Dagon City အကောင်အထည်ဖော်မဖော် တိုင်းအစိုးရ၏ ဆုံးဖြတ်ချက် ဇွန်လကုန်တွင် သိရမည်

Dagon City အကောင်အထည်ဖော်မဖော် တိုင်းအစိုးရ၏ ဆုံးဖြတ်ချက် ဇွန်လကုန်တွင် သိရမည်

ရန်ကုန် ဇွန် ၂၂ ။        ။ Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံးအတွက် တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ဇွန်လကုန်မှ သာသိရှိရမည်ဖြစ်ကြောင်း Marga Landmark မှအမည်မဖော်လိုသူပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၂ ရက် တွင် မဇ္ဈိမကို စာဖြင့်ပြန် ကြားသည်။

"သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ တရားဝင် အပြီးသတ် ဆုံးဖြတ်ချက်ကို မချမှတ်ရသေးကြောင်း နားလည်သိရှိထားပါသည်။

အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်ပြီးပါကသက်ဆိုင်ရာ တာဝန်ရှိသူများမှ မိမိတို့အား တရားဝင် အသိပေးစာကို ပေးအပ်သွားမည်။ " ဟု Marga Landmark တာဝန်ရှိသူက စာဖြင့်ဖြေကြားသည်။

Marga Landmark ၏ စာဖြင့်ပြန်ကြားချက်ထဲမှ ထပ်မံသိရှိလိုသည်များကို မဇ္ဈိမက ဖုံးဖြင့် မေးမြန်းခဲ့ရာ "အပြီးသတ်ဆုံးဖြတ်ချက် ကတော့ ဇွန်လကုန်မှာ သိရမယ်လို့ သိထားတယ်။" ဟု ၎င်း တာဝန်ရှိသူက ဖြေကြားခဲ့သည်။

သက်ဆိုင်ရာ တိုင်းအစိုးရ၏ ဆုံးဖြတ်ချက် သိရှိရပြီးမှသာ Marga Landmark က တရားဝင် အသိပေးစာများကို ပေးပို့သွားမည် ဟု ပြန်စာအတွင်းဖော်ပြထားသည်။

"Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံး၏ integrated master plan အား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ မှ နောက်ဆုံးအဆင့်အနေဖြင့် ကြည့်ရှုစစ်ဆေးနေပါသည်။" ဟုလည်း ရေးထားသည်။

ရန်ကုန်တိုင်း နယ်/လုံ ဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနှင့် တိုင်းစစ်ဌာနမှုး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့ ကမူ Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံးအား ၁၅ရက်အတွင်း လုံးဝရပ်ဆိုင်းပေးမည်ဟု ဇွန်လ ၂၀ရက်၌ ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေးကော်မတီသို့ တွေ့ဆုံကတိပြုထားသည်။

ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၊ ဝံသာနုရက္ခိတအဖွဲ့ စသည့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်း ၇၀ ခန့်မှ လူပုဂ္ဂိုလ်နှင့် သံဃာ စုစုပေါင်း အင်အား ၁၀၀ ခန့်ဖြင့် ဇွန်လ ၇ ရက်က ဖွဲ့စည်းခဲ့ပြီး Dagon City One အပါအဝင် စီမံကိန်းများ ရပ်ဆိုင်းရေးအတွက် စည်းရုံးလှုပ်ရှားမှုများကို ပြုလုပ်မည်ဟု ကြေငြာ ခဲ့သည်။

ယင်းသို့ ကြေငြာအပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ကလည်း ရွှေတိဂုံစေတီတော် တည်တံရေးအတွက် ရဟန်းရှင်လူ၊ ပြည်သူအားလုံးနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု တစ်ရက်တည်း ထုတ်ပြန် ခဲ့ကြသည်။

ထို့နောက် Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံး ရပ်ဆိုင်းပေးမည်ဟု ရန်ကုန်တိုင်း နယ်/လုံ ဝန်ကြီးနှင့် ရန်ကုန်တိုင်းမှူး တို့က ကတိပြုခဲ့ခြင်းလည်း ဖြစ်သည်။

Marga Landmark မှမူ Dagon City One နှင့် ပတ်သက်သည့် အစီအစဉ်များကို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ တရားဝင် ကြေငြာချက်ကို မရရှိသေးဟု မဇ္ဈိမသို့ အကြောင်းပြန်ထားသည်။

ထို့ပြင် Dagon City One အပါအဝင် စီမံကိန်း ၅ ခုလုံး၏ integrated master plan အား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ မှ နောက်ဆုံးအဆင့် ကြည့်ရှုစစ်ဆေးနေသည်ဟုလည်း ဆိုသည်။

Dagon City One အပါအဝင် စီမံကိန်း ၅ ခုအကောင်အထည်ဖော်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ရွှေတိဂုံဘုရားတောင်ခြေရှိ ဒဂုံမြို့နယ် ဆက်သွယ်ရေးတပ်ရင်းမြေမှ ၄၉ ဧက ကျော်အား တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၈ ဒဿမ ၈၉ သန်းဖြင့် Marga Landmark သို့ ငှားရမ်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly