တိဘက်ကျောင်းတွင် တရုတ်ဘာသာဖြင့်သာ သင်ကြားရန် တရုတ်အစိုးရ ဖိအားပေး

တိဘက်ကျောင်းတွင် တရုတ်ဘာသာဖြင့်သာ သင်ကြားရန် တရုတ်အစိုးရ ဖိအားပေး

တရုတ်အာဏာပိုင်များက စာသင်ခန်းအတွင်း တရုတ်ဘာသာစကားဖြင့်သာ မသင်ကြားပါက ပိတ်ပစ်မည်ဟု ဒေသခံကျောင်း တစ်ကျောင်းကို ခြိမ်းခြောက်ခဲ့သည်။

တိဘက်လူမျိုးအများအပြားနေသောဒေသဖြစ်သည့် တရုတ်နိုင်ငံအနောက်ပိုင်းစီချွမ်ပြည်နယ်တွင်တည်ရှိသည့် Gyaltenကျောင်းကို ယင်းကဲ့သို့သတိပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော အာရှရေဒီယို (RFA) က သတင်းအရင်းအမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

“ကျောင်းရဲ့သင်ကြားတဲ့ ကြားခံဘာသာစကားကို တရုတ်ဘာသာနဲ့ သင်ဖို့ အကြောင်းကြားစာ တစ်စောင် ရရှိခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ယခုစာသင်နှစ်မှ စ၍ နှစ်စဉ်ဝင်ခွင့်စာမေးပွဲများအားလုံးကို တရုတ်ဘာသာဖြင့်သာ ဖြေဆိုခဲ့ရသည်ဟု သတင်း ရင်းမြစ်က ဆိုသည်။ “ ကျောင်းက အပြောင်းအလဲတွေကို အကောင်အထည်ဖော်ဖို့ငြင်းဆန်ရင် တရုတ်အစိုးရက ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျောင်းကို တိဘက်လားမားတစ်ဦးက တည်ထောင်ခဲ့သော်လည်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းအဖြစ် အသိ အမှတ်မပြုခဲ့ပေ။ ကျောင်းကို တရုတ်အစိုးရလက်အောက်တွင် လုပ်ငန်းမှတ်ပုံတင်ရပြီး အစိုးရကျောင်း တစ်ကျောင်းကဲ့သို့ပင် လုပ်ဆောင်ရသည်ဟု RFA က ဖော်ပြခဲ့သည်။

တိဘက်ဘာသာစကားဖြင့်သင်ကြားပေးနေသော တိဘက်ကိုယ်ပိုင်ကျောင်းများအား တရုတ်အာဏာပိုင်များက စတင်ကန့်သတ်လိုက်ပြီးနောက် ယခုကဲ့သို့ သတိပေးမှုများပေါ်ပေါက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောင်းသားများကို တရုတ်ဘာသာစကားဖြင့် သင်ကြားပေးသည့် အစိုးရကျောင်းများသို့ တက်ရောက်ရန် တရုတ်အစိုးရက တိုက်တွန်းခဲ့သည်။

မကြာသေးမီက အခြားလုပ်ဆောင်ချက်တစ်ခုအနေဖြင့် တရုတ်အစိုးရသည် ကလေးများနှင့် မိဘများ၏ ဝန် ထုပ်ဝန်ပိုးကို သက်သာစေရန်အတွက် ပုဂ္ဂလိကကျူရှင်သင်ကြားမှုကို တားမြစ်ခဲ့သည်။

သို့သော် ရှန်ဟိုင်းမြို့ရှိ ကျူရှင်လုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်းကို အင်္ဂလိပ်ဘာသာစကားနှင့် သင်ကြားပေး ခြင်းက တရုတ်အစိုးရ တားမြစ်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်နိုင်သည်ဟု RFA က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly