ဗီယက်နမ်က လူအခွင့်အရေးလှုပ်ရှားသည့် ရှေ့နေ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံရ

ဗီယက်နမ်က လူအခွင့်အရေးလှုပ်ရှားသည့် ရှေ့နေ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံရ

ဟနွိုင်း၊ ဒီဇင်ဘာ ၁၇ ။            ။ ဗီယက်နမ်နိုင်ငံတွင် ထင်ရှားသည့် ရှေ့နေတစ်ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဒီဇင်ဘာ ၁၆ ရက်က ဖမ်းဆီးခဲ့ကြောင်း ရဲက ပြောသည်။

အသက် ၄၇ နှစ်ရှိ ငုယင်ဗန်ဒိုင်းဆိုသူ ရှေ့နေအား နိုင်ငံတော်အကြည်ညိုပျက်စေအောင် နှိုးဆော်ဝါဒဖြန့်သည် ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ငုယင်ဗန်ဒိုင်း၏ ဟနွိုင်းရှိ နေအိမ်ကို စီးနင်းရှာဖွေပြီး အမှုအား စစ်ဆေးဆဲဖြစ်ကြောင်း ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်တွင် ဖော်ပြသော်လည်း အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

ငုယင်ဗန်ဒိုင်းသည် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့်ပင် ထောင်လေးနှစ်ကျဖူးပြီး ၂၀၁၁ ခုနှစ် မတ်လကမှ ထောင်နှစ်စေ့၍ လွတ်လာခြင်းဖြစ်သည်။ ၎င်းအား ရှေ့နေလိုင်စင်လည်း ရုပ်သိမ်းခံထားရသည်။

ငုယင်ဗန်ဒိုင်းသည် အစိုးရအား အတိုက်အခံပြုရာမှ လူသိများ ထင်ရှားလာခဲ့သူဖြစ်သည်။ နိုင်ငံ၏ ကွန်မြူနစ်ခေါင်းဆောင်များနှင့် မူဝါဒများကို ဝေဖန်လျက်ရှိသူတစ်ဦးဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်းက အဖမ်းမခံရမီ တစ်နှစ်ခန့်က လူအခွင့်အရေးဆိုင်ရာ ဗီယက်နမ်ကော်မတီကို တည်ထောင်ခဲ့ပြီး အစိုးရ၏ တရားစွဲဆိုခြင်းခံရသူ အတိုက်အခံများနှင့် ဆန္ဒပြသူများဖက်က ရပ်တည်ပေးခဲ့သည်။

ယခု တစ်ကြိမ် အဖမ်းအဆီးမခံရမီ ပြီးခဲ့သည့် သီတင်းပတ်က လူအခွင့်အရေးသမားများကို သင်တန်းပေးသည့် ဖိုရမ်အား ဦးဆောင်ကျင်းပခဲ့ရာ ၎င်းနှင့် အတူ လုပ်ဖော်ကိုင်ဖက်သုံးဦးကို လူနှစ်ဆယ်ခန့်ရှိသည့် လူအုပ်က ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ ယင်းဖြစ်ရပ်အပေါ် ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စိုးရိမ်ကြောက်မက်ဖွယ် ဖြစ်ရပ်အဖြစ် ပြောဆိုဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly