ကုလသမဂ္ဂ ထွေချုပ်သစ်ရာထူးအတွက်ပြိုင်ပွဲ တရားဝင်စတင်

ကုလသမဂ္ဂ ထွေချုပ်သစ်ရာထူးအတွက်ပြိုင်ပွဲ တရားဝင်စတင်

ကုလသမဂ္ဂ၊ ဒီဇင်ဘာ - ၁၆ ။           ။ ကုလသမဂ္ဂအဖွဲ့ကြီးက နောက်တက်မည့် အထွေထွေအတွင်းရေးမှူးချုပ်သစ်အတွက် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ရက်နေ့က တရားဝင်စတင်လိုက်ပြီဖြစ်ပြီး လွန်ခဲ့သည့် နှစ်၇၀လုံးလုံး အမျိုးသားများကသာ ချုပ်ကိုင်လွှမ်းမိုးထားခဲ့သည့် အမြင့်ဆုံးရာထူးအတွက် အမျိုးသမီးတစ်ယောက်ကို အဆိုပြုရေး စဉ်းစားပေးကြရန်လည်း အဖွဲ့ဝင် ၁၉၃နိုင်ငံကို တိုက်တွန်းထားသည်ဟု ဆိုသည်။

၅နှစ်သက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်ပြီးနောက်တွင် ယခင်က တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ယောက်ဖြစ်သည့် ကုလထွေချုပ် ဘန်ကီမွန်းမှာ ၂၀၁၆ခုနှစ်အကုန်တွင် ရာထူးမှ ဆင်းပေးရတော့မည်ဖြစ်သည်။ ထွေချုပ်ရာထူးအတွက် ဒေသကြီးများမှ အလှည့်ကျစနစ်ဖြင့် ရွေးချယ်လာခဲ့ရာ ယခုအကြိမ်သည် အရှေ့ဥရောပဒေသမှ ရွေးချယ်ရမည့်အလှည့် ကျနေရာက်နေသည်။

အစဉ်အလာအရ ဗီတိုအာဏာရှိသည့် အင်အားကြီးများဖြစ်ကြသော တရုတ်၊ ရုရှ၊ အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်အပါအဝင် အဖွဲ့ဝင် ၁၅ဦးပါ လုံခြုံရေးကောင်စီက လျှို့ဝှက်အမည်စာရင်းကို တံခါးပိတ် ဆွေးနွေးစဉ်းစားကြပြီးမှ အထွေထွေညီလာခံမှ ရွေးချယ်ရန် ထွေချုပ်လောင်းတစ်ယောက်ကို ထောက်ခံအကြံပြုပေးရသည်။

ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်၍ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ၏ ဥက္ကဌများဖြစ်ကြသည့် အမေရိကန်သံအမတ်ကြီး စမန်သာ ပါဝါနှင့် ဒိန်းမတ်သံအမတ်ကြီး မိုဂျင် လိုင်ကတ်တော့တို့က ဘန်၏ နေရာကို ဆက်ခံမည့် ထွေချုပ်လောင်းကို စတင်ရှာဖွေကြရန် အဖွဲ့ဝင်နိုင်ငံများထံသို့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် စာများ ပေးပို့ခဲ့ကြသည်ဟု ဆိုသည်။   

 ‘အဓိကအဆုံးအဖြတ်နေရာအတွက် အမျိုးသမီးရော၊ အမျိုးသားပါ တန်းတူအခွင့်အရေးရှိကြောင်း အာမခံပေးဖို့လိုအပ်တဲ့အတွက် ထွေချုပ်လောင်းတွေအဖြစ် အမျိုးသားများနည်းတူ အမျိုးသမီးတွေကိုလည်း အဆိုပြုတင်သွင်းကြဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပါတယ်’’ဟု စာထဲတွင် ရေးသားထားသည်။

စက်တင်ဘာလက ထွေချုပ်လောင်းပြဿနာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုပြီးနောက် အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းသည့် စာကို ရေးသားပေးပို့ရန် အထွေထွေညီလာခံက မေတ္တာရပ်ခံခဲ့ခြင်းပင် ဖြစ်သည်ဟုဆိုသည်။

‘ဒါက ထွေချုပ်သစ်အတွက် ပြိုင်ပွဲစပြီဖြစ်ကြောင်း သေနတ်ဖောက်လိုက်တာပါ’ဟု စာကို ကူညီပြုစုရေးသားခဲ့သည့် ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သူး ရိုင်ခရော့က ပြောကြားခဲ့ပြီး ထိုစာက ရွေးချယ်ရေးလုပ်ငန်းစဉ်အတွက် လိင်တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းပြတ်သားမှုကို ဆောင်ကျဉ်းလာလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags