ကလေးမွေးဖွားမှုနှုန်း မြင့်တင်ရန် လက်မထပ်ပဲအတူနေစုံတွဲများ၊ တစ်ဦးတည်း မိဘ ဘဝခံယူထားသူများကို တောင်ကိုရီးယား အစိုးရက ထောက်ခံအားပေးသွားမည်

ကလေးမွေးဖွားမှုနှုန်း မြင့်တင်ရန် လက်မထပ်ပဲအတူနေစုံတွဲများ၊ တစ်ဦးတည်း မိဘ ဘဝခံယူထားသူများကို တောင်ကိုရီးယား အစိုးရက ထောက်ခံအားပေးသွားမည်

ဆိုးလ်၊ ဒီဇင်ဘာ ၁၆ ။              ။ တောင်ကိုရီးယားတွင် လက်မထပ်ပဲ အတူနေစုံတွဲများ နှင့် တစ်ဦးတည်း မိဘဘဝသို့ရောက်ရှိနေသူများကို အစိုးရက ထောက်ခံအားပေးလိုက်ပြီး ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေခြင်းကို ပြန်လည် မတင်ရန် စီစဉ်လျက်ရှိသည်။

နိုင်ငံရှိ လူဦးရေမှာ အလျင်အမြန် အိုမင်းရင့်ရော်လာနေမှုများရှိနေချိန်တွင် ပြည်သူများအနေဖြင့် ကလေးများများယူကြရန် တွန်းအားပေးလိုက်ပြီး စုံတွဲများလက်မထပ်ရသေးပဲ အတူနေထိုင်ခြင်းနှင့် တစ်ဦးတည်းက မိဘအဖြစ် ခံယူနေရခြင်းတို့နှင့် ပတ်သက်၍ အယူအစွဲဟောင်းများကို အစိုးရက အမြစ်ဖြတ်ရန် ဆန္ဒရှိနေသည်။

လူမှုဆိုင်ရာ ဖိအားများကြောင့် ကလေးမွေးဖွားမှုနှုန်းကို ဆွဲချလိုက်သကဲ့သို့ဖြစ်နေပြီး လေးလံနှေးကွေးနေသော စီးပွားရေးနိုင်ငံမှာ ချမ်းသာကြွယ်ဝသော နိုင်ငံများအကြား မွေးဖွားနှုန်း အဆင့် အနိမ့်ဆုံးဖြစ်နေသည်။ ယင်းက တောင်ကိုရီးယား မိခင်များကို ကမ္ဘာ့တွင် အသက်အကြီးဆုံးကလေးမိခင်များ အဖြစ်သို့ ရောက်ရှိသွားစေသည်။ တောင်ကိုရီးယား ကလေးအမေများ၏ ပျမ်းမျှ သက်တမ်းမှာ ၃၀.၇ နှစ်ဖြင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်နေလျက်ရှိသည်။

လာမည့်နှစ် နိုင်ငံ၏ စီးပွားရေးမူဝါဒ အစီအစဉ်တွင် နေ့စဉ်လူမှုဘ၀ နှင့် လူနေမှု စည်းဘောင်ဆိုင်ရာ အယူအစွဲများကို တိုက်ဖျက်သွားရန် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ကြံစည် လုပ်ဆောင်လျက် ရှိနေသည်။

" မွေးဖွားနှုန်း မြင့်တက်စေဖို့အတွက် အမျိုးမျိုးသော မိသားစုပုံစံတွေအပေါ် ထင်မြင်နေကြတဲ့ လူမှုအယူအဆအစွဲအလမ်းတွေကို ကျွန်တော်တို့ ပြောင်းလဲလိုက်ဖို့ စီစဉ်နေပါတယ်" ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"အမေ တစ်ယောက်တည်းက သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်နေကြတာတွေကို ကျွန်တော်တို့ ဒီထက်ပိုပြီး အားပေးထောက်ခံချင်ပါတယ်၊ နောက်ပြီး အတူနေစုံတွဲတွေအပေါ်မှာ ထားရှိတဲ့ လူတွေရဲ့သဘောထား အယူအဆတွေကိုလည်း ပြောင်းလဲချင်ပါတယ်" ဟု ၎င်းက ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းသည် အမျိုးသမီးတစ်ဦးလျင် ၁.၂၀၅ ဖြင့် OECD အဖွဲ့ဝင် ချမ်းသာသည့်နိုင်ငံများအတွင်း အနိမ့်ဆုံးနှုန်းထားဖြစ်သည်။

လူငယ်လူရွယ်များသည်လည်း နိုင်ငံ၏ စီးပွားရေးအခြေအနေအကြောင်းတရားများကြောင့် လက်ထပ်ရန်နှင့် ကလေးယူရန် တို့ကို တုန့်ဆိုင်းလာကြသည်။ နေ့ကလေးထိန်းလုပ်ငန်းများ နည်းပါးမှုနှင့် ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ခြင်းနှင့် ပညာသင်ကြားစရိတ်စကများ မြင့်တက်နေမှုကလည်း အခြားအတားအဆီးများဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly