အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တပ်မတော်သားတို့ ကန့်ကွက်သော်လည်း လွှတ်တော်က လက်ခံဆွေးနွေးမည်

အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တပ်မတော်သားတို့ ကန့်ကွက်သော်လည်း လွှတ်တော်က လက်ခံဆွေးနွေးမည်

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် ပုဒ်မ ခုနစ်ခု တို့ပါရှိနေသဖြင့် ၎င်းတို့ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီက ယနေ့တင်သွင်းခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်သော်လည်း ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

“ဦးတင်မောင်ဦးရဲ့ တစ်ဦးချင်း တင်ပြတဲ့ ကိစ္စသည် အခုလက်ရှိ အခြေအနေနဲ့ ကြည့်မယ်ဆိုရင် ဥပဒေနဲ့ လွဲနေတယ်လို့ ယူဆပါတယ်။ ဒါဟာလည်း ကျွန်တော်တစ်ဦးတည်းရဲ့ အယူအဆဖြစ်ပါတယ်။ လွှတ်တော်မှာ တင်ပြတာ တစ်ဦးချင်း တင်ပြချက် အပြင် ကော်မတီဝင် တစ်ယောက်အနေနဲ့ တင်ပြ တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၇၇ နဲ့ ဥပဒေ ၁၈၀ ၁၈၁ ၁၈၂ အရ ဥပဒေနဲ့ ညီ/မညီ ပြန်လည် သုံးသပ်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဌေးနိုင်က ထောက်ပြခဲ့ရာ ဦးတင်မောင်ဦးက အဆိုပါ ဥပဒေကြမ်းကို ဥပဒေနှင့်အညီ တင်သွင်းခြင်း ဖြစ်ကြောင်း ရှင်းပြပြီး ကျန်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် ၁၃ ဦးတို့ကပါ ထောက်ခံခဲ့သော်လည်း ဗိုလ်မှူးချုပ်ဌေးနိုင်က ကန့်ကွက်ခဲ့သည်။

ယခင်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေအရ “နိုင်ငံရေး ပါတီဝင် ဖြစ်သည့် သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများအား ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည်” ဟူ၍လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စု တရားစီရင်ရေး အဖွဲ့ဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့နှင့် ပတ်သက်သည့် ဥပဒေများတွင်လည်း အလားတူ ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခွင့်ပြုထားခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် ကိုက်ညီမှု ရှိစေရန် အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းရခြင်းဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ်အမတ် ဦးတင်မောင်ဦးက လွှတ်တော်ကို ရှင်းပြသည်။

ထိုသို့ပြင်ဆင်သည့် ဥပဒေကြမ်းများအရ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် မိမိ အစိုးရဝန်ထမ်း သက်တမ်းအတွင်း မိမိပါတီစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်လိုပါက လက်ရှိ ရာထူး တာဝန်များမှ နုတ်ထွက်ရမည် ဖြစ်သည်။

အဆိုပါ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှ ပုဒ်မ ခုနစ်ခုကို ပြန်လည် ပြင်ဆင်သည့် ဥပဒေကြမ်းခုနစ်ခု ပြင်ဆင်ရေး အတွက် ပြည်သူ့လွှတ်တော်သို့ မတင်သွင်းမီ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို ခေါ်ယူဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်ကို ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly