လုံခြံုရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်ရန် ဂျပန်နှင့် အင်ဒိုနီးရှား သဘောတူ

လုံခြံုရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်ရန် ဂျပန်နှင့် အင်ဒိုနီးရှား သဘောတူ

တိုကျို၊ ဒီဇင်ဘာ - ၁၈ ။          ။ လုံခြုံရေးနှင့် စီးပွားရေး ဆက်ဆံရေးများကို ခိုင်မာအားကောင်းအောင် နှစ်ဦးနှစ်ဖက် တိုးမြှင့်ကြရန် ဂျပန်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး များက သဘောတူခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ရက်နေ့က တိုကျိုတွင်ကျင်းပခဲ့သည့် ထူးထူးခြားခြား လေးပွင့်ဆိုင်ပုံစံ ဆွေးနွေးပွဲများအပြီးတွင် ယခုကဲ့သို့ သဘောတူချက ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

ဝန်ကြီး၄ယောက်တို့က အကြမ်းဖက်မှု တိုက်ဖျက်ရေး အရေးယူဆောင်ရွက်ချက်များအပါအဝင် ဒေသတွင်းပြဿနာများ၊ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာနှင့် လုံခြုံရေးပေါ်လစီများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုနှင့် ဆက်နွယ်နေသော ပြဿနာများကို အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်က အလိုရှိနေသည်။ အခြားတစ်ဖက်တွင်လည်း အင်ဒိုနီးရှားက သဘာဝကပ်ဘေး ကယ်ဆယ်ရေးအတွက အသုံးပြုရန် ကုန်းရေနှစ်တန်သွားယာဉ်ကဲ့သို့သော နည်းပညာများကို ဂျပန်က မျှဝေပေးဖို့ မျှော်လင့်နေသည်။

ဖြစ်နိုင်ဖွယ်ရာ နည်းပညာလွှဲပြောင်းမှုအတွက် စေ့စပ်ညှနှိုင်းရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရိုင်ယာမီဇာ့ ရိုင်ယာကျူဒူက ပြောကြားခဲ့သည်။ ဂျပန်က သူ့ရဲ့ လုံခြုံရေးဥပဒေကို ပြင်ဆင်ပြောင်းလဲထားတော့ အင်ဒိုနီးရှားအနေနဲ့ ကာကွယ်ရေးကိရိယာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေမှာ နည်းပညာတွေ လွှဲပြောင်းပေးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ပါလိမ့်မယ်ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်အတွက်မူ အင်ဒိုနီးရှားမှာ ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ ရေးပါသည့် ဈေးကွက်တစ်ခုလည်း ဖြစ်နေသည်။ အင်ဒိုနီးရှားဟာ အကြီးဆုံးမွတ်စလင်နိုင်ငံပါ။ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ကီရှီဒါက ပြောကြားခဲ့သည်။

ဂျပန်က အင်ဒိုနီးရှားလို မဟာမိတ်များနှင့် စစ်ရေးလေ့ကျင့်မှုများကိုလည်း တိုးမြှင့် ဆောင်ရွက်လိုနေသည်။ အမေရိကန်ပြည်ထောင်စုမှအပဖြစ်သော အခြားနိုင်ငံများတွင်လည်း ဂျပန်စစ်တပ်က တက်ကြွစွာ ပါဝင်လိုသည့် ှဆန္ဒကို ဖော်ပြခြင်းပင်ဖြစ်သည်။

နောက်နှစ်မှာ အင်ဒိုနီးရှားက နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဆိုတော့ ကျနော်တို့ရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေးတပ်မတော် (Self Defence Force)လည်း ပါဝင်လိုပါတယ်။ အချို့သော အကြောင်းအချက်တွေမှာလည်း သဘောတူပြီးပါပြီဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ပြောကြားခဲ့သည်။

တရုတ်နှင့် အင်ဒိုနီးရှား၏ အရှေ့တောင်အာရှ ပါ့တနာများဖြစ်ကြသော ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ပါဝင်နေသည့် တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်အငြင်းပွားမှုများနှင့် ပတ်သက်ရျ် တင်းမာမှုများ မြင့်တက်လာနေချိန်တွင် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly