အမေရိကန်မြို့ကြီးများတွင် မိန်းမလျာ၊ အချစ်တော်ထား၊ ဒွိလိင်နှင့် လိင်ပြောင်းများအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်းလာ

အမေရိကန်မြို့ကြီးများတွင် မိန်းမလျာ၊ အချစ်တော်ထား၊ ဒွိလိင်နှင့် လိင်ပြောင်းများအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်းလာ

နယူးယောက်၊ ဒီဇင်ဘာ - ၁၈ ။        ။ LGBT ဟု အတိုကောက်ခေါ်သည့် မိန်းမချင်း အချစ်တော်ထားသူများ (lesbian)၊ မိန်းမလျာများ(gay)၊ ဒွိလိင်များ (bisexual)နှင့် လိင်ပြောင်းများ(transgender)အပေါ် ဆက်ဆံမှုကို တိုင်းတာသည့် ညွှန်းကိန်းတွင် အမေရိကန် ပြည်နယ်၅၀၏ ထက်ဝက်အတွင်းရှိ မြို့ကြီးမြို့ငယ်များမှာ ပြည့်စုံကောင်းမွန်သော အမှတ်များကို ရရှိလာခဲ့သောကြောင့် သမိုင်းတစ်လျှောက် ခွဲခြားဆက်ဆံခံလာခဲ့ရသော အသိုင်းအဝိုင်းအတွက် သိသိသာသာ တိုးတက်လာမှုပင် ဖြစ်သည်ဟု LGBTအခွင့်အရေး ရပ်ခံကာကွယ်သည့် အုပ်စုတစ်စုက ကြာသပတေးနေ့က ပြောကြားခဲ့သည်။

မြူနီစပါယ် တန်းတူညီမျှမှု ညွှန်းကိန်းတွင် ရရှိလာသည့် အမှတ်များက LGBTများကို ခွဲခြားဆက်ဆံမှုမှ အကာအကွယ်ပေးသည့် အရေးယူဆောင်ရွက်ချက်များကို ထင်ဟပ်နေသည်ဟု ညွှန်းကိန်းများကို ပြုစု ခဲ့သည့် လူ့အခွင့်အရေး လှုပ်ရှားမှုဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။

မြို့ကြီးအဆင့်မှာ အံ့သြဖွယ်ရာ ရှေ့ကို တိုးတက်လာတယ်ဆိုတာ ဒီသုတေသနက ဖော်ပြနေပါတယ်ဟု ညွှန်ကိန်းပြုစုသည့် သုတေသနအဖွဲ့မှူး ကက်သရင်း အုတ်ကလေးက သော်မဆမ်ရိုက်တာ ဖောင်ဒေးရှင်းသို့ ပြောကြားခဲ့သည်။

ညွှန်းကိန်းအမှတ် အမြင့်ဆုံးရရှိသည့် မြို့သစ်များထဲတွင် စီးပွားရေးအကျပ်အတည်းမှ နာလံထရန် ရုန်းကန်နေရသည့် အနောက်အလယ်ပိုင်းမှ ဒက်ထရိုက်မြို့၊ အမေရိကန်တွင် ရှေးရိုးအစွဲဆုံး သမ္မာကျမ်းလမ်းကြောင်း (Bible Belt)ပေါ်တွင် တည်ရှိနေသော လူးဝစ်ဗီလီနှင့် ကင်တပ်ကီတို့ပင် ဖြစ်သည်။  

ညွှန်းကိန်းအမှတ်ကောင်းမွန်သည့်မြို့များ ပထဝီဝင်အနေအထားအရ ပျံ့နှံ့တည်ရှိလာသည်ကို သူမအနေဖြင့် ကျေနပ်ဝမ်းသာမိကြောင်း အုတ်ကလေးက ပြောကြားခဲ့သည်။ လူတွေက LGBTကိစ္စကို သာမန်ကိစ္စလိုပဲ သဘောထားပြီး ပြုမူဆက်ဆံလာကြတော့မယ်။ ဒါဟာ ပြဿနာကြီးတစ်ရပ် မဟုတ်တော့ဘူးဟု အုတ်ကလေးက ပြောကြားခဲ့သည်။

ညွှန်းကိန်းအမှတ်မြင့်မားသည့် အမေရိကန်မြို့များ၏ အချိုးမှာ အနည်းနှင့်အများဆိုသလို မတည်ငြိမ်သေးသော်လည်း နယ်ပယ်စုံမြို့များ တိုးပွားလာခြင်းသည်ပင်လျှင် အကောင်းမြင်စရာဖြစ်ကြောင်းလညး အုတ်ကလေးက ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်က စတင်ပြုစုခဲ့သည့် ဤညွှန်းကိန်းတွင် ကောင်းမွန်မြင့်မားသော အမှတ်ရရှိရန်အတွက် LGBTမြူနီစပါယ်ဝန်ထမ်းများကို ခွဲခြားမဆက်ဆံဘဲ၊ အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေများ လိုအပ်သကဲ့သို့ မြို့တော်၏ ဝန်ဆောင်မှုကဏ္ဍများတွင်လည်း ၎င်းတို့ကို အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်စေရမည်ဖြစ်သည်။ LGBT ပုဂိုလ်များကို ကာကွယ်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ထိရောက်သော အရေးယူမှုများလည်း ရှိရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags