဒါတို့က ထွက်တဲ့ ပဲပုပ်တွေကလည်း ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ ပြည်တွင်းဈေးထက်တောင် သက်သာနေတဲ့ ခါကျတော့ တစ်ခါတလေကျရင် နိုင်ငံခြား ပြန်မထွက်နိုင်တဲ့ ဟာလေးတွေ ပါပါတယ်။

 ပြည်တွင်းသုံးမှာတော့ ပဲပုပ်က အဓိက သုံးတယ်။ နိုင်ငံခြားကို အရမ်းကြီး တင်ပို့နိုင်တဲ့ အင်အားတော့ မရှိဘူးပေါ့နော်။ ဒါကြောင့်မို့ ပဲပုပ်ဈေးကလည်း ပြောရရင် ပြည်တွင်းမှာ ကျန်တဲ့နိုင်ငံခြား တင်ပို့တဲ့ မတ်ပဲတို့ ပဲစင်းငုံတို့နဲ့ ယှဉ်ကြည့်ရင် နိမ့်နေတာကို တွေ့ရတယ်။ ဒါကြောင့် တစ်ချို့တောင်သူတွေဆိုလည်း ရှမ်းပြည်နယ်တို့ ဆိုရင် ပဲပုပ်နေရာမှာ ပြောင်းတွေကို ပြောင်းပြီး စိုက်ပျိုးတာ တွေ့ရတယ်။ ဒီလိုပဲ ဧရာဝတီတိုင်းဆိုရင်လည်း ပဲပုပ်စိုက်တဲ့ နေရာလေးတွေ တစ်ချို့ ဘိုကိတ်တို့ အခြားဈေးနှုန်းရတဲ့ ပဲလေးတွေ ပြန်ပြောင်းစိုက်တာ မြင်ရတယ်။ ပြောရင် ခုနက ကျွန်တော်ပြောသလိုပါပဲ ပဲပုပ်က နိုင်ငံခြားကို တင်ပို့နိုင်တဲ့ အားထက်စာရင် ပြည်တွင်းမှာ အဓိက စားသုံးတဲ့ အားက ပိုများနေတဲ့ သဘောပါပဲ။

ပဲပုပ်ပင်ဟာ ပရိုတိန်း အသားဓာတ်ပါဝင်မှုကြောင့် ကျန်းမာရေးအတွက် အထောက်ကူဖြစ်တဲ့ စိုက်ပျိုးရေး ထွက်ကုန် တစ်မျိုးပါ။ ပဲပုပ်မှာ ပါဝင်တဲ့ အသားဓာတ်ဟာ ကြက်ဥ၊ အမဲသား၊ နွားနို့ စတာတွေထက် ပိုများပါတယ်။ အဟာရချို့တဲ့နေသူတွေအတွက် အစားစာအဖြစ် စားသုံးပေးနိုင်တဲ့ ပဲပုပ်ဟာ ကင်စာရောဂါကိုလည်း ကာကွယ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲပုပ်ကို တိရစ္ဆာန် အစာဖြစ်ပါ  အသုံးပြုနိုင်တာကြောင့် ပဲပုပ်ရဲ့ ဈေးကွက်ဟာ အသင့်တင့် ရရှိထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပဲပုပ်စိုက်တောင်သူတွေဟာ အထွက်နှုန်းကောင်းတဲ့ မိုးဦးကာလတွေမှာ ရိတ်သိမ်းထားတဲ့ ပဲပုပ်တွေကို အခြောက်ခံဖို့ အတွက် ပစ္စည်းကရိယာတွေ နည်းပညာတွေ စတဲ့ လိုအပ်ချက် အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တင်ပြလိုက်ရပါတယ် ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly