အီရန်၏ အောက်တိုဘာ ဒုံးကျည်စမ်းသပ်မှုမှာ ကုလ ပိတ်ပင်ချက်ကို ချိုးဖောက်ဟုဆို

အီရန်၏ အောက်တိုဘာ ဒုံးကျည်စမ်းသပ်မှုမှာ ကုလ ပိတ်ပင်ချက်ကို ချိုးဖောက်ဟုဆို

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၆ ။            ။ အီရန်က အောက်တိုဘာလတွင် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသည့် ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြင့် ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့သည်ဟု ဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့ရာ အမေရိကန် ကွန်ဂရက်တွင် အီရန်အပေါ် ပိုမိုဒဏ်ခတ်ပိတ်ဆို့ရေး တိုက်တွန်းတောင်းဆိုမှုများ ရှိလာခဲ့သည်။

တာလတ်ပစ် အီမဒ်ဒုံးပျံများ စမ်းသပ်မှုနှင့် ပတ်သက်၍ အီရန်အပေါ် တစ်ဆင့်တက်အရေးယူရန်ကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ဤစမ်းသပ်ပစ်ခတ်မှုက ဒုံးပျံမှာ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သော ဒုံးကျည်အဖြစ် စဉ်းစားနိုင်သည့် လိုအပ်ချက်များနှင့် ကိုက်ညီနေသည်ကို ဖော်ပြနေကြောင်း လုံခြုံရေးကောင်စီ၏ အီရန်အရေး ကျွမ်းကျင်သူအုပ်စုတစ်စုက လျှို့ဝှက်အစီရင်ခံစာတစ်စောင်တွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

‘ဝေဖန်သုံးသပ်တွေ့ရှိချက်တွေကို အခြေခံပြီး အီမဒ်ဒုံးပျံစမ်းသပ်မှုဟာ အီရန်က လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၉၂၉ရဲ့ အပိုဒ်၉ကို ချိုးဖောက်ရာရောက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်’ဟု အီရန်အရေး ကျွမ်းကျင်သူအဖွဲ့က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၀ရက် ဒုံးပျံစမ်းသပ်မှုမှာ တရားဝင်သဘောအရ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆နိုင်ငံတို့အကြား နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ရာမရောက်ကြောင်း သံတမန်များ က ပြောကြားခဲ့သော်လည်း ယခု ကုလအစီရင်ခံစာကြောင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အစိုးရကို ဘေးကျပ်နံကျပ်အနေအထားသို့ ရောက်ရှိသွားစေနိုင်သည်ဟု ဆိုသည်။

အီရန်ကမူ နောက်ထပ် မည်သည့်ဒဏ်ခတ်ပိတ်ဆို့မှုမဆို နျူကလီးယားသဘောတူညီချက်ကို ပျက်စီးစေလိမ့််မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဝါရှင်တန်အနေဖြင့် အီမဒ်စမ်းသပ်မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရေး တိုက်တွန်းရန် ပျက်ကွက်ခဲ့ပါက အားနည်းပျော့ညံ့မှုအဖြစ် အများက ယူဆကြမည်ဖြစ်သည်။

ကုလ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီအနေနှင့်မူ ဝါရှင်တန်နှင့် ဥရောပနိုင်ငံများက တောင်းဆိုလာဖွယ်ရှိသည့်အတိုင်း နောက်ထပ် အီရန်နိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို နာမည်ပျက်စာရင်း သွင်းဖွယ်ရာရှိသည်ဟု သံတမန်များက ပြောကြားခဲ့သည်။ သို့ရာတွင် အီရန်၏ ဒုံးကျည်အစီအစဉ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို မကြိုက်နှစ်သက်သည့် တရုတ်နှင့် ရုရှတို့က နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ရေးလှုပ်ရှားမှုများကို ပိတ်ဆို့လာနိုင်သည်ဟု ဆိုသည်။

ကုလအစီရင်ခံစာအရ အီရန်က စမ်းသပ်ပစ်လွှတ်သည့် ဒုံးပျံမှာ အနည်းဆုံး ၃၀၀ကီလိုမီတာ အကွာအဝေးအတွင်း အနည်းဆုံး ၅၀၀ ကီလိုဂရမ်လေးသည့် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သည့် ပဲ့ထိန်းဒုံးကျည်များပင်ဖြစ်သည်ဟု ယူဆထားသည်။   

‘အီမဒ်ဟာ ၁၀၀၀ကီလိုမီတာထက် မနည်းတဲ့ အကွာအဝေးအတွင်းမှာ ဝန်ချိန် ၁၀၀၀ကီလိုဂရမ်ကို သယ်ဆောင်နိုင်တာကြောင့် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုပြီး  ပစ်ခတ်ခဲ့တယ်လို့ အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်’ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly