သူများလက်ရှောင်ချင်တဲ့ဇာတ်ကားတွေကိုမှ ရွေးရိုက်သွားမယ်ဆိုတဲ့့ ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင်

17 December 2015
သူများလက်ရှောင်ချင်တဲ့ဇာတ်ကားတွေကိုမှ ရွေးရိုက်သွားမယ်ဆိုတဲ့့ ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင်
ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ

ဒီတစ်ပါတ် Meet the Successful  အစီစဉ်မှာ ကျွန်တော်တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ အနုပညာလောကကို သရုပ်ဆောင်ဘဝမှ စတင်ဝင်ရောက်လာခဲ့ပြီး အခုအချိန်မှာတော့ ဒါရိုက်တာ တစ်ယောက်အဖြစ် လူသိများလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်ပဲ ဖြစ်ပါတယ်။

အစ်ကိုက ဒီ ဒါရိုက်တာ တစ်ယောက် မဖြစ်ခင်က အစ်ကို့အနေနဲ့ ကျောင်းမှာကတည်းက ကိုယ်ဘယ်လိုမျိုး အနုပညာကို ဝါသနာပါခဲ့သလဲ အစ်ကို့မှာ အခြားရည်မှန်းချက်တွေကော ရှိသလား။

ကျွန်တော့်မှာ အခြားရည်မှန်းချက်ရယ်လို့ မရှိပါဘူး။ ကျွန်တော်က ဒါရိုက်တာဆိုတာ ဘာမှန်းမသိခင်က ကင်မရာနောက်ကွယ်က ဖန်တီးမှုတွေကို စိတ်ဝင်စားတယ်။ ငယ်ငယ်တုန်းက ဖေဖေက ရုပ်ရှင်လိုက်ပြတယ်။ ပြန်လာလို့ ရှိရင် ဖေဖေက ဒါကြီးက ဘယ်လိုရိုက်တာလဲ လို့မေးတော့ ဖေဖေက နားလည်လွယ်တဲ့ စကားမျိုးနဲ့ ရှင်းပြတယ်။ နောက်တော့ မှတ်မှတ်ရရ ဂျပန်ကား တစ်ကား ရုံတင်တယ်။ ဂျပန်ရုပ်ရှင် စတန့်မန်းတွေ အကြောင်းပေါ့။ အဲဒီကားကြည့်ပြီး ရုပ်ရှင် စက်တင်တွေ အများကြီးပါတယ်ပေါ့နော်။ ပြန်လာရင် အဲဒီရုပ်ရှင် စက်တင်တွေကို အိမ်မှာ စက္ကူပုံးတွေ စားပွဲခုံတွေနဲ့ လျောက်လုပ်ကြည့်တယ်။ ကင်မရာနောက်ကွယ်က ကိစ္စတွေကို ဒါရိုက်တာဆိုတာ ဘာရယ်လို့ မသိခင်ကတည်းက စိတ်ဝင်စားနေခဲ့တာပါ။ ဆိုတော့ ကျွန်တော့်အတွက် အခြားရည်မှန်းချက် မရှိဘူးလို့ ပြောလို့ ရပါတယ်။

သူ့ရဲ့ဘဝမှာ အောင်မြင်မှုကို ရောက်ဖို့ ကြိုးစားနေချိန်မှာ သူ့ရဲ့ မိဘတွေကလည်း အရေးပါတဲ့ နေရာက ပါဝင်နေခဲ့တယ်လို့ ပြောပြပါတယ်။

ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ အခြားသူငယ်ချင်းတွေက LCCI  တွေ တက်ကြတယ်။ Computer  သင်တန်းတွေ တက်ကြတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်ထဲ ဘယ်လိုဝင်ရမလဲ တစ်ချိန်လုံး စဉ်းစားနေတာပေါ့။ ရုပ်ရှင်ထဲ ဘယ်လိုရောက်ရမလဲပေါ့။ နိုင်ငံခြားလွှတ်လဲ မသွားချင်ဘူး။ အဲအချိန်တုန်းက အခြားလူငယ်တွေ အတွက် အမေရိကန်ကို သွားခွင့်ရမယ်ဆိုတာ အိမ်မက် တစ်ခုပေါ့။ မသွားဘူး။ ကျွန်တော် ရုပ်ရှင်ထဲပဲ သွားချင်တယ်။ ရုပ်ရှင်ထဲ ရောက်ချင်တယ်။ အဲဒီအချိန်မှာ ဒါရိုက်တာကို ဘာလဲ ဆိုတာ နည်းနည်းသိနေပြီပေါ့နော်။ ဒါရိုက်တာ ဖြစ်ချင်တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းထဲမှာ တစ်ခုပဲ ရှိတယ်။ ရုပ်ရှင်ထဲကို ဘယ်လိုရောက်ရမလဲ ဘယ်လိုနည်းနဲ့ ဝင်ရင် ရုပ်ရှင်ထဲ ရောက်မလဲ။ အဲစိတ်နဲ့ပဲ အချိန်တွေကို ဖြတ်သန်းခဲ့တယ်ပေါ့။

ကျွန်တော်တို့ သိတာက ရုပ်ရှင်ထဲကို စဝင်ခါစမှာ အစ်ကိုက သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ခဲ့ဖူးတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး လုပ်ခဲ့တဲ့ အချိန်မှာ အစ်ကို့ အနေနဲ့ ဘယ်လို ရည်ရွယ်ချက်ကြောင့် လုပ်ဖြစ်သွားတာလဲ။ ဒါရိုက်တာ တစ်ယောက်ဖြစ်ချင်လို့ အရင်ဆုံး ဝင်လုပ်တာလား။ ဒါမှမဟုတ် အစ်ကို အနေနဲ့ သရုပ်ဆောင်ပညာကို ဝါသနာပါလို့လား။

သရုပ်ဆောင်ရတာကို ကျွန်တော် ဝါသနာပါ ပါတယ်။ သရုပ်ဆောင် ပညာရပ်တစ်ခုကိုလည်း ပညာရပ် တစ်ခုအနေနဲ့ လေးစားတယ်။ သဘောကျတယ်။ အရင်ဆုံး စလုပ်ဖြစ်တာတော့ ကျွန်တော်က ခုနပြောသလို ရုပ်ရှင်ထဲ ဘယ်လိုဝင်ရမလဲလို့ ကြံစည်နေချိန်မှာ ၁/၉၈ ဆိုပြီးတော့ ရုပ်ရှင်အစည်းရုံးက သရုပ်ဆောင် သင်တန်း ဖွင့်တယ်။ အဲဒီသင်တန်းကို သွားတက်ရင်းကနေပြီးတော့ သရုပ်ဆောင် စလုပ်ဖြစ်တဲ့ အတွက် သရုပ်ဆောင်ကနေ စလုပ် ဖြစ်သွားတာပေါ့။ တကယ်လို့သာ ရုပ်ရှင် အစည်းရုံးက အဲဒီအချိန်က ဇာတ်လမ်း၊ ဇာတ်ညွှန်း သင်တန်း ဖွင့်ဖြစ်ခဲ့ရင်လည်း ကျွန်တော် ဇာတ်လမ်း၊ ဇာတ်ညွှန်း သင်တန်း သွားတက်ပြီးတော့ အဲဒီကနေ စဖြစ်မှာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က ရုပ်ရှင်ထဲ ရောက်ရေးဟာ နံပါတ်တစ်ဆိုတော့ ဘယ်က ဝင်ရ ဝင်ရပေါ့နော်။

အစ်ကိုက ဒါရိုက်တာ တစ်ယောက်ဖြစ်ဖို့ အတွက် လမ်းကြောင်းတွေမျိုးစုံ စမ်းသပ်ခဲ့တာပေါ့နော်။ အဲဒီအချိန်တုန်းက အစ်ကိုကြိုးစားနေတဲ့ အချိန်က ဘဝမှာ မှတ်မှတ်ရရ ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေ လည်း ရှိမှာပါ။ အဲဒီလိုမျိုးကို ပြန်ပြောမယ်ဆိုရင် အစ်ကို ဘယ်လိုမျိုး အချက်ကို စဉ်းစားမိလဲ ခင်ဗျ။

အဲဒီလိုမေးခွန်းက ကျွန်တော်မကြာခဏဆိုလို မေးခံရဖူးပါတယ်။ အဲသလို အမေးခံရတိုင်းမှာလည်း ကျွန်တော့်ခေါင်းထဲကို အရင်ဆုံးရောက်လာတဲ့ အချိန်ကာလက ကျွန်တော့်ကို သရုပ်ဆောင် ညိုမင်းလွင် ဘဝကနေ သိပ်ရွေးချယ်ခွင့် မရှိဘဲနဲ့ ကိုယ့်ကို ရွေးချယ်လာတာကိုပဲ စောင့်နေခဲ့ရတဲ့ အချိန်ကာလမှာ အဲလို ဒါရိုက်တာ တစ်ယောက်က ကျွန်တော့်ကို ဘယ်နေရာမှာ သရုပ်ဆောင်ဖို့ ဆိုပြီးတော့ ငှားတယ်။ ကျွန်တော်လည်း အဲတုန်းက ရုပ်ရှင်ထဲ ရောက်စ ကာလမှာ ကိုယ့်အတွက် အခွင့်အရေး တစ်ခုပေါ့။ သူပြောတဲ့ နေရာက အိုကေပေါ့။ အဲဒီစိတ်တွေနဲ့ ပြင်ဆင်ပြီးတော့ ရှူတင်သွားတယ်။ ရှူတင်ပေါ်ရောက်တဲ့ အထိလည်းမသိသေးဘူး။ နောက်ရိုက်တော့မယ် ပါပြီဆိုတော့ အိုကေပေါ့နော်။ ဝင်ထိုင်ပြီးတော့ ဒီ ဒိုင်ယာလော့တွေ ပြောခါနီးကျတော့မှ ဒီစိတ်ထဲမှာ သံသယ ဖြစ်လာတယ်။

တကယ်လို့ ဒီကျွန်တော့်ကို ဖုန်းထဲမှာ ပြောခဲ့တဲ့ နေရာသာဆိုရင် ဒီစကားတွေ ပြောစရာ အကြောင်းမရှိဘူးပေါ့။ ကျွန်တော် အသစ်ပေမယ့် အဲသလောက်တော့ တွက်တတ်တယ်။ ဆိုတော့ ဒါက ဘယ်လို ဘယ်လို သဘောလဲ ဆိုပြီးတော့မှ သွားမေးကြည့်တယ်။ သွားမေးကြည့်တဲ့ အချိန်ကျတော့မှ ကျွန်တော်ကို ပြောတုန်းက နေရာက တစ်ခု နောက်တကယ်ရိုက်ဖြစ်သွားတာ နေရာ တစ်ခုဆိုတာကို ရိုက်ကွင်းပေါ်ရောက်လို့ ရိုက်ပြီးတော့မှ သိတယ်။ ပြောင်းမယ်ဆိုလဲ ပြောင်းခွင့် ရှိပါတယ်။ ကျွန်တော်ဆိုလိုတာက အဲဒီအချိန်ကာလက ညိုမင်းလွင်ဟာ ဘာမှ ရွေးချယ်ပိုင်ခွင့် မရှိသေးတဲ့ အချိန် ဆိုတဲ့အတွက် ကျွန်တော့်ကိုတစ်နေရာ နောက်ထပ်တစ်နေရာ ထပ်ပြောင်းသွားရင်လဲ ဒါပြောင်းခွင့်ရှိတယ်။  ဒါပေမယ့် ပြောင်းတာလေးကိုလဲ အသိပေးသင့်တယ်ပေါ့နော်။ မင်းကိုပြောတာက ဒါဟေ့ ခုတော့ ဒါမဟုတ်တော့ဘူး။ ဒါဖြစ်သွားပြီ အိုကေ ကျွန်တော် လုပ်မိမှာ ပါပဲ။ ဒါပေမယ့် အဲဒီလောက်တောင်မှ မပြောသေးပဲ ရိုက်ကွင်းပေါ် ရောက်တာတောင်မှ ဝင်ထိုင်ပြီးတော့ ဒိုင်ယာလော့တွေ ချပြီးတော့ သိရတဲ့ အချိန်ကျတော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားတယ်။ ငါက အဲသလောက်တောင် အသိပေးစရာ မလိုတဲ့ ကောင် ဖြစ်သွားတာလား။ ဆိုပြီးတော့ ဖြစ်သွားတယ်။ အဲဒီနေ့ကို ရုပ်မပျက်အောင်တော့ ကျွန်တော် ရှူတင်မှာ ရှိနေပေးခဲ့တယ်။ အဲဒီနေ့က ပြန်သွားလိုက်တာ အဲဒီလူ အဲဒါရိုက်တာ သေသွားတဲ့ အထိ ကျွန်တော် နောက်တစ်ကြိမ် ဘယ်တော့မှ မတွေ့တော့ဘူး။

အစ်ကို့ဘဝမှာ နာမည်တစ်ခုကို ရဖို့ ကြိုးစားနေတဲ့ အချိန်မှာ လူတိုင်းကတော့  ခါးသီးမှုတွေ ကြုံခဲ့ရတာပေါ့။ အဲဒီလို အဲဒီအချိန် အဲဒီအခါမှာ အဲလိုမျိုး ကြုံတွေရတဲ့ အခါမှာ စိတ်ထဲမှာ ငါရွေးချယ်လိုက်တဲ့ လမ်းကြောင်းတစ်ခုက မှာများ မှားသွားပြီလား။ ငါဆက်မလုပ်တော့ဘူးဆိုတဲ့ စိတ်ဓာတ်ကျတဲ့ အဖြစ်ပျက်တွေ စိတ်ထဲမှာ ဖြစ်ခဲ့ဖူးလား။

အဲလိုတော့ မရှိဘူး။ ကျွန်တော်နောင်တ မရဘူး။ ကျွန်တော်ဘာပဲ လုပ်လုပ် အဲဒီအပေါ်မှာ နောင်တဆိုတာ မရှိဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးက အဲလို နာမည်ပေး သိပ်တော်တယ်။ တစ်ခုခုဆိုရင် စကားလုံးတွေကို နာမည်ပြောင်းတာ အရမ်းကျွမ်းကျင်တယ်။ ဆိုတော့ လူတော်တော်များများက တစ်ခုခုဆိုရင် နောင်တရတယ်။ သင်ခန်းစာရတာပေါ့ ။ အတွေ့ကြုံရတာပေါ့ဆိုပြီးတော့ အဲဒီအမှားတွေ နောင်တတွေကို သူတို့က နာမည် ပြောင်းလိုက်တယ်။ သင်ခန်းစာလို့ နာမည် ပြောင်းလိုက်တယ်။ အတွေ့ကြုံလို့ နာမည်ပြောင်းလိုက်တယ်။ အဲတာတွေကိုပဲ ငါအတွေ့ကြုံရလိုက်တယ်။ သင်ခန်းစာရလိုက်တယ်ဆိုပြီးတော့ အဟောင်းတွေကို တွေးပြီးတော့ ကျေနပ်တယ်။ ကျွန်တော် အဲဒီအထဲမှာ မပါဘူး။ ကျွန်တော်နောင်တလဲ မရတတ်ဘူး။ ကျွန်တော်လုပ်တဲ့ အလုပ်ကို မှားတယ်လို့လဲ ကျွန်တော် မထင်ဘူး။ အဲဒီအပေါ်မှာ ပြန်ပြီးတော့ သင်ခန်းစာယူတာတွေ အတွေ့ကြုံယူတာတွေ မရှိဘူး။ ကျွန်တော့်မှာ Looking Forword  ပဲ အရှေ့ကို ဆက်သွားမယ်။ ကျွန်တော်က အဲဒီအတိုင်းပဲ နေတာ။ ပြဿနာတွေကို ကျွန်တော်က Challenge လို့ပဲ နာမည်ပြောင်းလိုက်တယ်။ ကျွန်တော့်မှာ ပြဿနာဆိုတာ မရှိဘူး။ စိန်ခေါ်မှုပဲ ရှိတယ်။ စိန်ခေါ်မှု ဆိုတော့ ကိုယ်လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ကိုယ်ခံ။ ကျွန်တော့်မှာ အခက်ခဲတွေ ဆိုတာထက် စိန်ခေါ်မှုတွေပဲ ရှိတယ်လို့ ကျွန်တော် လက်ခံထားတယ်။

ဒါဆိုရင် အစ်ကိုရဲ့ မိဘတွေက အစ်ကို့ ကို မအောင်မြင်ခင် အချိန်တုန်းကရော ဘယ်လိုမျိုးတွေ ဘေးကနေ အကြံဉာဏ်တွေ ပေးခဲ့သလဲ။ အစ်ကို စိတ်ညစ်တဲ့ အခါမှာ သူတို့ဘက်က ဘယ်လိုမျိုးဆုံးမတာတွေ ရှိခဲ့သလဲ။

မေမေက အဲသလိုမျိုး သိပ်ပြီးတော့ ပြောလေ့ ပြောထ မရှိဘူး။ မေမေက သားသမီး စိတ်ချမ်းသာနေရင် သူလည်းစိတ်ချမ်းသာတယ်ဆိုတဲ့ အမေမျိုးပေါ့နော်။ ဖေဖေကတော့ သူဟိုအရင်တုန်းကလဲ မိုးဝေ မဂ္ဂဇင်းတွေမှာ ဝထ္ထူတွေ ရေးခဲ့ဖူးတဲ့ အခံလဲ ရှိတော့ မေမေထက်စာရင် အနုပညာနဲ့ပတ်သက်လို့ ဘယ်လိုနေသင့်တယ် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အရာကိုတော့ ပြောပြခဲ့တာတွေ ရှိတာပေါ့။

ဖေဖေက ကျွန်တော့်ကို အမြဲတမ်း ပြောနေတဲ့ အားပေးစကားတစ်ခု ရှိတယ်။ သူ Famous  ဖြစ်ချင်ဖြစ် မဖြစ်ချင် Notorious  ဖြစ်ရမယ်ပေါ့။ ဘယ်သူမဆို သူများနဲ့တော့ Outstanding ဖြစ်နေရမယ်ပေါ့။ ကောင်းသောနည်းနဲ့ ကျော်ကြားရင် Famous  ပေါ့။ တကယ်လို့ Famous မဖြစ်လို့ Notorious ဖြစ်သွားမယ်ဆိုရင်လဲ အဖေအနေနဲ့ စိတ်မကောင်း ဖြစ်ပေမယ့် ကျေနပ်တယ်တဲ့။ ဖေဖေဆိုလိုတဲ့ သဘောက ဘယ်လိုပြောမလဲ မင်းအနေနဲ့ပေါ့ စင်းဒရဲလား လုပ်ချင်လုပ် မလုပ်ချင် ဟစ်တလာ လုပ်။ ကြားထဲမှာတော့ မနေနဲ့ပေါ့။ ကျွန်တော် အဲတာကိုတော့ သဘောကျတယ်။ Outstanding ဖြစ်ဖို့ပေါ့နော်။ အဲဒီအချိန်က စပြီးတော့ အစွန်းတစ်ဖက်ဖက်မှာ ရပ်ရတာကို သဘောကျတတ်လာတယ်။

အစွန်းတစ်ဖက်စီမှာ ရပ်တည်လာခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင်ဟာ သူ့ရဲ့ ဇာတ်ကားတွေကို ဖန်းတီးတဲ့ အခါမှာလဲ သာမန် ဇာတ်လမ်း ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီးတော့ ပရိသတ်တွေအတွက် ခံစာမှု တစ်ခုခုပေးစွမ်းနိုင်မယ့် ဇာတ်လမ်းတွေကို ဖန်တီးနေသူလည်း ဖြစ်ပါတယ်။

အစ်ကို အလုပ်တွေ လုပ်တဲ့ အခါမှာ ဘယ်လို ရှုထောင့်ကနေပြီးတော့ စဉ်းစားပြီးတော့ တွေးပြီးတော့ လုပ်လေ့ ရှိလဲ။

ရိုးရိုးလေးပဲ။ ငါ  ပရိတ်သတ်ဆိုရင် ဒီကားကိုကြည့်မှာလားဆိုတဲ့ မေးခွန်းကို ဇာတ်ကားတိုင်းလိုလို ပြန်မေး ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က ဇာတ်ကားတစ်ခု ရိုက်ခါနီးမှာ ငါသာပရိသတ်ဆို ငါ့အိတ်ထဲက ပိုက်ဆံကို ဒီကားအတွက် သုံးမှာလား။ သုံးမယ်ဆိုရင်တော့ သေချာပြီ ဒီကားသည် ကျွန်တော် ရိုက်သင့်တဲ့ ကားပေါ့။ ကိုကိုယ်တိုင်က ငါသာပရိသတ်ဆိုရင် ဒီကားကို ပိုက်ဆံပေးကြည့်မိမှာ မဟုတ်ဘူးလို့ စဉ်းစားရင်တော့ ကိုယ်လည်း သူများ ပိုက်ဆံယူပြီးတော့ မရိုက်သင့်ဘူးပေါ့။ ကျွန်တော်က အဲလိုပဲ စဉ်းစားတာပေါ့လေ။ ကိုယ်တောင်မှ သူများပိုက်ဆံ ယူပြီးတော့ ရိုက်မယ်ဆိုရင် ကိုယ့်ကားကို သူများက လာကြည့်ချင်တဲ့ ဟာမျိုးပဲ ဖြစ်ရမှာပေါ့။ ကိုယ်သာဆိုရင် တော့ ဒီကားကို ကြည့်ချင်မှလဲ ကြည့်မယ်ဆိုရင်တော့ အဲတာဆိုရင် ကိုယ့်လည်း သူများပိုက်ဆံ ယူပြီး မလုပ်သင့်ဘူး။

အောင်မြင်မှုကို ရဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အတွက် အစ်ကို့ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအရ ကိုယ်လျောက်နေတဲ့ လမ်းကြောင်းမှာ ကိုယ့်ဘဝအတွက် စံထားရတဲ့ ပုဂ္ဂိုလ် ကိုယ်အမြဲတမ်း လေ့လာနေရတဲ့ ပုဂ္ဂိုလ်ကို ပြောပါဆိုရင် ဘယ်သူ့ကို အမှတ်တရ ရှိမလဲ။

စဉ်းစားစရာ မလိုပါဘူး အဲတာ ဦးမျိုးမင်းပါ။ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကျွန်တော့်အတွက် ကျွန်တော့် တစ်သက်လုံးအတွက် အဖေဆိုလဲ ဟုတ်တယ်။ ဆရာဆိုလဲ ဟုတ်တယ်။ သူဟာ ကျွန်တော်တို့ကို သူငယ်ချင်းလို ပေါင်းပေးခဲ့တဲ့ အတွက် သူငယ်ချင်းဆိုလဲ ဟုတ်တယ်။ ကျွန်တော့်အတွက် အဲဒီဟာ စဉ်းစားစရာ မလိုတဲ့ အရာတစ်ခုပါ။

မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကျွန်တော် တစ်သက် ကျွန်တော်အမြဲတမ်း ခေါင်းပေါ်မှာ တင်ထားတဲ့ လူတစ်ယောက်ပါ။ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နားမှာ နေခဲ့တဲ့ အချိန်က  ခေါင်းထဲမှာဘာမှ မရှိဘူးခင်ဗျ။ သူ့နားမှာ နေရတာကို ပျော်တာ။ ဦးမျိုးမင်းနားမှာ နေရတော့ သူနဲ့ အတူတူရှိနေရတယ်။ သူခိုင်းတာတွေ လျောက်လုပ်နေရတယ်။ ဘာအပူပင်မှ မရှိဘူး။ သူက ရှေ့မှာ ကားတွေရိုက် ကျွန်တော်က နောက်မှာ ဖဲတွေရိုက် အဲလို နေရတယ်။ ဒါပျော်တယ်။ မောင်မျိုးမင်းနားမှာ နေရတဲ့အချိန်မှာ စိတ်ထဲမှာ ငါတော့ မောင်မျိုးမင်းထက်သာသွားအောင် ဘာတွေလုပ်လိုက်မယ်။ အဲလိုမျိုးတွေလည်း မရှိဘူး။ မောင်မျိုးမင်းနားမှာ နေတာသည် ချစ်လို့ကို နေတာ။ ဆိုတော့ အဲဒီမှာနေရင် မောင်မျိုးမင်းထက် သာသွားအောင် ဘာတွေ လုပ်မယ်။ သူနဲ့မတူတာ ဘာတွေ အဲတာမျိုးတွေလည်း မရှိဘူး။

သူ့အနားမှာ နေရင်းနဲ့ပဲ သူကျွန်တော်တို့ကို အမြဲတမ်းပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ အနုပညာဆိုတာ စလုံရေးကူးသင်သလိုပဲတဲ့။ စလုံရေးကူးသင်တယ်ဆိုတာ ရေထဲ တွန်းချလိုက်တာပေါ့နော်။ ယက်ကန် ယက်ကန်နဲ့မှ ရေကူး မောလာတော့မှ ဆွဲတင် အမောပြေသွားရင် ပြန်တွန်းချပေါ့နော်။ အဲလိုသင်တာတဲ့။ အဲလိုနဲ့ပဲ ယက်ကန် ယက်ကန်နဲ့ ကူးရင်း ကူးရင်းနဲ့ တတ်မှန်းမသိ တတ်သွားတယ်ပေါ့။ တကယ်ပဲ အဲလိုပဲဗျ။ မောင်မျိုးမင်းနားမှာနေတယ်။ မောင်မျိုးမင်းက စာအုပ်ကြီးနဲ့ ငါခေါ်ပေးမယ် လိုက်မှတ်ဆိုပြီးတော့ အဲလိုလဲ မဟုတ်ဘူး။ သူနားမှာနေတယ်။ သူသွားရင် နောက်က လျောက်လိုက်တယ်။ သူက ဇာတ်လမ်း စဉ်းစားနေရင် ကျွန်တော်တို့က ဘေးနားကနေ တစ်ခါတစ်လေ ပေါက်ကရတွေ လျောက်ပြောနေတတ်တယ်။ ဒါပေမယ့် အဲတာတွေက ကျွန်တော်တို့ ရင်ထဲကို ရောက်မှန်းမသိ ရောက်နေခဲ့တာပဲ။ ဆိုတော့ သူခုနကပြောသလို စလုံရေကူး သင်သလို့ပဲ ဆိုတာ တကယ်ပါပဲ။

သူဖန်တီးနေတဲ့ အနုပညာအပေါ် ခံယူချက်ကလဲ ထူးခြားနေပါတယ်။ ဘယ်နေရာမဆို ရုပ်ရှင် ထုတ်လုပ်သူနဲ့ ရုပ်ရှင် ရိုက်ကူးသူတို့ အကြား နားလည်မှု ရှိဖို့ ဆိုတဲ့အချက်ကလည်း အရေးကြီးပုံကို ရှင်းပြသွားခဲ့ပါတယ်။

ကျွန်တော် တစ်ချို့ အင်တာဗျုးတွေ ပြောထားပါတယ်။ ကျွန်တော်ကိုယ့်ကိုကိုယ် အနုပညာသမားလို့ မခံယူထားဘူး။ ကျွန်တော်က ကိုယ့်ကိုကိုယ် ဖျော်ဖြေရေး သမားလိုပဲ ခံယူထားတယ်။ ဆိုလိုတာက ကျွန်တော် ရိုက်ကူးသမျှ အားလုံးသည် Entertainment ဖြစ်ရမယ်။ ပရိသတ်ကို ထိရောက်တဲ့ Entertainment ဖြစ်ရမယ်။ အဲလိုပဲ လက်ခံထားတယ်။ ကြောက်စရာကောင်းအောင် ရိုက်ရင် ကြောက်ရမယ်။ ချစ်စရာကောင်းအောင် ရိုက်ရင် ချစ်ရမယ်။ ရယ်စရာကောင်းအောင် ရိုက်ရင် ရယ်ရမယ်။ ဒါဆိုရင်ပဲ ပရိသတ်အပေါ်မှာ ဖျော်ဖြေရေး သမားတစ်ယောက်အနေနဲ့ တာဝန်ကျေတယ်လို့ ကျွန်တော် ယူဆတယ်။

ကျွန်တော့်ကို အနုပညာသမား တစ်ယောက် မဟုတ်ဘူးလို့ ပြောရင်လဲ အိုကေ ကျွန်တော် အနုပညာ သမားတစ်ယောက် မဟုတ်ဘူး  ဖျော်ဖြေရေး သမားတစ်ယောက် ဖြစ်တယ်။ ဖျော်ဖြေရေးသမားပါ။ ပရိသတ်ကို ဖျော်ဖြေပေးတဲ့ ဇာတ်ကားကိုပဲ ကျွန်တော် ရိုက်ပါတယ်။ အနုပညာ သမားဆိုတဲ့နေရာထက် စာရင်တော့ ထုတ်လုပ်သူနဲ့ ညှိနှိုင်း ပြောဆိုရတာ နည်းနည်း ၤူFlexible ဖြစ်တယ်ပေါ့။ ဘာလို့လဲဆိုတော့ တစ်နည်း တစ်ဖုံအားဖြင့် ကျွန်တော် လက်ခံထားတာသည် ရုပ်ရှင်သည် နိုင်ငံတကာမှာ ဆိုလို့ ရှိရင် Show Business ပေါ့။ Show Business ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပါတယ်။ Show Business ဆိုတဲ့ အတိုင်းပဲ Show  နောက်မှာ Business ဆိုတာ ပါတယ်။ အဲဒီအတွက် စီးပွားရေသမားတစ်ယောက်ရဲ့ ဒီအပေါ်မှာ ပါဝင်စွက်ဖက်မှုကို ကျွန်တော် လက်မခံလို့ မရဘူး။ အဲဒီအရာကို ထည့် မစဉ်းလို့  မရဘူး။ ကျွန်တော် အမြဲတမ်း လက်ခံထားတာ။ King of the Self  ဆိုတာ အိုကေ  Just only on the Self  ပဲ။ King of the Porduction  သည် Producer  လို့ပဲ လက်ခံထားတယ်။ အဲအတွက် Producer ဝင်ပါတာကို မကြိုက်တဲ့ အထဲမှာ ကျွန်တော် ဘယ်တော့မှမပါဘူး။

အစ်ကိုအနေနဲ့ လက်ရှိကြိုးစားနေတဲ့ လူငယ်တွေ အတွက် အနုပညာ မျိုးဆက်သစ်တွေ အတွက် ဘယ်လိုမျိုး အားပေးစကားပြောချင်လဲ။ အစ်ကိုက ခုလက်ရှိမှာ ဘယ်လို အနုပညာ စိတ်ထားနဲ့ ရှေ့ဆက်နေလဲ။

လူငယ်တွေ အကုန်လုံးကို Well Come  ပါ။ ဒါ ပါးစပ်က ဒီလို အင်တာဗျုးမှာ ကြုံလို့  ဒီလိုမျိုး Well Come   မဟုတ်ပါဘူး။ ကျွန်တော် လူငယ်တွေနဲ့ ပတ်သက်ရင် နောက်ထပ် အသစ်ဝင်လာမယ့် လူငယ်တွေ နဲ့ ပတ်သက်ရင် အမြဲတမ်း Well Come   လုပ်ခဲ့တယ်ဆိုတာ ကျွန်တော့် အနားမှာ ရှိနေတဲ့ သူတွေ အားလုံး သိကြပါတယ်။

ကျွန်တော် အဓိက သူတို့ကို ပြောချင်တာကတော့  ဖြစ်ချင်တာ တစ်ခုခု ရှိလာရင် Plan B  ဆိုတာ ကို ဘယ်တော့မှ မထားပါနဲ့။ အဲတာလေးက အရေးကြီးပါတယ်။ ကျွန်တော်မျက်စိ ရှေ့မှာ မြင်သလောက် Plan B  ရှိတဲ့ လူငယ်တွေ အကုန်လုံးက သူတို့ရဲ့ Plan A ကို ဘယ်တော့ မှ ရောက်မလာ တတ်ကြဘူး။ ၃နှစ်လုပ်ကြည့်မယ်။ လုပ်ကြည့်လို့မှ မဖြစ်ရင်တော့ ဘာလုပ်မယ်။ ၅နှစ်လုပ်ကြည့်မယ် လုပ်ကြည့်လို့မှ မဖြစ်ရင် ဘာလုပ်မယ်။ မဖြစ်ရင် သင်္ဘောတက်မယ်။ သေချာတယ် သူတို့ဟာ သင်္ဘောပေါ်ပဲ ရောက်သွားတော့မယ်။ ဆိုတော့ Plan B  ရှိနေသမျှ ဘယ်တော့မှ Plan A မှာ ရှေ့ဆုံးမရောက်လာပါဘူး။  အဲတာတော့ သေချာပါ။ လူငယ်တွေကို အဲတာလေးကို ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ အစ်ကိုအနေနဲ့ ရှေ့ဆက်ပြီးတော့ ကိုယ့်ရဲ့ အနုပညာလမ်းကြောင်းမှာ ဘာတွေများ ရှေ့ဆက်ပြီးတော့ ဖန်တီး သွားဖို့ အစီစဉ်ရှိသလဲ။

ကျွန်တော်ရိုက်ချင်တာတွေကို ရိုက်ဖို့အတွက် ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးဆိုပြီးတော့ ကျွန်တော် စလုပ်လိုက်ပါတယ်။ ကျွန်တော့် အမျိုး သမီးနာမည်နဲ့ပေါ့နော်။ ညကျောင်း  ရုပ်ရှင်ထုတ်လုပ်ရေးဆိုပြီး စလုပ်လိုက်ပါတယ်။ 

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးဆိုတာ ကျွန်တော်က ဘယ်လို ရည်ရွယ်ချက်နဲ့ ပေးခဲ့တာလဲဆိုတော့ ဒီထုတ်လုပ်ရေး နာမည်ကြားလိုက်တာနဲ့ ဘယ်သူရှိတယ်ဆိုတာ သိစေချင်တယ်။ ပရိသတ်တွေက ကျွန်တော့်ကို ညကျောင်း ရုပ်ရှင်နဲ့ တွဲပြီး မြင်ခဲ့ကြတဲ့ အတွက် ဒီနာမည် ကြားလိုက်ရင် ကျွန်တော်လို့ သိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတွက် ညကျောင်း ရုပ်ရှင် ထုတ်လုပ်ရေးကို နောက်ထပ် နောက်ထပ် လာမယ့် နှစ်တွေမှာ ပိုပြီးတော့ အားစိုက်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်။ 

ဒါပေမယ့် သေချာတာကတော့ သူများ လက်ရှောင်ချင်တဲ့ ကားမျိုးတွေပဲ ရိုက်ဖြစ်မှာပါ။ ဆိုလိုတာကလေ ခုလက်ရှိ ညကျောင်း ရုပ်ရှင် ထုတ်လုပ်ရေး အနေနဲ့ ပထမ ဆုံးကား အဖြစ် အနန္တဆိုတဲ့ ကားကို ရိုက်တယ်။ အခက်အခဲတွ အများကြီး ရှိတယ်။ ရိုက်ရတဲ့နေရာမှာ အချိန်တွေ ပေးရတယ်။ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ စီးပွားရေးအရ ကြည့်မယ်ဆိုရင် တစ်နေ့ကို ဘယ်လောက်ပြီးမယ်လို့ မှန်းထားလို့ မရဘူး။ အဲဒီအတွက် အခြား ထုတ်လုပ်သူ တစ်ယောက်နဲ့ဆိုရင် ဒီလို ဇာတ်ကားမျိုးက ဘယ်တော့မှ ရိုက်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော် အမိုက်ခံပြီးတော့ ကျွန်တော်ပဲ လုပ်လိုက်တော့တာ။ နောင်မှာလဲ ညကျောင်း ထုတ်လုပ်ရေးကနေပြီးတော့ အဲဒီလို ဇာတ်ကားမျိုးတွေကို  အဲဒီလိုမတူတဲ့ သူများအနေနဲ့ လက်ရှောင်ချင်တဲ့ ဟာမျိုးတွေကို ဦးစားပေးပြီးတော့ ရွေးပြီးတော့ ရိုက်သွားဖို့ ရှိပါတယ်။ အဲတာလေးတစ်ခု ပြောချင်ပါတယ်။ 

ဒါက ကျွန်တော့် အနေနဲ့ အရမ်းကို ငွေကြေးချမ်းသာလို့ လုပ်တာမျိုး မဟုတ်ပါဘူး။ အဓိက ကအပြောင်းလဲတစ်ခု ပရိတ်သတ်ကို Change  တစ်ခု ဖြစ်စေချင်ပါတယ်။ ဒီဇာတ်ကား ပြီးတဲ့ အခါမှာ လူငယ်တွေက ကြည့်ပြီးတော့ ဒါဆိုရင် တော့ ငါတို့လည်းလုပ်နိုင်တာပေါ့ ဆိုတဲ့ မြင်လာပြီးတော့ လိုက်လုပ်လာကြရင် ရုပ်ရှင်မှာ နောက်ထပ်  မျိုးဆက်သစ်တစ်ခု ထပ်ထွက်လာစေချင်တယ်။ ပရိတ်သတ်တွက်လည်း နောက်ထပ်  ကြည့်စရာ အမျိုးစားတစ်ခု ထပ်ထွက်လာစေချင်တယ်။ 

လက်ရှိလူငယ် အကုန်လုံးက နည်းပညာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ထက် အများကြီး တတ်နေပြီ။ အဲဒီထက်ပိုပြီးတော့ လေ့လာခွင့် ရနေပြီ။ Youtube  ကို ခုအလွယ်တကူ ဖုန်းထဲပါတင် ကြည့်လို့ ရနေပြီ။ အဲတော့ သူတို့ က နည်းပညာtရ ကျွန်တော်တို့ထက် သာတာ သေချာတယ်။ အဲတာကို ကျွန်တော်တို့က ဝိုင်းပြီးတော့ ဘေးနားကနေ Support  လုပ်ပေးပြီးတော့ နောက်ထပ် generation အသစ်တစ်ခု ထပ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။

Mizzima Weekly