ပရဟိတအလုပ်က မျက်ရည်ကိုစတေးပြီး ပီတိကိုစားရတဲ့ အလုပ်ပါလို့ ပြောလိုက်တဲ့ မရွေကြာ

16 December 2015
ပရဟိတအလုပ်က မျက်ရည်ကိုစတေးပြီး ပီတိကိုစားရတဲ့ အလုပ်ပါလို့ ပြောလိုက်တဲ့ မရွေကြာ

ဒီအသံကို ကြားတာနဲ့ ဆေးရုံကို အမြန် ဦးတည်သွားနေတဲ့ ကားတစ်စီးရဲ့ မြင်ကွင်းကို မြင်ယောင် မိကြမှာပါ။ ဒီကားကို အမျိုးသမီး တစ်ယောက် မောင်းနှင်လာပါတယ်။ ကားပေါ်က လူနာဘေးမှာလဲ အမျိုးသမီးတွေ ဝန်းရံလာပါတယ်။ လူတစ်ယောက်ရဲ့အသက်ကို အချိန်နဲ့လုပြီးကယ်တင်နိုင်ဖို့ ကြိုးစားနေကြသူတွေပါ။  ဒါကတော့ “ရှင်သန်ရေး ကူညီအဖွဲ့” ရဲ့ ဦးဆောင် လှုပ်ရှားနေသူ တစ်ယောက်ပါ။ သူမရဲ့ အမည်က မရွှေကြာပါ။

အစ်မတို့ မိဘတွေက ပြင်ဦးလွင်မှာ အစ်မတစ်ယောက်တည်း ဒီမှာရှိတာပါ။ အစ်မတို့က ဒီမှာ ကိုယ်ဝါသနာပါတဲ့ လူမှုရေး တွေ လုပ်နေတာ။ အစ်မ ကျောင်းတက်ခဲ့တာတော့ ရှမ်းပြည်ဘက်မှာပဲ   ကျောင်းတက်ခဲ့ပါတယ်။ အစ်မ ဘွဲ့မရခဲ့ပါဘူး။ ကျောင်းပြီးတဲ့ ထိ မတက်ခဲ့ဘူး။

ဒီလိုပရဟိတ အလုပ်တွေကို သူမ ဘာကြောင့်လုပ်ဖြစ်သွားတာလဲ။ လူမှုရေး စိတ်ဓာတ်တွေ ဘယ်လောက်ပဲ ရှိနေပါစေ။ လူကောစိတ်ကော မြုပ်နှံပြီး ပရဟိတ အလုပ်တွေ အချိန်ပေး လုပ်ဆောင်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။

လွန်ခဲ့တဲ့ ၆ နှစ်လောက်က အစ်မ သွေးလွန်တုတ်ကွေး ဖြစ်ပြီးတော့ ရန်ကုန်ဆေးရုံကြီးမှာ သွေး ၈ ပုလင်း သွင်းခဲ့ရတယ်။ အဲဒီမှာ သွေး ၈ ပုလင်း သွင်းခဲ့ရတော့ ဆေးရုံကြီးမှာ နိစ္စဓူဝ နေရတယ်။ ပထမ အကြိမ် ဆေးရုံကြီး တက်တော့ နေကောင်းပြီး ပြန်ဆင်းသွားတယ်။ အဲဒီမှာ နွမ်းပါတဲ့ လူနာတွေ၊ ပိုက်ဆံမရှိတဲ့ လူနာတွေ သူတို့ရဲ့ အခက်ခဲတွေကို ဆေးရုံတက်ရင်းနဲ့ မြင်တတ်လာတယ်။

နောက်ပြီးတော့ ဆေးရုံဆင်းပြီးတော့ ဒုတိယ အကြိမ် ပြန်ဖြစ်တာ ၉ ရက်ပဲ ခြားတယ်။ ဆေးရုံပြန်ရောက်သွားတယ်။ အစ်မ ဆေးရုံကြီးမှာ သွေး ၈ ပုလင်းနဲ့ ရက် ၂၀ ကျော် နေခဲ့ရတယ်။ အစ်မဆေးရုံဆင်းပြီး ၃.၆.၂၀၁၄ အစ်မ မွေးနေ့မှာ အစ်မက ဆေးရုံကြီးက လူနာတွေကို ဆန်ပြုတ်ဝေမယ် ဆိုတဲ့ စိတ်ကလေး စဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မဆေးရုံတက်တော့ ဆရာဝန်တွေ မနက်ပိုင်းကို ဆေးလာထိုးရင် ဖြစ်ဖြစ် ဆေးလာတိုက်ရင် ဖြစ်ဖြစ် အဟာရ တစ်ခုခု စားခိုင်းတယ်။ ကိုယ်က နေမကောင်းတော့ မစားနိုင်ဘူး။ မစားနိုင်တော့ အဟာရမရှိဘူး။ မရှိတော့ ဆေးသောက်ဆေးထိုးတဲ့ အခါ အရမ်းခက်ခဲတယ်။ အဲတော့ ဆန်ပြုတ်လေး တစ်ခွက်သောက်လိုက်ရရင်လဲ ကြက်သားဆန်ပြုတ်ဆို အဟာရဖြစ်တယ်။ အဲတော့ ဆေးသောက်သောက် ဆေးထိုးထိုး အဆင်ပြေတယ်ဆိုတဲ့ အတွေး အဲကတည်းက မြင်လာတယ်။

အရင်တုန်းက နာရေးကူညီမှု အသင်းမှာ ဆင်းသေးတယ်။ ဆင်းတဲ့အချိန်မှာ အစ်မတို့ကို နိုင်ငံတကာ အဆင့််မြင့်ကယ်ဆယ်ရေးသင်တန်း အသင်းမှာ ပေးတဲ့ သင်တန်းကို အစ်မ တက်ခဲ့တယ်။ လုံးဝတူတူ သင်တန်းတက်တဲ့ တွံ့တေး စိတ္တသုခအသင်းက အစ်မကို အကူညီအတောင်းလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တွံ့တေးကနေပြီးတော့ အရေးကြီးတဲ့လူနာကို လှိုင်သာယာဘက်က ပတ်သွားရရင် အချိန်ကြန့်ကြာတယ်။ ကုန်ကျစရိတ်ပိုများတယ်။ အဲဒီတော့ ကျွန်တော်တို့ သမ္မာန်နဲ့ အစ်မတို့က ဒီဘက်ကနေစောင့်ပြီး သက်ဆိုင်ရာ ဆေးရုံပို့ပေးနိုင်မလားဆိုပြီး ကူညီတောင်း လာတယ်။ တောင်းလာတော့ အစ်မတို့ ဆန်ပြုတ်လှူနေတဲ့ အဖွဲ့ကို အစ်မက တိုင်ပင်အုံးမယ် ဆိုပြီး သူတို့ကို အဖြေမပေးသေးဘူး။ ဒီဘက်တိုင်ပင်လိုက်တယ်။ လုပ်မလားဆိုတော့ သူတို့တွေက အားကျိုးမာန်တက် အဲဒါဆို လုပ်ကြတာပေါ့ဆိုပြီး လုပ်မလားဆိုတော့ လုပ်ချင်တယ်ပေါ့။ ဘာလို့    ဆိုတော့ ကိုယ်တတ်ထားတဲ့ ပညာလေးနဲ့က ကိုက်နေတယ်လေ။ ကိုက်တော့ လုပ်မယ်ဆိုပြီး ကောင်းပြီဆိုပြီး NOBLE HEART ရှင်သန်ရေး ကူညီမှု အသင်းဆိုပြီးတော့ အစ်မတို့ စတင်ဖွဲ့စည်းခဲ့တယ်။ အစ်မတို့ ရှင်သန်ရေး ကူညီမှု အသင်းက ယာယီ မှတ်ပုံတင် ကျထားပါပြီ။

အခုဆိုရင် ဒီအမျိုးသမီးဟာ လူနာတင်ယာဉ်ကို သတိကြီးစွာ မောင်းနှင်နေပါတယ်။

မိန်းကလေး ကားမောင်းတာဆိုလို့ အစ်မ တစ်ယောက်တည်း ရှိတယ်။ ဘာလို့လဲဆိုတော့ အစ်မ နေ့စဉ်၊ နေ့တိုင်း ဒီ Ambulanceကားမောင်း မမောင်းခင်က ကိုယ့်ကားနဲ့ ကိုယ်သွားလာနေတော့ လမ်းတွေ၊ ပါကင်တွေ ကျွမ်းကျွမ်း ကျင်ကျင် မောင်းတတ်တယ်လေ။ ဒီအမျိုးသမီး စေတနာ ဝန်ထမ်း ထဲကတော့ ကားမောင်းတဲ့ သူမရှိသေးဘူး။ အစ်မတစ်ယောက်ပဲ ရှိသေးတယ်။ Ambulance ကားမောင်းတယ်ဆိုတာ အခြားကားမောင်းတာနဲ့ မတူဘူး။ အရမ်း အန္တရာယ်များတယ်။ ဘာဖြစ်လို့လဲဆို အဲဒီကားပေါ်မှာ လူနာပါတယ်။ တစ်ချို့ ယောက်ျားလေးတွေတောင် အစ်မတို့ စိတ်မချရဘူး။ လူနာပါတော့ လူနာရဲ့ အသက် သွားသယ်တဲ့ စေတနာဝန်ထမ်းတွေရဲ့ အသက်က ကိုယ့်လက်ထဲမှာ အများကြီး ရှိတယ်။

Ambulance မောင်းလို့ လက်တားလိုက်တယ်ဆိုရင် သူတို့တွေက ကြည့်တယ်။ မိန်းကလေးဆိုရင် သူတို့က သုတ်တာ(ဖယ်မပေးချင်ပဲ ဆက်မောင်းသွားတဲ့သဘော) ကိုယ့်ကို အဲတာတော့ စိတ်မကောင်းဘူး။ တစ်ချို့တလေက မိန်းကလေး မောင်းတယ်ဆိုပြီး ကားလာပြီး ပြိုင်မောင်းတာလဲ ကျွန်မ ကြုံရတယ်။ သူတို့ က အစ်မကားကို လမ်းတောင်းတယ်။ အစ်မကားက Ambulance ဖြစ်တဲ့အတွက် မပေးနိုင်ဘူးလေ။ လူနာပါတာကိုး အဲတာကြောင့် အစ်မက မပေးနိုင်ဘူး။ သူကရှေ့ကနေ ကျော်တက်သွားတယ်။ အစ်မ သူကို ကျော်သွားတယ်။  ကျော်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ အစ်မက မိန်းကလေးဆိုတော့ သူက ကားကို ရှေ့ကနေ ပိတ်ရပ်တာ။

အဲတော့ အစ်မက ဘယ်လို လုပ်တာလဲလို့ ကားခြင်းယှဉ်ပြီးတော့ အစ်မတို့ Ambulance ဆိုတာ နားမလည် ဘူးလားလို့ အဲတော့ သူက ဘာပြောလဲဆိုတော့ လူနာပါလို့လားတဲ့ သူက အဲလိုမေးတယ်။ အမိုးကို ကြည့်လိုက်လို့ မီးဖွင့်ထားတယ်လို့ မီးဖွင့်တယ်ဆိုတာက အရေးကြီးတဲ့ လူနာကို သွားသယ်လို့ မီးဖွင့်တာ။ အစ်မ မောင်းလာတာ ၈/၉ လောက်ရှိပြီ သူများနဲ့ ကားခြင်းငြီတာတို့ လဲတစ်ခါမှ မရှိဘူး။ ကိုယ့်အန္တရာယ်ကို လဲ ရှောင်ပြီး မောင်းနိုင်တယ်။ ဒါမျိုးလေးတွေလဲ အစ်မတို့ ကြုံရတာပေါ့။ မိန်းကလေး ယာဉ်မောင်းတာ ပြောခံရတာက အစ်မ ရင်ထဲ တော်တော် မကောင်းဘူး။ ငါ့နေရာမှာ ယောက်ျားလေးဆို သူတို့ ပြောမှာ မဟုတ်ဘူးဆိုတဲ့ အတွေး တော်တော် ဖြစ်သွားတယ်။

ဒီအမျိုးသမီး(မရွှေကြာ)မှ မဟုတ်ပါဘူး။ ရှင်သန်ရေး ကူညီမှု အသင်းထဲက အခြားသော အမျိုးသမီးတွေလဲ မိမိတို့ တာဝန်ယူ ပို့ဆောင်ပေးရမယ့် လူနာကို အထိခိုက်မရှိအောင် သတိကြီးစွာ   စောင့်ရှောက်သယ်ယူနေကြပါတယ်။ ပရဟိတ လုပ်သူတွေရဲ့ နှလုံးသားဟာ မြင့်မြတ်ပါတယ်။ အမျိုးသမီးတွေဟာ နှလုံးသားမြတ်ရုံမကပဲ ကာယ၊ ဉာဏ၊ စွမ်းအားတွေပါ ကြံ့ခိုင်ကြတာကို သူတို့တွေ သက်သေပြနေကြပါတယ်။

အစ်မ မှမဟုတ်ဘူး ပရဟိတ လုပ်သူအားလုံး သူတို့ ကူညီလိုက်တဲ့သူဟာ အဆင်ပြေသွားပြီဆိုရင် အဲ ပီတိကို ငွေနဲ့ မလဲနိုင်ဘူး။ အကုန်လုံး ပီတိ စားတွေ ချည်းပဲ။ ငွေရလို့ ပျော်တဲ့ အပျော်နဲ့ အဲဒီ ပီတိ နဲ့က ဘာမှ မဆိုင်ဘူး။ ပရဟိတ လုပ်နေတဲ့သူ အားလုံးကို မေးကြည့်ပါ။ ဒီပရဟိတထဲ ဝင်သွားပြီးရင် ပြန်မထွက်နိုင်တော့ဘူး။ နက်သထက် နက်သွားတော့တာပဲ။ ဘိန်းစွဲသလိုပေါ့။ ဒါလဲ အတ္တပဲပေါ့နော်။ ပီတိ ဆိုတာ ကိုယ်လိုချင်လို့ ကိုယ့်အတ္တပဲ ဖြစ်သွားတာပေါ့။ ပရ ဆိုတာ သူများအကျိုး၊ ဟိတ ဆိုတာ ကိုယ့်အကျိုး ကိုယ့်အကျိုးနဲ့ သူ့အကျိုး ပေါင်းပြီး လုပ်တာကို သူအကျိုးကို လုပ်ရင်းနဲ့ ကိုယ့်က အဲဒီပီတိ ကိုစားတာ။

အစ်မတို့လည်း သူများမချေမငံ ဆက်ဆံလာတဲ့ အချိန် ဝုန်းကနဲ့ဆို ဒေါသ ထွက်တာပဲ။ ဘာလို့ဆို ကိုယ့်လည်း ပရဟိတ လုပ်လို့သာ စိတ်ကို လျော့ထားတာ။ လူတိုင်းက ကိုယ့်အိမ်မှာဆို အရှင်ဘုရင်ပဲ။ လူတိုင်းက ကိုယ့်အသိုင်းဝိုင်းမှာ ဆရာကြီးပဲလေ။ အစ်မတို့လဲ အဲဒီအတိုင်းပဲ။ ဒါပေမယ့် သူတို့ ပြောလိုက်ချိန်မှာ ကိုယ့်က ဝုန်းကနဲ ဒေါသ ထွက်သွားပေမယ့် ကိုယ်က ဘယ်လို စဉ်းစားလဲဆိုရင်   အော်သူတို့ ပရဟိတ မလုပ်သေးဘူး။ မလုပ်သေးတဲ့ သူတို့က မသိဘူး။ အစ်မတို့က အခကြေးငွေ လုံးဝ မယူတဲ့ အတွက် သူတို့တွေက အစ်မတို့ကို ဘယ်လို ဆက်ဆံသလဲ ဆိုတော့ လူနာတင် ယာဉ်ခေါ်ချင်တယ် ဒီလိုခေါ်ပေး၊ ဒီလိုလုပ်၊ သူများကိုငှားရင် ဘယ်လိုဖြစ်တယ်။ ကျွန်မတို့ အဲလို အမြဲကြုံရတယ်။ ကြုံရတဲ့ အချိန်မှာ ကျွန်မတို့က အခကြေးငွေ ယူပြီးတော့ လုပ်ပေးတာ မဟုတ်ဘူး။ ငှားပြီးခေါ်လို့ ရတယ်ဆိုပေမယ့် စေတနာ ထားတာခြင်း မတူဘူး။ ကျွန်မတို့က အခကြေးငွေမယူပဲ စေတနာ အပြည့်နဲ့ လုပ်ပေးတာလို့ ကျွန်မတို့ ပြောပြတာပေါ့။

တစ်ခါတရံမှာ စွန့်လွှတ်ပေးဆပ်မှုတွေက ထင်မထားလောက်အောင် ကြီးမားနေတတ်တာကိုလည်း မရွေကြာက ပြောပြပါတယ်။

အစ်မ အဖေက ပြင်ဦးလွင်မှာ ဆေးရုံ နှစ်လ တက်ရတယ်။ အစ်မ တစ်ခေါက်ပဲ ရောက်တယ်။ ဒီကိစ္စတွေ လုံးပန်းနေတာ။ ဒီကြားထဲမှာ အစ်မအဖေဆုံးသွားတယ်။ အဖေဆုံးပြီး ပြန်လာမှ သူတို့ကို သူတို့ ဖြစ်ချင်တာလေး လုပ်ပေးပါ့မယ်လို့ အစ်မအဖေဆုံးပြီး ပြန်လာမှ အစ်မ လူနာတွေကို စပြီး သယ်ပေးခဲ့တယ်။  အဖေဆုံးပြီးတာနဲ့ အစ်မ ဒီကိစ္စ အကောင်ထည်ဖော်ဖို့ အဖေ သဂြိုလ်မြေကျပြီးတာနဲ့ ချက်ချင်းပြန်လာတယ်။ အသုဘကိစ္စ အခြား ဘာမှ မလုပ်ခဲ့ ပေးရဘူး။

ဒီအရာတွေကို လုပ်ကိုင်နိုင်ဖို့ မျက်ရည်တွေ စတေးခဲ့ရတာလည်း ရှိနိုင်သလို ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ဆိုရိုးစကားတိုင်း အပြုံးတွေ ဝေနိုင်တဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ ဘာပဲပြောပြော မရွှေကြာကတော့ ပြုံးနေပါတယ်။ အစ်မနဲ့အတူတူ လူနာသွားသယ်တဲ့ အမျိုးသမီးလေးတွေကလဲ ရှာမှ ရှားပေါ့။ အာဂမိန်းမတွေ သူတို့တွေက တကယ်လည်း တော်တယ်။ တကယ်လဲ ကြိုးစားတယ်။

အစ်မတို့ အလုပ်က သူများအလုပ်နဲ့ မတူဘူး။ အရမ်းခွန်အား စိုက်ရတယ်။ ဉာဏ်သုံးရတယ်။ အရမ်းပင်ပန်းတယ်။ ဒီမိန်းကလေးတွေက အိမ်ထဲမှာပဲ အောင်းမနေပဲ အစ်မတို့ ဆီလာလုပ်တာ။ အရမ်းဝမ်းသာတယ်။ အစ်မကိုယ်တိုင်ကလည်း ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီးလုပ်ပြတယ်ဆိုတာက အမျိုးသမီးတွေကို အိမ်မှာပဲ အောင်းမနေစေချင်လို့ လုပ်စေချင်တယ်။

ခုချိန်မှာ မိန်းကလေးတွေက လေယာဉ်မောင်းတဲ့ မိန်းကလေးတွေလဲ ရှိပြီ။ မလုပ်နိုင်တာ ဘာမှ မရှိဘူး။ မိန်းကလေး တွေ မလုပ်နိုင်ဘူးဆိုတာ ဘုရားပေါ်မှာ သတ်မှတ်ထားတဲ့ နေရာပဲ  တက်လို့ မရတော့တာ။ တော်တော်များများက အမျိုးသမီးတွေ လုပ်ဆောင်နိုင်နေပြီ။ အဲတာကြောင့်မို့လို့ ကျွန်မက အမျိုးသမီးတွေကို လုပ်ဆောင်စေချင်တယ်။ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး အရမ်း လုပ်စေချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly