တာလီဘန်တွေ တိုးတက်ယဉ်ကျေးလာမှာကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းက သံတမန်ဆက်ဆံနိုင်ဟု ပူတင်ပြော

တာလီဘန်တွေ တိုးတက်ယဉ်ကျေးလာမှာကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းက သံတမန်ဆက်ဆံနိုင်ဟု ပူတင်ပြော

တာလီဘန်တွေဟာ ‘တိုးတက်ယဉ်ကျေး’တဲ့ အဆင့်အတန်း ရှိလာမှာဖြစ်ပြီး ဒီအတွက်ကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ အာဖဂန်နစ္စတန်နဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ကျင့်သုံးသွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့မှာ ပြောပါတယ်။ 

“အာဖဂန်နစ္စတန် တစ်စစီ ပြိုကွဲမှာကို ရုရှက မလိုဘူး၊ အဲဒီလို ဖြစ်လာခဲ့ရင် နောက်ပိုင်းမှာ ဘယ်သူမှ ပြောနိုင်ဆိုင် ရှိတော့မှာ မဟုတ်ဘူး”လို့ ပူတင်က ဆိုပါတယ်။ 

ရုရှ အရှေ့ဖျား ဗလာဒီဗိုစတော့ခ်မှာ ပြုလုပ်တဲ့ အရှေ့ပိုင်း စီးပွားရေးဖိုရမ်ရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ ပူတင်က ပြောဆိုတာပဲ ဖြစ်ပါတယ်။ 

“မကြာခင်မှာပဲ တာလီဘန်တွေဟာ ယဉ်ကျေးတဲ့ ပြည်သူ့ မိသားစုတွေထဲ ရောက်လာတော့မယ်။ ဒါကြောင့် ပြောဆိုဆွေးနွေးဖို့ဆို ပို လွယ်ကူအဆင်ပြေလာမယ်၊ ထိတွေ့ဆက်ဆံဖို့၊ ဆက်သွယ်ပြောဆိုဖို့နဲ့ မေးခွန်းတွေ ထုတ်ဖို့ ပိုလွယ်လိမ့်မယ်”လို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့လက အပြီးသတ် ရုပ်သိမ်းမှုဟာ ‘ကပ်ဘေးသဖွယ်’ အဆုံးသတ် ဖြစ်ခဲ့ရတယ်လို့လည်း ကာလရှည် ရုရှခေါင်းဆောင်က ပြောပါတယ်။ 

“အမေရိကန်တွေက စစ်ဆင်ရေးကြီး တစ်ခုလုံးအတွက် ဒေါ်လာ ၁ ဒသမ ၅ သန်း သုံးစွဲခဲ့ရတယ်၊ ဘာများ ရလဒ်ထွက်သလဲ၊ ဘာမှကို ရလဒ်မပေါ်ဘူး”လို့ ပူတင်က ပြောပါတယ်။ 

အာဖဂန်နစ္စတန်မှာ အခု နွေက အာဏာသိမ်းလိုက်တဲ့ တာလီဘန်အုပ်စုနဲ့ ပတ်သက်ဆက်ဆံမှုကို ရုရှနိုင်ငံဟာ သတိနဲ့ ဖော်ဆောင်နေပါတယ်။ 

အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ တာလီဘန်ကိုယ်စားလှယ်တွေနဲ့ အာဖဂန်ဆိုင်ရာ ရုရှသံအမတ်ကြီးက တွေ့ဆုံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ နိုင်ငံအတွင်း လုံခြုံရေးအခြေအနေ ဆိုးဝါးလာတာကြောင့် ရုရှဟာ သူ့နိုင်ငံသားတွေနဲ့ ဆိုဗီယက်ဟောင်း နိုင်ငံအချို့က နိုင်ငံသားတွေကို ကယ်ထုတ်မှု စတင်ဆောင်ရွက်ခဲ့ပါတယ်။ 

နိုင်ငံရေး ဖရိုဖရဲအခြေအနေကို အသုံးချပြီး အစွန်းရောက်အုပ်စုတွေက ဒုက္ခသည်တွေအဖြစ် ဟန်ဆောင်ပြီး အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်နေကြောင်း ရုရှက သတိပေးထားပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံဟာ ရုရှစစ်စခန်းတွေ ချထားတဲ့ ဆိုဗီယက်ဟောင်း သုံးနိုင်ငံနဲ့ နယ်စပ်ထိစပ်လျက် ရှိနေတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly