“ မင်းမဲ့တိုင်းပြည်၊ ရန်ကုန် ”

“ မင်းမဲ့တိုင်းပြည်၊ ရန်ကုန် ”

လက်ရှိ ရန်ကုန်မြို့လယ်ကို ကြည့်လိုက်ရင် လမ်းဘေးဈေးသည်တွေ၊ ရေမြောင်းတူး လိုက်၊ ပက်လက်ဖေါင်းဖျက်လိုက် လုပ်နေတဲ့ စည်ပင်ဝန်ထမ်းတွေ၊ ရပ်ချင်သလို ရပ်ထားကြ တဲ့ မော်တော်ကားတွေ၊ လမ်းဘေးမှာ သွားလို့မရလို့ လမ်းအလယ်ပေါ် တက်လျောက်နေရတဲ့ ပြည်သူတွေ၊ လေးလမ်းသွားမှာ တစ်လမ်းလောက်ပဲ မောင်းရလို့ ဖြစ်သလို မောင်းနှင်နေရတဲ့ ကားတွေ အစရှိသဖြင့် ရှုတ်ရှက် ခတ်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ တိုးတက်မှုရဲ့ ပြယုဂ်၊ စည်ကားမှုရဲ့ ပုံစံလို့ ဆိုနိုင်ပါသလား၊ ဒါမှမဟုတ် စီမံခန့်ခွဲမယ့်သူမရှိလို့ မင်းမဲ့တိုင်း ပြည်လို ဖြစ်နေတာလို့ရော မဆိုနိုင်ဘူးလားဆိုတာ ဒီကနေ့ ဆွေးနွေး ငြင်းခုံကြည့်ကြရအောင်။

အရင် ဦးအောင်သိန်းလင်း ရန်ကုန်မြို့တော်ဝန် တာဝန်ယူစဉ်တုန်းကတော့ မြို့လည် မှာ ရှုတ်နေတဲ့ လမ်းဘေး ဈေးသည်တွေကို ဟိုနေ့ရှင်းမယ်၊ ဒီနေ့ရှင်းမယ် ဘယ်လို အပြတ် လုပ်လိုက်မယ် စသဖြင့် ကြုံးဝါးခဲ့တာကတော့ အကြိမ်ကြိမ်ပါ။ မလုပ်တတ်၊ မကိုင်တတ် စီမံ ခန့်ခွဲ မတတ်တော့ လမ်းဘေးဈေးသည် ပြဿနာ ပြေလည်မသွားပဲ ပိုပိုပြီး ဆိုးလာတာပဲ ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်တုန်း ကတော့ ဖြစ်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်း မယ်ဆိုပြီး ပြောဖော်ရနေသေးတော့ အော် အစိုးရတစ်ရပ် ရှိနေပါသေးလားဆိုပြီး ဖြေသိမ့်လို့ ရပါသေးတယ်။

နောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ်တက်၊ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် အဖြစ် ဦးမြင့်ဆွေ တာဝန်ယူတော့ အခြေအနေတွေ ပိုဆိုးကုန်ပါတယ်။ ကားတင်သွင်းခွင့် ဖွင့်ပေးလိုက်လို့ ကားအရည်အတွက် များလာတဲ့ကိစ္စ စနစ်တကျ ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ပဲ ကားပါကင်အတွက်ဆိုပြီး အများပြည်သူ သွားလာနေတဲ့ ပက်လက်ဖေါင်းတွေကို နေရာတကာ လှီးပြီး ကားပါကင် လုပ်ပစ်ပါတယ်။ ဒီလို လုပ်တဲ့အတွက် ရန်ကုန်တိုင်း အစိုးရနဲ့ ရန်ကုန်စည်ပင် အရာရှိတွေကတော့ ပျော်ရွှင်နေကြမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ပက်လက်ဖေါင်းတွေကို လှီးပြီး ကားပါကင် လုပ်တဲ့ဆီကနေ ဘတ်ဂျက်တွေ အမြောက်အများ သုံးစွဲခွင့်ရလို့ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ကားလမ်းတွေမှာ လူသွားနိုင်တဲ့ ပက်လက်ဖေါင်းဆိုတာ ပျောက်ဆုံးသွားပြီး ကားလမ်းတစ်ခုတည်းမှာကိုပဲ ကားတွေလည်း ပါကင်ထိုး၊ ဈေးသည်က လည်း ဈေးရောင်း၊ ကားတွေလည်း မောင်း၊ လူတွေလည်း အန္တရာယ်ကြည့်ပြီး လမ်းလျောက် ဆိုတဲ့ ဒီကနေ့လို အခြေအနေ ရောက်လာတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ရန်ကုန်မြို့တော်ခန်းမမှာ မြို့ပြ သယ်ယူပို့ ဆောင်ရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ပါတယ်။ အဲဒီမှာ စည်ပင်တာဝန်ရှိ သူ တစ်ယောက်က ရန်ကုန်မြို့လည် ခြောက်မြို့နယ်မှာ လမ်းဘေးဈေးသည် ပပျောက်ရေး စီမံကိန်းဆွဲပြီး လုပ်ခဲ့ပေမယ့် အစိုးရသစ် လက်ထက်မှာ ဈေးသည် နဂို ၅ ထောင်လောက် ကနေ အခု ၅ သောင်းကျော်အထိ ၁၀ ဆ တိုးလာတယ်ဆိုပြီး ဆွေးနွေးပါတယ်။ နည်းတဲ့ အရည်အတွက် မဟုတ်ပါဘူး။ တကယ်တော့ မြို့လည်က အများပြည်သူနဲ့ ဆိုင်တဲ့ ဧရိယာ တိုင်းကို စီမံခန့်ခွဲရမှာက ရန်ကုန်တိုင်းအစိုးရနဲ့ စည်ပင်ရဲ့ တာဝန်ပါ။ ပြည်သူပိုင် ပက်လက် ဖေါင်းတွေကို လှီးတာမဟုတ်ပဲ ကားပါကင်အသစ်တွေ ဖော်ထုတ်ရပါမယ်။

ဖော်ထုတ်ပြီးတဲ့ ကားပါကင်နေရာတွေမှာ တစ်စီးချင်းစာစီကို သတ်သတ်မှတ်မှတ် မှတ်သားပြီး ပါကင် ထိုးခိုင်း ရပါမယ်။ လိုအပ်ရင် စနစ်တကျ ငွေကြေး ကောက်ခံရပါမယ်။ မြို့လည် လမ်းဧရိယာကိုကြည့် ပြီး လမ်းဘေးဈေးသည်တွေ ဈေးရောင်းခွင့်ရှိတဲ့ နေရာတွေကို လိုအပ်သလောက် တိတိကျကျ နဲ့ စနစ်တကျ သတ်မှတ်ပေးရပါမယ်။ လမ်းဘေး ဈေးသည်တွေကို စနစ်တကျ မှတ်တမ်းတင် တာမျိုး လုပ်ထားရပါမယ်။ ရောင်းခွင့်ပေးမယ့် ဈေးဆိုင်အမျိုးအစား သတ်မှတ်ပေးရပါမယ်။ အခုဖြစ်နေတာက လမ်းလည်ခေါင်မှာ ဆီအိုးကြီးတွေ၊ မီးဖိုကြီးတွေနဲ့ တည်ခင်း ရောင်းချနေတဲ့ ဆိုင်တွေကလည်း အများကြီး ဖြစ်နေတာပါ။ အလွန်အန္တရာယ် များပါတယ်။

အခုဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေလည်း အများအပြား ဝင်ရောက်နေပါတယ်။ ဒီအတွက် ညဘက် လည်စရာ ပတ်စရာ စည်ကားမဲ့ ညဈေးတန်း ပရဝုဏ်တွေ ဖော်ထုတ်ပေးရ ပါမယ်။ ဒီနေရာမှာ ဈေးဆိုင်အသစ်တွေ အများအပြား နေရာချပေးမှာဖြစ်ပြီး လမ်းဘေး ဈေးသည်တစ်ချို့ကို လက်ရှိ သူတို့ရောင်းချရာ နေရာတွေကို စွန့်လွှတ်ခိုင်းပြီး အဲဒီ ဖော်ထုတ် ထားတဲ့ နေရာတွေမှာ အစားပေးတာမျိုး လုပ်ပေးရပါမယ်။ အဓိကကတော့ မြို့လည်မှာ လူသွားနိုင်တဲ့ ပက်လက်ဖေါင်း၊ စနစ်တကျ နေရာချထားတဲ့ လမ်းဘေးဈေးသည်၊ တိတိကျကျ သတ်မှတ်ထားတဲ့ ကားပါကင်၊ ကောင်းကောင်းမွန်မွန် မောင်းနှင်နိုင်တဲ့ ကားလမ်းရယ်လို့ ရှိရ ပါမယ်။ ပြောရရင် လက်ရှိ ရန်ကုန်တိုင်း အစိုးရဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းပြီး အဲဒီလောက် အခြေအနေကိုတောင် ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်တာ မတွေ့ရပါဘူး။

နောက်ပြီး ရန်ကုန်တိုင်း အစိုးရက ကြိုက်နှစ်သက်တာ တစ်ခုက ခုံးကျော်တံတားတွေ တည်ဆောက်တာပါ။ ဘတ်ဂျက်ကို အများကြီး မြိုးမြိုးမြက်မြက် အသုံးပြုရလို့ ဖြစ်ပါတယ်။ ခုံးကျော်တံတား ဆောက်တော့လည်း စီမံကိန်း မပြီးဆုံးခင် ပြည်သူတွေ ကားဘယ်လို မောင်းရမလဲ၊ လမ်းဘယ်လို လျောက်ရမလဲ အသေအခြာ စီစဉ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် အဲဒါမျိုး ရန်ကုန်တိုင်း အစိုးရက ကြီးကြပ်လမ်းညွှန်နိုင်ပုံ မရပါဘူး။ လမ်းတစ်ကြော လုံး ပိတ်လိုပိတ်၊ တစ်ပေါက်ပဲ ဖွင့်ပေးလို ဖွင့်ပေး ထင်သလို လုပ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အားလုံး ခြုံငုံကြည့်လိုက်ရင် ရန်ကုန်မြို့ဆိုတာ ပြည်သူတွေအကျိုး ဆောင်ရွက်ပေးသူ မရှိတဲ့ မင်းမဲ့တိုင်းပြည်လို ဖြစ်နေတာပါပဲ။ ဒါကြောင့်ပဲ လက်ရှိ အာဏာရပါတီကို ပြည်သူတွေက မဲမပေးပဲ ဆန့်ကျင်ပြခဲ့တာ ဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags