တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများပေါ် သြစတြေးလျလည်း ပျံသန်းမှုပြုလုပ်

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများပေါ် သြစတြေးလျလည်း ပျံသန်းမှုပြုလုပ်

ကင်ဘာရာ၊ ဒီဇင်ဘာ ၁၅ ။            ။ သြစတြေးလျစစ်တပ်သည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများပေါ်တွင် လွတ်လပ်သော မောင်းနှင်ပျံသန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဘီဘီစီက ဖော်ထုတ်လိုက်သည်။

နိုဝင်ဘာက အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်များ အဆိုပါဧရိယာပေါ်က ဖြတ်ပျံခဲ့ရာ တရုတ်ကို ဒေါသထွက်စေခဲ့သည်။ ယင်းကဲ့သို့ပျံသန်းမှုများမှာ ၎င်း၏အခွင့်အရေးဖြစ်ကြောင်း အခိုင်အမာပြောကြား လျက်ရှိသည်။ မကြာသေးမီက အရပ်ဘက်ပျံသန်းမှုတစ်ခုတွင် သြစတြေးလျစစ်တပ်လည်း အဆိုပါနေရာတွင် အလားတူပျံသန်းမှုများ ပြုလုပ်နေကြောင်း ပြသနေသည့် ရေဒီယိုဆက်သွယ်မှုများကို ဘီဘီစီအဖွဲ့တစ်ခုက ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။

ယင်းသို့ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်း သြစတြေးလျကာကွယ်ရေးဋ္ဌာနက ဘီဘီစီသို့ အတည်ပြုခဲ့သည်။ တရုတ်၏ ကျွန်းများတည်ဆောက်မှုကို စုံစမ်းစစ်ဆေးသည့်အတွက် ဘီဘီစီမှ ရူးပတ်ဝင်း ဖီးလ်ဟေးယက်ကို တရုတ်က သတိပေးခဲ့သည်။ "တရုတ်ရေတပ်၊ တရုတ်ရေတပ် ကျွန်တော်တို့ဟာ သြစတြေးလျလေယာဉ်တစ်စင်းဖြစ်ပြီး နိုင်ငံတကာအရပ်ဖက်ပျံသန်းမှုကွန်ဗင်ရှင်းနဲ့ ကုလသမဂ္ဂရဲ့ပင်လယ်ပြင်ဆိုင်ရာဥပဒေနဲ့အညီ လွတ်လပ်စွာပျံသန်းမောင်းနှင်မှုကို ပြုလုပ်နေပါတယ်"ဟု ဆိုသည့် သတင်းပို့မှုတစ်ခုကို ဖိလစ်ပိုင်၏ အရပ်ဖက်လေယာဉ်တစ်စင်းပေါ်မှ ရူးပတ်ဝင်းဖီးလ်ဟေးယက်က ကြားခဲ့သည်။

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးကြိုးပမ်းမှုအဖြစ် ပင်လယ်ရေကြောင်းလမ်းကင်းလှည့်မှုဟု ခေါ်ဆိုသည့်အရာကို ၎င်းထောက်လှမ်းရေးလေယာဉ် P-3 Orion တစ်စင်းက ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားနေရာ ဂျပန်နှင့် ထိုင်ဝမ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံအချို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly