စပါးစျေး ယမန်နှစ်ကထက်ကောင်း

စပါးစျေး ယမန်နှစ်ကထက်ကောင်း
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်က နေပြည်တော်တွင် ရိတ်သိမ်းပြီးစပါးများသိမ်းဆည်းနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း)

ရန်ကုန်၊ဒီဇင်ဘာ ၁၈ ။             ။ ပြီးခဲ့သည့် မိုးကာလက စပါးစိုက်ဧကတချို့ပျက်စီးခဲ့သည့် အပြင် အထွက်အနှုန်းလျှော့ကျခဲ့ခြင်းကြောင့် စပါးဈေးမှာ ယမန်နှစ်က တင်းတစ်ရာလျှင် ကျပ်လေးသိန်းခန့်   ဈေးပေါက်နေရာမှ ယခုနှစ်တွင် ကျပ်ခြောက်သိန်းခန့် ဖြစ်နေကြောင်း သိရသည်။

ပေါက်ဈေးအတိုင်းပေးဝယ်သည့်တိုင် လိုအပ်သည့် ပမာဏကို မရကြောင်း၊တောင်သူများအတွက် တွက်ခြေကိုက်သော်လည်း ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စပါးကိုဆန်ကြိတ်ရောင်းသည့် အခါတွင် တွက်ချေမကိုက်ဘဲ စက်ခ ရှုံးနေကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင် ကပြောသည်။

စပါးဈေးမြှင့်တက်နေချိန်တွင် ပြည်ပဆန်ဝယ်လိုမှုမှာလည်း တိုးနေသည့်အတွက် လက်ရှိအခြေအနေအရ ပြည်ပမှ လုံးတီးဆန်များတင်သွင်းရန် အစိုးရနှင့် ဆန်လုပ်ငန်းရှင်များက စဉ်းစားနေကြောင်း သိရသည်။

"ဝယ်လိုအားကအရမ်းများလာတယ်။ Demand ကအရမ်းများလာတယ်။ Supply က မလိုက်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဆီမှာကTrade အရမ်းတက်လာပြီးတော့ Production က ပုံမှန်ဘဲဖြစ်နေတယ်။ ဒီProduction တိုးတက်လာအောင်တော့ ဖြေးဖြေးချင်းတော့ တောင်သူတွေကိုနည်းပညာ တွေပံပိုးပေးရမှာပေါ့။ ဓာတ်မြေသြဇာတို့ မျိုးတို့ပံပိုးပေးရမှာပေါ့ ဒါပေမယ့်ချက်ချင်းကြီး Productionတက်ဖို့ဆိုတာကတော့ ချက်ချင်းကြီး လုပ်လို့မရဘူး။ အချိန်နည်းနည်းယူရမယ်။"ဟု SWY Group အုပ်ချုပ်မှုဒါရိုက်တာ  ဦးလူမော်မြင့်မောင် ကပြောသည်။

တောင်သူများအတွက် ပြန်ကြည့်ရမည်ဖြစ်ပြီး ပြည်ပတင်သွင်းလာသည့် လုံးတီးဆန်များကို ပြန်လည်မတင်ပို့ဘဲ ပြည်တွင်းမှာသာရောင်းချပါက လက်ရှိစပါးဈေးထက် ပိုမိုကျဆင်းသွားပါက   တောင်သူများ နစ်နာနိုင်ကြောင်း ယင်းကဲ့သို့မဖြစ်အောငါ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ ခွင့်ပြုသင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဥက္ကဌ ဦးအောင်သန်းဦး ကပြောသည်။

မြန်မာနိုင်ငံကဥရောပနိုင်ငံများ၏ ကုန်သွယ်မှုအခွန်အထူးကင်းလွတ်ခွင့် ရရှိထားသည့်အတွက်ကြောင့် ပြည်ပနိုင်ငံက လုံတီးဆန်တင်သွင်းပြီးကုန်ချောပြန်လည်တင်ပို့ပြီးပါက နိုင်ငံအတွက်လည်း အခွန်ငွေများရရှိနိုင်သလို ရင်နှီးမြှပ်နှံမှုများလည်းတိုးပွားလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly