လှည်းကူးတွင် ရပ်ကွက်ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

လှည်းကူးတွင် ရပ်ကွက်ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

စက်တင်ဘာ ၁၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ မြို့မရပ်ကွက် ရာအိမ်မှူး ဦးထိန်လင်းသည် ယနေ့ စက်တင်ဘာ ၁၅ရက် မနက် ၁ဝ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နားရွက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရပ်ကွက်အတွင်း ဒလန်ဟု အမည်ထွက်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးထိန်လင်းအား အနောက်မင်းလမ်းပေါ်ရှိ ကျော်စွာဓာတ်ပုံဆိုင်အနီးတွင် အမည်မသိအဖွဲ့မှ ပစ်ခတ်ခဲ့သော်လည်း ဆိုးရွားသည့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့ခံများထံက သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၄ရက်ကလည်း စစ်ကောင်စီသတင်းပေးဟု အမည်ထွက်နေသည့် ကွမ်းယာရောင်းသူ ဒေါ်တင်ညိမ်းသေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ခဲ့သေးသည်။

ဒေါ်တင်ညိမ်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ယင်းနေ့ ညပိုင်းတွင် လှည်းကူးမြို့ပေါ်ရပ်ကွက်များမှ လူငယ် ငါးဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားကြောင်းနှင့် ခေါ်ဆောင်ရသည့်အကြောင်းရင်းကို မသိရှိရကြောင်း ဖမ်းဆီးခံထားရသည့် လူငယ်များနှင့် နီးစပ်သူများက ဆိုသည်။

ဒလန်စာရင်း ထုတ်ပြန်သတိပေးထားသည့် လှည်းကူး PDF က စက်တင်ဘာ ၁၄ရက်နှင့် ၁၅ ရက် ဖြစ်စဉ်နှစ်ခုနှင့် ပတ်သက်ပြီး ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသလို မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

လက်ရှိတွင် ဆိုင်ကယ်များ၊ ကားများကို ပိုမိုစစ်ဆေးနေပြီး လိုင်စင်မပါသောဆိုင်ကယ်များကို စစ်ကောင်စီတပ်က သိမ်းယူနေကြောင်း မြို့ခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly