တရုတ်ကိုရင်ဆိုင်ရန် ဗီယက်နမ် စစ်အင်အား တည်ဆောက်လျှက်ရှိ

တရုတ်ကိုရင်ဆိုင်ရန် ဗီယက်နမ် စစ်အင်အား တည်ဆောက်လျှက်ရှိ

ဟနွိုင်း၊ ဒီဇင်ဘာ - ၁၇ ။         ။ ဆယ်စုနှစ်တစ်ခုကြာ ခေတ်မှီရေးတွန်းအားပေးမှုကို အရှိန်အဟုန်မြှင့်တင်လာသည်နှင့် အမျှ ဗီယက်နမ်စစ်တပ်မှာ တရုတ်နှင့် စစ်ပွဲအတွက်လည်း သူ့ကိုယ်သူ ပြင်ဆင်နေရာ ဗီယက်နမ်စစ်ပွဲ အထွတ်အထိပ်ကာလနောက်ပိုင်းတွင် ဟနွိုင်း၏ အကြီးမားဆုံး စစ်လက်နက်တပ်ဆင်မှုပင် ဖြစ်သည်။

အကြီးတန်းအရာရှိများနှင့် နီးစပ်သူများက ရိုက်တာသတင်းဌာနသို့ ပြောကြားချက်အရ အာဏာရကွန်မြူနစ်ပါတီ၏ ရည်ရွယ်ချက်မှာ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးတွင် တင်းမာမှုများ မြင့်မားလာသည်နှင့်အမျှ အင်အားကြီး မြောက်ဘက်အိမ်နီးချင်းကို ဟန့်တားရန်နှင့် မတားနိုင်ပါက စစ်မျက်နှာအားလုံးတွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိရန် ဖြစ်သည်ဟု ဆိုသည်။

ဗီယက်နမ်၏ မဟာဗျူဟာမှာ လိုရမယ်ရဟူသည့်အဆင့်ထက် ကျော်လွန်နေပါသည်။ တောင်ထူထပ်သည့် မြောက်ပိုင်းကို ကာကွယ်နေသည့် လက်ရွေးစင် ဒီဝိဇံတပ်မ ၃၀၈အပါအဝင် အဓိကကျသည့် တပ်ဖွဲ့များကို တိုက်ပွဲဝင်ရန် အဆင်သင့်အနေအထားတွင် ရှိနေစေပြီး ရှောင်တခင်တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် တပ်လှန့်နှိုးဆော်ထားသည်။

ဗီယက်နမ်နှင့် တရုတ် နှစ်နိုင်ငံမှာ ၁၉၇၉ခုနှစ်ကလည်း သွေးစွန်းသည့် နယ်စပ်စစ်ပွဲကို တိုက်ခိုက်ခဲ့ကြဖူးသည်။ ယခုတစ်ကြိမ်တွင် ပြဿနာပေါက်ကွဲမည့်နေရာမှာ နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း ပြောကြားနေကြသည့် စပရတ်တလေနှင့် ပရာဆဲကျွန်းစုများရှိရာ တောင်တရုတ် ပင်လယ်ပင် ဖြစ်သည်။   

‘ကျနော်တို့ တရုတ်နဲ့ စစ်မဖြစ်ချင်ဘူး။ ကျနော်တို့ရဲ့ သံတမန်ရေးမူဝါဒကို ကျနော်တို့ ယုံကြည်ပေမယ့်လည်း အဆိုးဆုံးအတွက် မဖြစ်မနေ ပြင်ဆင်ထားရမယ်ဆိုတာလည်း ကျနော်တို့သိတယ်’ဟု အမည်မဖော်လိုသူ အကြီးတန်းအစိုးရအရာရှိတစ်ယောက်က ရိုက်တာသို့ ပြောကြားခဲ့သည်။

အသိသာအထင်ရှားဆုံးမှာ ဟနွိုင်းက အဆင့်မြင့် ကီလိုအတန်းအစား ရေငုပ်သင်္ဘောများကို ရုရှထံမှ ဝယ်ယူခြင်းဖြင့် ရေတပ်အင်အားကို တည်ဆောက်နေခြင်းပင် ဖြစ်သည်။

မကြာသေးမီလများအတွင်းက ထိုရေငုပ်သင်္ဘောများအနက်မှ တစ်စင်းက တောင်တရုတ်ပင်လယ်အတွင်း စတင် ကင်းလှည့်ခဲ့ကြောင်း ဗီယက်နမ်နှင့် နိုင်ငံခြားစစ်တပ် အရာရှိများက ပြောကြားခဲ့ရာ မဟာဗျူဟာကျသည့် ရေလမ်းကြောင်းတွင် ဗီယက်နမ်သင်္ဘောများ ရောက်ရှိနေကြောင်း ပထမဆုံးအတည်ပြုချက်ပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly