နာဇီရွှေရထား တွေ့ပြီလား

နာဇီရွှေရထား တွေ့ပြီလား

နှစ်ပေါင်း ၇၀ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် ရွှေအပြည့် တင်ဆောင်လာသည့် နာဇီရထားကို တွေ့ မတွေ့ဆိုသည့်အချက်အပေါ် သုတေသနအဖွဲ့နှစ်ဖွဲ့ သဘောကွဲလွဲနေခဲ့ကြသည်။

ပိုလန်နိုင်ငံမှ ဥမင်လိုဏ်ခေါင်းတစ်ခုတွင် ရထားရှိနေသည့် အထောက်အထားကို တွေ့ရှိခဲ့ကြောင်း မဆွကပြောကြားခဲ့သည့် ရတနာမုဆိုး အဖွဲ့တစ်ဖွဲ့ကမူ ဒီဇင်ဘာ ၁၅ရက်နေ့က သတင်းစာရှင်းလင်းပွဲ တွင်လည်း ထိုရပ်တည်ချက်ကိုပင် မယိမ်းမယိုင် ဆုပ်ကိုင်ထားခဲ့ကြသည်။ ‘ရထားနဲ့ လိုဏ်ခေါင်းတိုတစ်ခုကို တွေ့ရှိထားပါတယ်’ဟု ရတနာမုဆိုး ပီရော့တာ ကိုပါးက ပြောကြားခဲ့သည်။

သို့ရာတွင် ကရာကိုး သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကမူ ထိုအချက်ကို သဘောမတူကြပါ။ ‘ကျနော်တို့လည်း လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိထားပေမယ့်လည်း အဲဒီအထဲမှာ ရထားမရှိပါဘူး’ဟု သိပ္ပံပညာရှင်တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဖွဲ့နှစ်ဖွဲ့စလုံးက မြေပြင်ထိုးဖောက်ရေဒါကို အသုံးပြုခဲ့ကြပြီး သိပ္ပံပညာရှင်များကမူ သံလိုက်ကိရိယာများကို အသုံးပြု ရှာဖွေခဲ့သည်ဟု ဆိုသည်။

ရထားမှာ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ခုနှစ်တွင် ဆိုဗီယက်တပ်နီတော်နှင့် နာဇီဂျာမနီတပ်များ ရင်ဆိုင်တွေ့ကာနီးတွင် ပျောက်ဆုံးသွားခဲ့သည်ဟု နာမည်သတင်းကြီးနေခဲ့သည်။ ဒေသတွင်း ပါးစပ်ရာဇဝင် အရမူ ရထားမှာ ဝိုကလောမှ ထွက်ခွာလာပြီး ဂျာမနီပြည်အတွင်းဖြတ်သန်းကာ ဝေါဘဇစ်သို့ ဦးတည်သွားခဲ့သော်လည်း ခရီးဆုံးသို့ ရောက်ရှိလာခဲ့ခြင်းမရှိဟု ဆိုသည်။

ထိုရထားမှာ စစ်အတွင်းက ဝေါဘဇစ်ဒေသအတွင်းတွင် ဆောက်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ပစ်ခဲ့သည့် မီးရထားဥမင်လှိုဏ်ခေါင်းများစွာအနက်မှ တစ်ခုထဲတွင် ရှိနေခဲ့သည်ဟုလည်း ကောလဟာဠ ထွက်ပေါ်နေခဲ့သည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ရတနာမုဆိုးများက ရွှေတန်ဖိုး၏ ၁၀ရာခိုင်နှုန်းကို တောင်းဆိုထားပြီး ထိုရထားမှာ ကန်ဒေါ်လာ ၁သန်းတန်သည့် ရွှေများကို တင်ဆောင်လာနိုင်သည်ဟု ဆိုသည်။    

သို့ရာတွင် စစ်သုံးရထားများမှာ ရွှေများကို လုံးဝသယ်ဆောင်မလာနိုင်သည့် ဖြစ်နိုင်ခြေလည်းရှိသောကြောင့် တစ်ပြားမှမရသည့်ကိန်းလည်း ဆိုက်သွားနိုင်သည်ဟု ဆိုသည်။

မြေအောက်ဥမင်ထဲတွင် အလုံပိတ်ထားပါက မပေါက်ကွဲသေးသည့် ဗုံးများလည်း ပါဝင်နိုင်သောကြောင့် မီးသိန်းဓာတ်ငွေ့များ စုမိနေကာ နောက်ထပ် ပေါက်ကွဲနိုင်သည့် အန္တရာယ်လည်း ရှိနေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly