အဆိုတော်မျိုးကြီး၏ 90 Minutes One Man Show ဇူလိုင် ၄ ရက်တွင် ပြုလုပ်မည်

အဆိုတော်မျိုးကြီး၏ 90 Minutes One Man Show ဇူလိုင် ၄ ရက်တွင် ပြုလုပ်မည်

ရန်ကုန် ၊ ဇွန် ၂၂ ။          ။ ဇူလိုင် ၄ ရက်တွင် အဆိုတော် မျိုးကြီး၏ Live 90 Standard 90 Minutes One Man Show ကို Myanmar Event Park ၌ Iron Cross အဖွဲ့နှင့်အတူ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

ထိုပွဲဖြစ်မြောက်ရေးအတွက် 5 Plus နှင့် MRTV-4 တို့မှ ပူးပေါင်းစီစဉ်ပြီး 5 Network ၏ 5 Special Channel နှင့် 4HD Channel တို့တွင် တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်သည်။

Iron Cross အဖွဲ့ကမိနစ် ၉၀ စာ သီဆို ဖျော်ဖြေမှုများကိုLive 90 Standard 90 Minutes One Man Show ခေါင်း စဉ်ဖြင့်မေလ ၁၅ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုတော် လေးဖြူက မိနစ် ၉၀ စာ တစ်ကိုယ်တော် သီဆိုခဲ့သည်။

ဇွန် ၂၁ ရက်၌ အဆိုတော် အငဲ က မိနစ် ၉၀ စာ တစ်ကိုယ်တော် သီဆိုခဲ့ပြီးနောက် ယခု ဇူလိုင် ၄ ရက်နေ့တွင်မူ အဆိုတော် မျိုးကြီးက မိနစ် ၉၀ စာ တစ်ကိုယ်တော် ဖျော်ဖြေမည်ဖြစ်သည်။

ည ၈နာရီခွဲမှ စတင်မည့်အဆိုတော် မျိုးကြီး၏တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ထိုင်ခုံလက်မှတ် တစ်စောင်လျှင်ကျပ် ငါးသောင်း သတ်မှတ်ထားပြီး၊ ခုံမပါ မတ်တပ်ရပ် ကြည့်ရန်အတွက်မူ ကျပ် တစ်သောင်း ဖြစ်သည်။

လက်မှတ်များကို ဇွန်လ ၂၂ ရက်မှ စတင်၍ 5 Network Showroom ၊ 4 Digital Main Showroom ၊The Sun Music Production ၊ 1876 Call Center တို့တွင် ရောင်းချပေးနေပြီဖြစ်သည်။

Iron Cross တေးဂီတ အဖွဲ့သည် ပုံမှန်အားဖြင့် TV Channel များတွင် ထုတ်လွှင့် ပြသခြင်းမရှိပဲ Live 90 Standard 90 Minutes One Man Show အစီအစဉ်ကျမှသာ ရုပ်သံ၌ ပထမဆုံး ထုတ်လွှင့်ပြသခြင်းဖြစ်ဟု ပွဲစီစဉ်သူများကပြောသည်။

Iron Cross တေးဂီတ အဖွဲ့သည် သြဂုတ်လတွင် အဆိုတော် ဝိုင်းဝိုင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်ပြီး အလားတူ တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုတော် အငဲ၏ တစ်ကိုယ်တော် ဖျော်ဖြေမှုတွင် တေးသီချင်းများစွာဖြင့် ပရိသတ်များကို ဖျော်ဖြေခဲ့သလို မျိုးဆက်သစ် ဒရမ်မာလေး မင်းသန့်ခိုင်နှင့် ကိုခရမ်းတို့၏ လက်စွမ်းပြ တီးခတ်မှုများလည်း ပါဝင်ခဲ့ပြီး ဂီတ မောင်နှမ အများအပြားလည်း အားပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly