ပြည်တွင်းစစ်ရပ်တန့်ရေး ဆီးရီးယားဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် အမေရိကန်-ရုရှား သဘောတူ

ပြည်တွင်းစစ်ရပ်တန့်ရေး ဆီးရီးယားဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် အမေရိကန်-ရုရှား သဘောတူ

မော်စကို၊ ဒီဇင်ဘာ ၁၆ ။              ။ နယူးယောက်တွင် ယခုသီတင်းပတ်၌ ပြုလုပ်ရန် စီစဉ်ထားသော နိုင်ငံတကာအကျပ်အတည်းဆိုင်ရာ ဆွေးနွေးပွဲများ တစ်ကျော့ပြန်ပြုလုပ်မှုနှင့် အတူ ဆီးရီးယားပြည်တွင်းစစ် ရပ်တန့်ရေး ကြိုးပမ်းမှုများကို ခက်ခဲသော်လည်း ဆက်လက် ဆောင်ရွက်သွားရန် အမေရိကန်နှင့် ရုရှားတို့က သဘောတူခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ မော်စကိုတွင် သုံးနာရီကြာပြုလုပ်ပြီးနောက် ဆီးရီယားအရေးနှင့် ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် ရပ်တည်ချက်များမှာ   ခြေတစ်လှမ်းနီးကပ်လာပြီဟု ယူဆရသည်။ သို့သော်လည်း သမ္မတဘာရှားအယ်လ်အာဆတ်၏ ကံကြမ္မာနှင့် ပတ်သက်၍မူ သဘောကွဲလွဲချက်များ ရှိနေဆဲဖြစ်သည်။

"ကယ်ရီနှင့် ပူတင်တို့သည် ဒီဇင်ဘာ ၁၅ ကဆွေးနွေးခဲ့ခြင်းဖြစ်သည်။  လာမဲ့ဒီဇင်ဘာ ၁၈မှာ International Syria Support Group ရဲ့နောက်ထပ်အစည်းအဝေးကို နယူးယောက်မှာလုပ်မယ်ဆိုတာ ကျွန်တော်တို့ထောက်ခံပါတယ်"ဟု ဆွေးနွေးပွဲများအပြီးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗ်ရော့က ပြောသည်။ ဆွေးနွေးပွဲများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ယူကရိန်းအရေးတို့လည်း အနည်းငယ်ဆွေးနွေးခဲ့သေးသည်။

နယူးယောက်ဆွေးနွေးပွဲများက အာဆတ်၏အစိုးရနှင့် ဆီးရီးယားလက်နက်ကိုင်အတိုက်အခံများကြား အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေး စေ့စပ်ပေးရန် ရည်ရွယ်သော လုပ်ငန်းစဉ်အား အထောက်အကူပြုရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေမည်ဟု လက်ဗ်ရော့နှင့် ကယ်ရီတို့က ပြောကြားခဲ့သည်။" ကြိုးပမ်းအားထုတ်ရာမှာ လိုအပ်ချက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီနေ့ အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဆီးရီးယားမှာ တိုက်ခိုက်မှုအရှိန်မလျှော့ဘဲ အိုင်အက်စ်ကို အနိုင်မတိုက်နိုင်ပါဘူး"ဟုလက်ဗ်ရော့ကဆိုသည်။

ဗီယင်နာတွင် ၁၇ နိုင်ငံကြားပြုလုပ်ခဲ့သော ယခင်ဆွေးနွေးပွဲနှစ်ခုကဲ့သို့ နယူးယောက်တွင်လည်း ပြုလုပ်နိုင်မည်ဟု ဝါရှင်တန်ရှိ နိုင်ငံခြားရေးဋ္ဌာပြောခွင့်ရအမျိုးသား ဂျွန်ကာဘီက ခန့်မှန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly