နောက်ပြောင်ရာမှ စျေးကွက်ဖြစ်ပေါ်လာသည့် ကနေဒါ ကုမ္ပဏီထုတ် လေသန့်ဗူးများ တရုတ်နိုင်ငံတွင် အဝယ်လိုက်နေ

နောက်ပြောင်ရာမှ စျေးကွက်ဖြစ်ပေါ်လာသည့် ကနေဒါ ကုမ္ပဏီထုတ် လေသန့်ဗူးများ တရုတ်နိုင်ငံတွင် အဝယ်လိုက်နေ

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ။            ။ ကနေဒါကုမ္ပဏီတစ်ခုက လေထုညစ်ညမ်းမှု အန္တရာယ် ဆိုးဝါးစွာ ရင်ဆိုင်နေရသည့် တရုတ်နိုင်ငံသို့ ရောင်းချရန် တောင်ပေါ်လေသန့်များကို ဗူးဖြင့် ထည့်သိုကာ တင်ပို့ရောင်းချပေးနေရသည်။

Vitality Air ကုမ္ပဏီမှာ ကနေဒါအနောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ်ကမှ တည်ထောင်ပေါ်ပေါက်လာသည့် ကုမ္ပဏီတစ်ခုဖြစ်သော်လည်း တရုတ်နိုင်ငံသို့ လေသန့်ဗူးများကို ကုန်လွန်ခဲ့သည့် နှစ်လခန့် အတွင်းမှစ၍ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး လေသန့်ဗူး ၅၀၀ တင်ပို့မှုက လေးရက်အတွင်းမှာပဲ ရောင်းကုန်သွားခဲ့ပါတယ် ”ဟု ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ မိုဆေးလမ်းက တယ်လီဂရပ်မှ ဖုန်းဖြင့် မေးရာတွင်   ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်နိုင်ငံသို့ လေသန့်ဗူးများ တင်ပို့ထားမှုက ဗူး ၄၀၀၀ ကျော်ရှိနေပြီး အများစုက ရောင်းထွက်ပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

၇ ဒသမ ၇ လီတာရှိ ဗူးများဖြင့် ရော့ကီတောင်တန်းဒေသရှိ ဘန့်ဖ်အမျိုးသားဥယာဉ်အတွင်းမှ လေကို ထည့်သွင်းကာ တရုတ်နိုင်ငံတွင် တစ်ဗူးကို ယွမ် ၁၀၀ (၁၀ ပေါင်)ဖြင့်ရောင်းချနေခြင်းဖြစ်သည်။ ယင်းလေသန့်ဗူးတစ်ဗူး၏ တန်ဖိုးမှာ တရုတ်နိုင်ငံတွင် အချိုရည်တစ်ပုလင်း ဈေးနှုန်းထက်ပင် ပိုဈေးကြီးသည်။

ကနေဒါထုတ် လေသန့်ဗူးများကို အများဆုံး ဝယ်ယူကြသည်မှာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းက လေထုညစ်ညမ်းမှု သတိပေးချက်များ ထုတ်ပြန်ထားရသည့် မြို့ကြီးများတွင်   နေထိုင်ကြ သူများက အများစုဝယ်ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ တရုတ်နိုင်ငံသို့ လေကို ရောင်းချခြင်းသည် ကနေဒါ ကုမ္ပဏီက ပထမဆုံး မဟုတ်ပေ။

ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်အနုပညာရှင် Liang Kegang က ပြင်သစ်မှ ပြန်လာပြီး ပုလင်းထဲ ထည့်ယူလာသည့် လေကို ပေါင် ၅၁၂ ပေါင်ဖြင့် ဈေးခေါ်ရောင်းချခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်းကလည်း တရုတ်သန်းကြွယ်သူဌေးကြီး Chen Guangbiao က စက်ရုံများ သိပ်မရှိသည့် နယ်များမှ လေသန့်များဖြစ်သည်ဆိုသည့် အချိုရည်ဗူးအရွယ် လေသန့်တစ်ဗူးလျှင် ယွမ် ငါး ယွမ်(ပေါင် ၀ ဒသမ ၅၀ ပေါင်)ဖြင့် ရောင်းချခဲ့ဖူးသည်။

Vitality Air မှ မိုဆေးလမ်းက ၎င်းနှင့် ပူးတွဲတည်ထောင်သူ ပါကက်တို့က ကျီစယ်နောက်ပြောင်သည့် သဘောဖြင့် ပလတ်စတစ် အိတ်တစ်အိတ်အတွင်း လေဖြည့်သွင်းကာ ပေါင် ၅၀ ခန့်ဖြင့်   ရောင်းချမည်ဟု အွန်လိုင်းလေလံဈေး Ebay ပေါ်သို့ တင်ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ဒုတိမြောက်လေအိတ်ကို ဒေါ်လာ ၁၆၀ ဖြင့် ရောင်းချလိုက်ရခြင်းဖြစ်သည်။

“ဒီမှာ ကျွန်တော်တို့က စဉ်းစားမိသွားတယ်။ ဒါက ဈေးကွက်တစ်ခုပဲဆိုတာကိုပါ ”ဟု လမ်းက ပြောသည်။

Vitality Air က လေသန့်ဗူးများနှင့် အောက်ဆီဂျင်ကို မြောက်အမေရိကတစ်ဝန်းမှသည် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းသို့၌ပါ ရောင်းချနေခြင်းဖြစ်သည်။ သို့သော် အကြီးဆုံး ပြည်ပဈေးကွက်အဖြစ် တရုတ်နိုင်ငံက ရပ်တည်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly